မေးခွန်း အကြောင်းအရာ
နေပြည်တော်စည်ပင်သာယာကော်မတီမှ ပုဂ္ဂလိကသို့ မြေကွက်များနှင့် စီမံကိန်းမြေကွက်များ ဧကပေါင်းများစွာကို ရောင်းချထားသည့်အနက် အချို့စီမံကိန်းမြေများနှင့် လူနေထိုင်ရန် မြို့ကွက်မြေများသည် အကောင်အထည်ဖော်မှုမရှိဘဲ မြေကွက်လပ်များအဖြစ်သာရှိနေပါကြောင်း၊ နိုင်ငံတော်မှ အဆိုပါစီမံကိန်းများအတွက် အခြေခံ အဆောက်အအုံလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားသော်လည်း စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှုမရှိခြင်းကြောင့် ရသင့်သောအခွန်ဘဏ္ဍာများမရရှိခြင်းနှင့် မြေသိမ်းဆည်းခံ ဒေသခံပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးနေခြင်းများဖြစ်ပေါ်နေပါကြောင်း၊ နေပြည်တော်စည်ပင် သာယာ ရေးကော်မတီကိုယ်တိုင်ပင် စီမံကိန်းအကောင်အထည်မဖော်နိုင်သော မြေကွက်များလည်း ရှိနေပါကြောင်း၊
နေပြည်တော်မြို့သစ်စီမံကိန်းကြောင့် ဒေသခံပြည်သူတို့ နေထိုင်ရာ အချို့ကျေးရွာများ ပြောင်းရွှေ့ ခံရခြင်းနှင့် စိုက်ပျိုးမြေအမြောက်အမြားသိမ်းဆည်းခံရခြင်းများဖြစ်ပေါ်ခဲ့ပြီး ကျေးရွာရွှေ့ ပြောင်းခံ ရသူများကိုသာ အစားထိုးမြေကွက်များပြန်လည်ချထားပေးခဲ့ပါကြောင်း၊ ဒေသခံပြည်သူတို့၏ တိုးပွားလာသော လူဦးရေ၊ မြေသိမ်းဆည်းခံရခြင်းကြောင့် ကျေးရွာမြေတိုးချဲ့ရန်ခက်ခဲခြင်း၊ မြေတန်ဖိုးများကြီးမြှင့်ခြင်း၊ လူကြီးလူရွယ်များနှင့် ကျောင်းသားလူငယ်များ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်ရန်နှင့် ပျော်ပွဲရွှင်ပွဲနှင့်အခမ်းအနားများဆောင်ရွက်နိုင်ရန် ဘောလုံး ကွင်းနှင့် အများပိုင် မြေနေရာများမရှိခြင်း စသည်တို့ကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် လူနေမှုဘဝ များမြှင့်တင်ပေးနိုင်ရန်အတွက် ဘောလုံးကွင်းနှင့် အများပိုင်မြေနေရာများ ပါဝင်သော ရပ်ကွက်အသစ်များဖော်ထုတ်၍ နေရာချထားပေးရန်လိုအပ်နေပါကြောင်း၊ စားကျက်မြေများမရှိခြင်းကြောင့် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများလည်း ထိခိုက်နေလျက်ရှိ သည့်အပြင် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ တစ်ဧကလျှင် တစ်သိန်း၊ နှစ်သိန်း၊ နှစ်သိန်းခွဲ၊ သုံးသိန်းခွဲနှုန်းဖြင့် ထောက်ပံ့ကြေးရခဲ့ကြသော ဒေသခံ တောင်သူများအနေဖြင့် နိုင်ငံတော်မှ တစ်စုံတစ်ရာထပ်မံထောက်ပံ့ပေးရန် မျှော်လင့်နေခဲ့ကြပါကြောင်း၊
သို့ဖြစ်ပါ၍ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီကိုယ်တိုင် စီမံကိန်းအကောင် အထည်မဖော်နိုင်သည့် မြေကွက်များနှင့် အကောင်အထည်ဖော်နိုင်တည်ဆောက်လုပ်ကိုင်နေထိုင် ခြင်းမရှိသော မြို့မြေကွက်များ၊ စီမံကိန်းမြေကွက်များအား ပြန်လည်စိစစ်၍ စီမံကိန်း အကောင် အထည် မဖော်နိုင်သောမြေများအား ပြန်လည်သိမ်းဆည်းကာ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးအတွက် ခိုင်မာ တိကျသော မူဝါဒရေးဆွဲအကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိ။ (ခ) ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် လူနေမှုဘဝများမြှင့်တင်ပေးနိုင်ရန်အတွက် ကျေးရွာအသစ်များနှင့် ရပ်ကွက် အသစ်များဖော်ထုတ်၍ နေရာချထားပေးရန်အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပထမပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီ လုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ လူနေမြေကွက်များ၊ ဟိုတယ်ဇုန်မြေကွက်များ၊ ကျောက်မျက် ရတနာအချောထည်ဈေးမြေကွက်များ၊ အသေးစားနှင့် အလတ်စားစက်မှုဇုန်မြေကွက်များ၊ အဆင့်မြှင့်မြေကွက်များ စသည်ဖြင့် ဖော်ထုတ်အသုံးပြုခွင့်ပြုပြီး ငွေပေးသွင်းစေကာ မြေကွက်များချထားပေးခဲ့ပါကြောင်း၊
ဖော်ထုတ်ခြင်းမရှိသေးသည့် မြေကွက်များကိုလည်း အနာဂတ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရန်မြေများအဖြစ်သတ်မှတ်ထားရှိပြီး ဝန်ထမ်းအိမ်ရာများ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တို့အတွက် ဌာနဆိုင်ရာများ၊ မြေနေရာလိုအပ်ချက်များတောင်းခံလာပါက စိစစ်ချထားပေးခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းအိမ်ရာ ၄၃ လုံး ၁၆ ဘီလီယံခန့်အသုံးပြု ဆောက်လုပ်မည်ဖြစ်ပါကြောင်း၊
နိုင်ငံ့အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ရာများကိုလည်း ဆက်လက်ဆောင်ရွက်ရန် အကောင်အထည်ဖော်နေသည့် အစီအစဉ်များရှိပါကြောင်း၊ နိုင်ငံ့အိမ်ရာအငှားအိမ်ရာ နိုင်ငံ့ ဝန်ထမ်းအငှားအိမ်ရာများလည်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ များအတွက် နှစ်စဉ် ကျပ်ငွေ ၁၅ ဘီလီယံခန့်သုံးစွဲပြီး စဉ်ဆက် မပြတ်ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့် မြေနေရာများကိုလည်း စည်ပင်သာယာရေးကော်မတီ၏ အရန်မြေကပင် ချထားပေးနေခြင်းဖြစ်ပါကြောင်း၊
နေပြည်တော်ကို စည်ပင်သာယာရေးကော်မတီအနေဖြင့် နေပြည်တော်အပါ အားလုံးခံစားနိုင်မည့် မြို့တော်အဖြစ် ပြည်သူ၊ အစိုးရ၊ ပုဂ္ဂလိကများပါဝင်ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းပါဝင် အကောင်အထည်ဖော်နိုင်ရန်အတွက် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ ရေးဆွဲရေးဦးစီးကော်မတီ၊ မြို့ပြ စီမံကိန်းရေးဆွဲရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ၂၀၄၀ ခုနှစ်အထိ ရည်မှန်းကာ အောက်ပါအချက်များကိုအခြေခံပြီး ရေးဆွဲလျက်ရှိပါကြောင်း၊
(က) သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေပြီး မြို့တော်အဖြစ်ဖော်ထုတ်ရန် (Environmentally Sustainable City)၊ စိမ်းလန်းစိုပြေ၍ မြို့ပြ အင်္ဂါရပ်များပြည့်စုံစွာ စနစ်တကျဖြည့်ဆည်းပေးသော နေချင်စဖွယ်မြို့ပြကြီးအဖြစ်ဖော်ထုတ်ရန် (Green and Livable City)၊ အဆင့်မြှင့်ပညာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူး သင်ကြားနိုင်သည့်အခွင့်အလမ်းများ၊ နိုင်ငံတကာအဆင့်မီပညာရေးအဆောက်အဦများ တည်ရှိရာ ဗဟိုချက်အဖြစ် ဖြည့်ဆည်းဖော်ထုတ်ရန် (Centre of Knowledge Hub)၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးသည်ပို့ဆောင်ရေးသာမက ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများပါ တိုးချဲ့လုပ်ကိုင်စေပြီး နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့်ချိတ်ဆက်ပေးနိုင်သည့် ဗဟိုလေကြောင်းသယ်ယူမှုဆိုင်ရာ မြို့တော်အဖြစ် ဖော်ထုတ်ရန် (International Aviation Transit, Cargo and Logistics Hub)၊ ရာသီ ဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်အားဖြည့်ဆည်းထားသည့် မြို့တော်အဖြစ်ဖော်ထုတ်ရန် (Climate Change Resilient City)များ စသည့် အခြေခံမူတွေအပေါ်တွင် မူတည်ပြီး နေပြည်တော်ကို တည်ဆောက်ရန် စီမံကိန်းများရေးဆွဲဆောင်ရွက်နေပါကြောင်း၊
ဒုတိယအချက်ဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ လူနေမှုဘဝ မြှင့်တင်နိုင်ရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ စီမံကိန်းများ သည်လည်း ရပ်ကွက်သစ်များဖြစ်ကာ ပါဝင်သင့်ပါဝင်ထိုက်သည့်အချက်များ ပါဝင်လာမည်ဖြစ် ပါကြောင်း၊ ပြည်သူလူထုတင်ပြချက်များကို အရေးယူဆောင်ရွက်လျက်ရှိရာ ဥတ္တရသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျဉ်ထောင့်ကန်ရပ်ကွက်ခြောက်ခု၊ တပ်ကုန်းမြို့နယ် အနော်ရထာ ရပ်ကွက်နှင့် ဘုရင်နောင်တိုးချဲ့ရပ်ကွက်များ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ဥယျာဉ်စု ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ရွာကောက်ရပ်ကွက်၊ လယ်ဝေးမြို့နယ်တွင် အမှတ်(၆) ရပ် ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက် စသည်ဖြင့် ရပ်ကွက်များ လည်း တိုးချဲ့ဖွဲ့စည်းထားပြီး မြို့ပြဖွံ့ဖြိုးမှုနှင့်အညီ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိကျေးရွာများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ ကျန်းမာရေးနှင့် ပညာရေး၊ လူနေမှုဘဝမြှင့်တင်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေသည့်အပြင် ပြည်သူ လူထုအတွက် လိုအပ်သည့်အိမ်ရာ၊ လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ သဖြင့် ယခုအခြေ အနေအရ ကျေးရွာသစ်၊ ရပ်ကွက်သစ်များဖော်ထုတ်ချထားပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးသန့်ဇင်ထွန်း(ဒက္ခိဏသီရိ) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နေပြည်တော်တွင် စီမံကိန်းမြေများ၊ ပုဂ္ဂလိကကိုချထားပေးခြင်းနှင့်ပတ်သက်၍ မြေပြင် အခြေ အနေတွင် မြေတန်ဖိုးပေးသွင်းပြီး မြေကွက်လပ် သို့မဟုတ် ခြံစည်းရိုးကာရံထားခြင်းဖြင့် ကာလကန့်သတ်ချက်မရှိဘဲ ဒေသခံများအနေဖြင့် မြေအသိမ်းခံရပြီး နှစ် ၄၀ အထိစောင့်ကာ မည်သည့်အလုပ်အကိုင် အခွင့်အလမ်းတိုးပွားမှုများကို ဖန်တီးပေးမှုမရှိပါက ဒေသခံများ၏ လူမှုဘဝများသည် ပိုမိုဒုက္ခဆင်းရဲကို ကြုံတွေ့လာရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးနိုင်ရန်အတွက် စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် နေပြည်တော်ကောင်စီအနေမည် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ဦးအောင်မြင့်ထွန်း (အဖွဲ့ဝင်)
နေပြည်တော်ကောင်စီတွင် မြေယာများသိမ်းဆည်းခြင်းနှင့် ပတ်သက်ပြီး နေပြည်တော် စည်ပင် သာယာရေးကော်မတီတစ်ခုတည်းမှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဝန်ကြီးဌာနပေါင်းစုံက စီမံကိန်း ဌာနများ သိမ်းဆည်ထားမှုများလည်းရှိပါကြောင်း၊ မိမိ ယခုတင်ပြချက်များသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီကသိမ်းဆည်းထားသည့် မြေများနှင့်ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်မည့် အခွင့်အလမ်းနှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ၂၀၄၀ ခုနှစ်အထိအောင် စီမံကိန်း ရေးဆွဲဆောင်ရွက်နေသည့်ဆိုသည့်အကြောင်းကိုသာ တင်ပြခြင်းဖြစ်ပါကြောင်း၊ တစ်ခြားဌာနများက သိမ်းဆည်းထားသည့် မြေနေရာနှင့် ပတ်သက်၍ တစ်ခြားဌာနများနှင့် ဆွေးနွေးပြီးမှသာလျှင် မိမိတို့က ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
မြေသိမ်းထားသည့်ကိစ္စရပ်များသည် ၂၀၀၃ ခုနှစ်ကစတင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေအရ သိမ်းဆည်းထားခြင်းထားခြင်းများရှိသကဲ့သို့ Land acquisition အရ သိမ်းဆည်းထားခြင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွေအရ သိမ်းဆည်းထားခြင်းများလည်း ရှိပါကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့များက သင့်တင့်မျှတသည့် လျော်ကြေးများ၊ မြေကွက်များ ချထားပေးခြင်း စသည့် အခြေအနေများရှိပါကြောင်း၊ သို့သော် လည်း ဒုတိယသမ္မတ(၂)ဦးဆောင်သည့်အဖွဲ့ကို ဆက်လက်တင်ပြဆောင်ရွက်ရမည့် ကိစ္စများလည်း ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
