မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဇီးဖြူကုန်းကျေးရွာနေ မိသားစု ၆၆ ဦးထံက ကျေးရွာမြေ ၃၅.၅၃ ဧကကို သံတွဲမြို့ ခ.လ.ရ (၅၅) အတွက် အသုံးပြုရန် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်းက သိမ်းယူခဲ့ပါ ကြောင်း၊ မြေတစ်ဧကအတွက် လျော်ကြေးတစ်သိန်းပေးခြင်းအပေါ် မကျေနပ်ကြသောကြောင့် ၎င်း မြေကိစ္စကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်းတွင်လည်း စုံစမ်းစစ်ဆေးမှုများ၊ အစီရင်ခံစာတင်သွင်းမှုများ ရှိခဲ့ပါကြောင်း၊ မိမိကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦး အနေဖြင့် ထိုဒေသကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ သို့သော် အဖြေမထွက်ဘဲ နစ်နာသူများက ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများကို အစဉ်အမြဲ တင်ပြပြောဆိုနေကြခြင်းများ ရှိပါကြောင်း၊
၂၃-၅-၂၀၁၆ ရက်နေ့တွင် ဇီးဖြူကုန်းကျေးရွာက မြေသိမ်းခံရသည့် ဦးကျော်မြင့်အပါအဝင် ၁၄ ဦးက ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီထံသို့ တိုင်စာ တစ်ဆောင်ပေးပို့ခဲ့ပါကြောင်း၊ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း ပြည် ထောင်စု လွှတ်တော်ကော်မရှင်၏ အစီရင်ခံစာအပိုင်း (၄) တွင် ဖော်ပြထားသည်မှာ သံတွဲမြို့နယ်ရှိ အခင်းဖြစ်ပွားသည့်မြေ ၃၅.၅၃ ဧကကို ခ.လ.ရ (၅၅) တပ်မြေအဖြစ် အကြောင်းပြ သိမ်းဆည်းခဲ့ သော်လည်း စုံစမ်းစစ်ဆေးသည့် အချိန်တွင် ဟိုတယ်လုပ်ငန်းရှင်များကို လွှဲပြောင်းထားခြင်း၊ ရည်ရွယ်ချက်အတိုင်း အသုံးမပြုဘဲ ဟိုတယ်များ ဆောက်လုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ပိုင်ရှင်များကို ပြန်လည်ပေးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် ခေတ်ကာလနှင့် လျော်ညီသည့် လျော်ကြေး၊ နစ်နာကြေးများကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းစီစဉ်ပေးသင့်သည်ဟု အကြံပြုခဲ့ပါကြောင်း၊ ယနေ့ ဖော်ပြပါမြေ ၃၅.၅၃ ဧကပေါ်တွင် ဆောက်လုပ်ထားသည့် ဟိုတယ်ကြီးနှစ်လုံး၊ ၎င်းဟိုတယ်ကြီးများကို တပ်မတော်တပ်ထောက်ဌာနှင့် ဟိုတယ်လုပ်ငန်းရှင်များ ငှားရမ်းပြုလုပ်ပြီး ဆောက်လုပ်ထားသည့် ဟိုတယ်ကြီးများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံမြေပိုင်ရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရန် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ အစီအစဉ် များချမှတ်ပြီး ကူညီပေးနိုင်မည်နည်းနှင့် ထိုက်သင့်သည့် လျာ်ကြေးများကို မည်ကဲ့သို့ ကူညီ ဖြေရှင်းပေးမည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ ကွင်းအမှတ်(၂၀၁၊ ၂၀၂) ကွမ်းခြံကွင်းရှိ မြေ ၃၅.၅၃ ဧကဖြစ်ပြီး တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ၉.၈.၂၀၀၀ ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၄/ဦး ၁ ဖြင့် မြေဧရိယာ ၃၀.၆၅ ဧကအား လည်းကောင်း၊ ၉.၈.၂၀၀၀ ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၅/ဦး ၁ ဖြင့် မြေဧရိယာ ၄.၈၈ ဧကအားလည်းကောင်း မြေပေးအမိန့်များ အသီးသီးရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ မြေသိမ်းဆည်းခဲ့စဉ်က ဦးပိုင်ပေါက် တောင်သူများအတွက် မြေလျော်ကြေးငွေများနှင့် ကွင်းအမှတ် (၂၀၁) ရှိမြေ ၈.၄၅ ဧက မှာ ၆၀ x ၄၀ ပေ အိမ်ခြံမြေကွက်များအား အစားထိုးချမှတ်ပေးခဲ့သော်လည်း တောင်သူ ၃၇ ဦးတို့မှ လျော်ကြေးငွေနှင့် နေအိမ်ခြံမြေကွက်များကို ထုတ်ယူခဲ့ပြီး ကျန်တောင်သူ ၂၉ ဦးတို့အနေဖြင့် ထုတ်ယူခြင်းမရှိသဖြင့် အဆိုပါလျော်ကြေးငွေများအား မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါမြေ ၃၅.၅၃ ဧကအား ၈.၈.၂၀၀၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကုန်သွယ်မှု မူဝါဒကောင်စီ၏ (၂၅/၂၇) ကြိမ်မြောက်အစည်းအဝေးမှ အောက်ဖော်ပြပါ ကုမ္ပဏီများသို့ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာ ငှားရမ်းခွင့်ပြုပေးခဲ့ပြီး ငှားရမ်းခရရှိငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၀၇ ခုနှစ်မှစတင်၍ ပေးသွင်းလျက်ရှိပါကြောင်း၊ မင်းဇာနည်ကုမ္ပဏီနှင့် မြေ ၆.၆၁ ဧက၊ ဧဒင်အုပ်စုကုမ္ပဏီ မြေ ၆.၆၁ ဧက၊ ဖော်ကျွန်းကုမ္ပဏီ မြေ ၅.၆၅ ဧက၊ မိုင်နာမြန်မာကုမ္ပဏီ မြေ ၁၁.၃၀ ဧက၊ အမေးဇင်းကုမ္ပဏီ မေ ၄.၄၃ ဧက၊ ကုမ္ပဏီကြားရှိလမ်းမြေ ဝ.၅၅ ဧက၊ အများပြည်သူ အသုံးပြုရန်ချန်ထားမြေ ဝ.၃၈ ဧက၊ မြေစုစုပေါင်း ၃၅.၅၃ ဧကဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းပါမြေ ၃၅.၅၃ ဧကအား သိမ်းဆည်းခဲ့ရာတွင် ဦးပိုင်ပေါက်တောင်သူများ အတွက် လျော်ကြေးငွေများနှင့် အစားထိုးမြေကွက်များ ပြန်လည် ပေးအပ်ခဲ့ သော်လည်း တောင်သူ ၃၇ ဦးသာ ထုတ်ယူခဲ့ပြီး ကျန်တောင်သူ ၂၉ ဦးသည် လာရောက် ထုတ်ယူ ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည်ပေးသွင်းခဲ့သည်မှာ ၁၀ နှစ်ခန့်ကြာမြင့်ပြီ ဖြစ်ခြင်းကြောင့် လျော်ကြေးငွေများကို ထပ်မံလျော်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးဘရှိန် (ကျောက်ဖြူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လျော်ကြေးငွေပေးရန် အစီအစဉ်မရှိဟု ဖြေကြားရုံဖြင့် လုံလောက်ခြင်းမရှိပါကြောင်း၊ ထိုအချိန်တွင် ပေးခဲ့သည့်လျော်ကြေး တစ်သိန်းကို ကျေနပ်ခြင်း မရှိ၍ တစ်ချို့က ထုတ်ယူခြင်းမရှိပါကြောင်း၊ ယခင် ကာကွယ်ရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည့် အဖြေတွင် ငှားရမ်းအနေဖြင့် တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀၊ မြန်မာငွေတစ်နှစ် သိန်း ၅၀ ရရှိပါကြောင်း၊ ထို့ကြောင့် ဒေသခံများက ခေတ်ကာလနှင့်လျော်ညီသည့် လျော်ကြေးများ လိုချင်ကြသည့်အတွက် ၎င်းကိစ္စကို ညှိနှိုင်းပေး/ မပေးဆိုသည့် မေးခွန်းကိုမေးမြန်ခြင်းဖြစ်ပါကြောင်းနှင့် ငှားရမ်းခအတွက် နိုင်ငံတော်ကို ပေးသည်ဆို သည်မှာ နှစ်စဉ်မည်မျှရရှိ၍ နိုင်ငံတော်ကို မည်မျှပေးသွင်းသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
လျော်ကြေးငွေနှင့် ပတ်သက်ပြီး ၂၀၀၇ ခုနှစ်ကာလတွင် ဖြစ်ပေါ်လာသည့် ကာလအခြေအနေ အလျောက် လျော်ကြေးငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်းစားဆုံးဖြတ်ပြီး ပေးရခြင်းဖြစ် ပါကြောင်း၊ လျော်ကြေးငွေလက်ခံသူရှိသကဲ့သို့ လက်မခံသူများရှိသည့်အတွက်ကြောင့်လည်း မိမိတို့အနေဖြင့် ၎င်းငွေများကို လက်ခံသည့်သူများကို မြေနှင့်ငွေပေးပြီး လက်မခံသည့်သူများကိုကျ နိုင်ငံတော်ဘဏ္ဍာအဖြစ် နိုင်ငံတော်ကိုလည်း ပြန်လည်ပေးသွင်းပြီးသည်မှာ ၁၀ နှစ်ခန့်ကြာပြီဖြစ်သည့် အတွက်ကြောင့် ကာလလျော်ကြေးများနှင့် ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်ပါကြောင်း၊ မြေငှားရမ်းခ များကို စနစ်တကျဖြင့် ကာကွယ်ရေးဌာန၏ ကုန်သွယ်မှုမူဝါဒကောင်စီတွင် တင်ပြငှားရမ်းပြီး နိုင်ငံတော်ဘဏ္ဍာကို နှစ်စဉ်ပေးသွင်းလျက်ရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီးတော့လည်း နိုင်ငံတော် ဘဏ္ဍာကို ပေးသွင်းခြင်းနှင့်ပတ်သက်၍လည်း နိုင်ငံတော်တွင် နှစ်စဉ် တပ်မတော်သည် ဘဏ္ဍာငွေနှင့် ပတ်သက်ပြီး မြေငှားရမ်းခရသည့် ငွေများအားလုံးကို နိုင်ငံတော်ဘဏ္ဍာကို ပေးသွင်းခြင်းဖြစ် ပါကြောင်း၊ အသုံးပြု၍ရသည့် ဘတ်ဂျက်ကို နိုင်ငံတော်က ခွင့်ပြုသည့်အတိုင်း ပြန်လည်သုံးစွဲခြင်းရှိ ပါကြောင်း၊ မိမိတို့မှ နိုင်ငံတော်အဆင့်ကို တင်ပြပြီးဖြစ်သည့် အတွက်ကြောင့် ၂၀၀၇ ခုနှစ်မှစပြီး စနစ်တကျ ငှားရမ်းခငွေများကို တပ်မတော်ကနေပြီး အရငွေစာရင်းနှင့်အတူ နိုင်ငံတော်ကို နှစ်စဉ်တင်ပြလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
