(ဂ)-သံဖြူဇရပ်မြို့နယ်ရှိ ဝါခရူ မြို့ဟောင်းကို မူလ အကျယ်(၆၅)ဧကအတိုင်း ယဉ်ကျေးမှုဝန်ကြီးဌာန သို့မဟုတ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ၏ ထိန်းသိမ်း စောင့်ရှောက်ခံအဖြစ် ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၇.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u nyan hein၂၈-၁၂-၂၀၁၄ ရက်နေ့တွင် သံဖြူဇရပ်မြို့ အ.ထ.က(၂) ကျောင်းခန်းမကြီး၌ ဝါခရူမြို့တော်ဟောင်းနှင်‌့ ပတ်သက်ပြီး စာတမ်းဖတ်ပွဲတစ်ခုကျင်းပခဲ့ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်၏ သမိုင်းဌာနအပါအဝင် ဌာနပေါင်းလေးခုမှ ပါမောက္ခပညာရှင်များက စာတမ်းရှစ်စောင်တင်သွင်းခဲ့ပါကြောင်း၊ စာတမ်းများ အရ ဝါခရူမြို့တော်ဟောင်းသည် သံဖြူဇရပ်မြို့အနီး၂ မိုင်အကွာ မြောက်လတ္တီကျူ့ ၁၅ ဒီဂရီ ၅၉ မိနစ်၊ အရှေ့လောင်တ္တီကျူ့ ၉၇ ဒီဂရီ ၄၂ မိနစ်တွင် မြို့ရိုးကျုံးအင်္ဂါအရှိန်အဝါဖြင့် တည်ရှိပြီး ကျိုက္ခမီ ကဇက်ကြီးများ၏ မှတ်တမ်းအရ မာဂဒူးမင်းက အေဒီ ၅ ရာစုတွင် တည်ဆောက်ခဲ့ပြီး မုတ္တမ ၃၂ မြို့ စစ်တမ်းအရ ခရစ်နှစ် ၁၂၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ အနှစ် ၈၀၀ ခန့် ကွာဟသော်လည်း ကျောက်ဆောင်ဝန်သော်စိန်ခူ၏ ရာမညဒေသခရီးစဉ်မှတ်တမ်း၊ ဗဒုံမင်းဘိုးတော်ဘုရား လက်ထက် စစ်တမ်းများအရ ရှေ့ဟောင်းမွန်မြို့တော်တစ်ခုဆိုသည်ကို အငြင်းပွားဖွယ်မရှိပါကြောင်း၊ မှန်ဂူခွက် ပုံရှေးဟောင်းမြို့တော်ကြီးကို မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ခြောက်ခုသာရှိပြီး ဝါခရူမြို့ဟောင်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မူရင်း အကျယ် ၆၅ ဧကရှိပြီး ယခုအခါ စားကျက်မြေအဖြစ်ရှိနေပါကြောင်း၊ သို့သော် ဝိသမလောဘသမားများက မြို့ရိုးပေါ်အထိ ကျုးကျော်ပြီး ရော်ဘာခြံများစိုက်လာခြင်း၊ သစ်တောဦးစီးက မြို့ဟောင်းမြေအတွင်း ယူကလစ်စိုက်ခင်းများကို စိုက်လာခြင်းတို့ကို တွေ့ရပါကြောင်း၊ ထို့အပြင် ပထမအကြိမ် လွှတ်တော်ပြည်နယ်အစိုးရက ၂ ဧကကို ပြတိုက် ပြုလုပ်ပြီး ကျန်သည်ကို အရောင်းခန်း၊ ပြခန်း၊ ဆိုင်ခန်းစသည်တို့ပြုလုပ်မည်ဟု ကြားသိရပါကြောင်း၊ မိမိတို့ ကျန်မြေကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မည်ဟု ကြားသိရသည့်အတွက် ဒေသခံများနှင့် မွန်တိုင်းရင်းသားများအနေဖြင့် မြို့တော်ဟောင်းကြီးတဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားမည်ကို အလွန် စိုးရိမ်ကြောင်‌့ကြလျက်ရှိပါကြောင်း၊ ရှေးဟောင်းမြို့သည် မိမိတို့မည်သည့်ဟိုတယ်၊ စက်ရုံ၊ ဈေးဆိုင်များကိုမျှ မမြင်လိုပါကြောင်း၊ ရှေးဟောင်း ဗိသုကာယဉ်ကျေးမှုအမွေအနှစ်အဖြစ်သာလျှင် အမြတ်တနိုးတန်ဖိုးထားပြီး အဓွန့်ရှည်စေရန် စောင့်ရှောက် လို ပါ ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ယခုနှစ် မွန်အမျိုးသားနေ့အကြို ညစာစားပွဲအခမ်းအနားတွင် လူတစ်ဦးချင်းအတွက်သာမက အမျိုးသားတစ်ရပ်လုံးအတွက်ပါ An munity ဟူသည် လိုအပ်သည်ဟု ပြောကြားခဲ့ ပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အမွေအနှစ် တစ်ခုဖြစ်သော ဝါခရူမြို့ဟောင်းကို ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထိန်းသိမ်းစောင့်ရှောက်ခံအဖြစ် ထားရှိလိုပါကြောင်း၊ မိမိတို့ မြို့ဟောင်း၏အဝင်ဝသည် ဂဝံအုတ်ကြီးများ ၃ ပေ၊ ၂ ပေခန့် ကြီးမားပါကြောင်း၊ မြို့ရိုး ၆၅ အိမ်က ထုထည်ကြီးကြီးမားမားနှင့် တည်ဆောက်ရန်အတွက်ဆိုသည်မှာ တစ်ခေတ်တစ်ခါက အလွန်လူနေစည်ကားပြီး ဗိသုကာလက်ရာလည်း အလွန်မြောက်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြို့ရိုးအမြင်‌့ဆုံးနေရာသည် ပေ ၄၀ ခန့်ထိ မြင့်ပါကြောင်း၊ တစ်ချို့နေရာတွင် မြို့ရိုးပေါ်ထိ ကျူးကျော်၍ စိုက်ပျိုးထားသော ရော်ဘာခြံရှိပါကြောင်း၊ မိမိတို့အစိုးရသစ်တောဌာနက ကျူးကျော်စိုက်ထားသော ယူကလစ်စိုက်ခင်းလည်းရှိပါကြောင်း၊ ကျုံးကိုလေ့လာကြည့်ပါက ကျိုက္ခမီပင်လယ်နှင့်ဆက်နေသည့်အတွက် ရှေးခေတ်၏ စီးပွားရေးအမြင်လည်း အလွန်မြင့်မားပါကြောင်း၊ မွန်တိုင်းရင်းသားတို့အတွက် ထိန်းသိမ်းစောင်‌့ရှောက်သင်‌့သည်‌့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ကိုးဌာနတစ်ခုအပါအဝင်ဖြစ်သော ဝါခရူမြို့ဟောင်းကို မူလအကျယ် ၆၅ ဧကအတိုင်း အဓွန့်ရှည်ရန်အလို့ငှာ ပြည်ထောင်စုအဆင့် ထိန်းသိမ်းစောင်‌့ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

thura u aung koဝါခရူမြို့ဟောင်းသည် သံဖြူဇရပ်မြို့၏ အနောက်မြောက်ဘက် ၂ မိုင်ကျော်ခန့်အကွာ ဝါခရူကျေးရွာအနီးတွင် တည်ရှိပါကြောင်း၊ မြေစာရင်းဌာန၏ စာရင်းအရ မြို့ဟောင်း၏ ဧရိယာသည် ၆၁.၁၀ ဧကခန့် ကျယ်ဝန်းပါကြောင်း၊ ထင်ရှားသော သမိုင်းမှတ်တမ်းများအရ ဝါခရူမြို့သည် ဂဒူးမင်းက အေဒီ ၅ ရာစုတွင် တည်ထောင်ခဲ့သည်ဟု ကျိုက္ခမီဂေဆက်တီးယားစာအုပ်တွင် ဖော်ပြပါရှိပါကြောင်း၊ အချို့မှတ်တမ်းများ၌ ၁၃ ရာစုတွင် ဝါခရူမြို့ တည်ရှိပြီးဖြစ်ကြောင်း ဖော်ပြထားပါကြောင်း၊ ၎င်းအပြင် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် မြို့ရွာစစ်တမ်းကောက်ယူရာတွင် မုတ္တမမြို့၏ မြို့ရုံ ၃၂ မြို့တွင် ဝါခရူမြို့ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ဝါခရူမြို့ဟောင်းသည် ဆနွန်းမကင်းပုံသဏ္ဍာန်ရှိပြီး မြေမြို့ရိုးတစ်ထပ်၊ ကျုံးတစ်ထပ်ကာရံထားရှိပါကြောင်း၊ မြေမြို့ရိုးအမြင့်ဆုံးနေရာသည် ပေ ၂၀ ခန့်ထိရှိနိုင်ပြီး အချို့နေရာများတွင် ၁၀ ပေခန့်အထိ ထင်ရှားစွာတွေ့ရှိနိုင်ပါကြောင်း၊ မြေမြို့ရိုး၏အပြင်ဘက်တွင် ကျုံးရှိပြီးှ ရေဝင်ရောက်ခြင်းမရှိတော့ပါကြောင်း၊ ပျမ်းမျှကျုံး၏အနက်မှာ ၁၀ ပေမှ ၁၅ ပေခန့်အထိရှိပြီး ကျုံးအကျယ်မှာ ပေ ၄၀ ခန့်အထိရှိကြောင်း မြေပြင်လေ့လာတွေ့ရှိရပါကြောင်း၊ မြို့ရိုးအတွင်း ပြန်လည်ပြုပြင်ထားသော နန်းဦးစေတီ၊ ဝါခရူကျေးရွာက တည်ဆောက်ထားသည့် ခေတ်သစ်လက်ရာ အုတ်တိုက်ဇရပ်တစ်ဆောင်၊ ဗောဓိညောင်ပင်တစ်ပင် ကျေးရွာဘောလုံးကွင်းတစ်ကွင်း၊ ကျေးရွာထင်းစိုက်ခင်းနှစ်ဧကခန့်၊ သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာနက စိုက်ပျိုးထားသော ယူကလစ် စိုက်ခင်းတစ်ဧကခန့်၊ ရှေးဟောင်းသုတေသနဌာနက ၂၀၀၀-၀၁ ဘဏ္ဍာရေးနှစ်တွင် တူးဖော်သုတေသန ပြုထားသော တူးဖော်မှုကုန်းတစ်ကုန်းနှင်‌့ တောင်ဘက်အကျဆုံးမြို့ရိုးအနီးရှိ ဘုန်းကြီးကျောင်းပိုင် သုံးဧကခန့် ကျယ်ဝန်းသော ရော်ဘာခြံတစ်ခြံကို တွေ့ရှိရပါကြောင်း၊ ယခုအခါ ၎င်းကျုံးအတွင်း အထက်ပါအဆောက်အအုံများ၊ သစ်တောစိုက်ခင်းများ၊ ထုတ်နုတ်မည်ဆိုပါက လက်ကျန်ဧရိယာ ဧက ၄၀ ခန့်သာ ကျန်ရှိနိုင်သည်ကို ခန့်မှန်းတွေ့ရှိရပါကြောင်း၊ မြို့ဟောင်း၏ ကျုံးနေရာများအားလုံးတွင် ရော်ဘာခြံများစိုက်ပျိုးထားရှိပြီး ယခုအခါ ၎င်းရော်ဘာခြံများသည် သက်တမ်းအရွယ်ရောက်နေသည့် ကာလဖြစ်ပါကြောင်း၊ မြို့ရိုးတစ်လျှောက်တွင် ဘုန်းကြီးကျောင်းများ၊ စေတီများတည်ဆောက်ထားသော နေရာမှလွဲ၍ မြို့ရိုး အားလုံးပေါ်တွင် နှစ်ရှည်ရော်ဘာပင်များအပြည့် စိုက်ပျိုးထားရသည်ကို တွေ့ရှိရပါကြောင်း၊ ဝါခရူမြို့ဟောင်းရဲ့မြို့ရိုးသည် မြေမြို့ရိုးများသာဖြစ်ပြီး ထင်ရှားသော မြို့ဝင်ပေါက်နေရာများက ယနေ့အထိ မတွေ့ရှိသေးပါကြောင်း၊ သုတေသနပြုချက်များအရ ရှေးဟောင်းစေတီပုထိုး၊ အဆောက်အအုံ၊ အုတ်ကုန်းအုတ်ပျက်များ မတွေ့ရှိရပါကြောင်း၊ ရှေးဟောင်းသုတေသနဦးစီးဌာနက ၂၀၀၀-၀၁ ဘဏ္ဍာရေးနှစ်တွင် နန်းဦးဘုရားအနီး ရှေးဟောင်းကုန်းတစ်ကုန်းကို သုတေသနပြုတူးဖော်ခဲ့ရာတွင်လည်း ထူးခြားသော မြေအောက်ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ မတွေ့ရှိသေးပါကြောင်း၊ ဝါခရူမြို့ဟောင်း၏ ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်များမှာ မြေရိုးနှင့်ကျုံးနေရာများသာဖြစ်ပါကြောင်း၊ မြေရိုးပေါ်တွင်လည်း ရော်ဘာခြံများသာမက အရှေ့ဘက်မြို့ရိုးပေါ်တွင် ရန်စောင်‌့ကျောင်း အမည်ရှိ ဘုန်းကြီးကျောင်းငယ်တစ်ကျောင်း၊ အနောက်ဘက်မြို့ရိုးပေါ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ မြောက်ဘက်မြို့ရိုးပေါ်တွင် ဦးစိုးစေတီနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ တောင်ဘက်မြို့ရိုးအနီးတွင် ရာမညနိကာရာ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင်‌့ မြို့ရိုးပေါ်တွင် ကျိုက်မွဲခဏ စေတီရှိပြီး ၎င်းစေတီတော်များနှင့်ဘုန်ကြီးကျောင်းများသည် ခေတ်သစ်လက်ရာ အဆောက်အအုံ နှင့် စေတီပုထိုးများသာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ ဝါခရူမြို့ဟောင်းသည် ပြည်ထောင်စုအဆင်‌့က အမိန့်ကြော်ငြာစာပြဋ္ဌာန်းပြီး ဇုန်အဖြစ်သတ်မှတ်မည်ဆိုပါက လက်ရှိပြဋ္ဌာန်းထားသော ၁၉၉၈ ခုနှစ် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ဝါခရူကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာသူရွာသားများကို ဦးစွာချပြဆွေးနွေးပြီး ဇုန်ဥပဒေစည်းကမ်းချက်များကို သိရှိလိုက်နာနိုင်မှသာ တစ်နည်းအားဖြင်‌့ မိမိတို့ ဒေသခံပြည်သူလူထုက သဘောတူမှသာ ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းရန် ဦးစွာမြေယာအသုံးချမှုအတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့တွင် ဝါခရူမြို့ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့က မြို့ဟောင်းထိန်းသိမ်းရေးနှင့် ဝါခရူပြတိုက်တည်ဆောက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ဝါခရူပြတိုက်တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရနှင့် ဒေသခံအဖွဲ့တို့၏ ဆောင်ရွက်ချက်များအပေါ် လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်ု အသင့်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဝါခရူမြို့ဟောင်းကို ပြည်ထောင်စု အဆင်‌့ဥပဒေပြဋ္ဌာန်းပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းထက် ဒေသခံပြည်သူများက သက်ဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ လမ်းညွှန်မှုကိုခံယူကာ မိမိဒေသ၏ယဉ်ကျေးမှုအမွေအနှစ်များကို မိမိတို့ကိုယ်တိုင် ဝိုင်းဝန်းထိန်းသိမ်းစောင်‌့ရှောက်ခြင်းသည်သာ ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ ဦးဉာဏ်ဟိန်း(သံဖြူဇရပ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။ မြို့ရိုး၊ ကျုံးစသည့် အင်္ဂါရပ်နှင့်ပြည့်စုံသော ပန်ကွဲပန်ကူမြို့သည် ခြောက်မြို့သာရှိသည့်အပြင် မွန်တိုင်းရင်းသားတို့အတွက် ထိန်းသိမ်းသင်‌့သောဌာန ကိုးဌာနသာ ကျန်ရှိတော့သည့်အတွက် မြေကို အမြတ်တနိုးဂုဏ်ယူလိုပါကြောင်း၊ နန်းဦးကျောင်းတွင် ၎င်းတို့တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းထားကြပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သွားရောက်လေ့လာစေလိုပါကြောင်းနှင့် ပိုမိုခိုင်မာသောစနစ်တစ်ခုဖြင့် ထိန်းသိမ်းပေးရန်ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ သာသနာရေးနှင်‌့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သူရဦးအောင်ကို အကယ်၍ ပြည်ထောင်စုအဆင်‌့ကထိန်းသိမ်းသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းကို တင်သွင်းမည်ဆိုပါက တည်ဆဲ ၉၈ ခုနှစ် အမွေအနှစ်အခြေခံရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စည်းကမ်းများကို မိမိတို့က လူထုကိုချပြသည့်အခါ ကန့်သတ်ချက်များပါလာပါက ထပ်မံ၍ မည်သည့်အဆောက်အအုံကိုမျှ တိုးချဲ့ဆောက်လုပ်ခြင်းမပြုရပါကြောင်း၊ ၎င်းကုန်းများကို ထိန်းသိမ်းသည့်အခါ လယ်ယာစိုက်ပျိုးထွန်ယက်မှုကအစ မြို့ဧရိယာအတွင်း ကန့်သတ်မှုများ ဖြစ်လာသည့်အခါ မိမိတို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့တွင်လည်း ဒေသခံအချို့၏ ကန့်ကွက်မှုများကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအဆင်‌့ထိန်းသိမ်းရန်အတွက် တချို့ကိစ္စများတွင် နေအိမ်များ ရွှေ့ပြောင်းရသည်များရှိသည့်အတွက် လူထုအကျိုးစီးပွားနှင့်ဆန့်ကျင်ဘက်များ ဖြစ်လာသည့်အခါ မလိုလားအပ်သော နိုင်ငံရေးတိုက်ကွက်များ ဖြစ်ပေါ်လာသည်ကို ပုဂံတွင်လည်း မိမိတို့ ကြုံတွေ့နေရသည့်အတွက် သေချာစွာလေ့လာချပြပြီးမှ ပြန်လည် သုံးသပ်သင့်သော ကိစ္စဖြစ်ပါကြောင်း၊ ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့ကို ထပ်မံစေလွှတ်ပြီး မိမိတို့ မွန်ပြည်နယ်နှင့် ဒေသခံအဖွဲ့များနှင့်ပူးပေါင်းပြီး တူးဖော်သင့်သောနေရာများတွင် ထပ်မံ၍ သုတေသနတူးဖော်ရေးများကို လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ တွေ့ရှိမှုအပေါ်မူတည်ပြီး ပြည်ထောင်စုအဆင့် ထိန်းသိမ်းသောအမွေအနှစ်စာရင်းတွင် ထည့်သွင်းသင့်၊ မသွင်းသင်‌့ကို ဆုံးဖြတ်သွားသင့်ပါကြောင်း ဆက်စပ်မေးခွန်းဖြေကြားပါသည်။