(က)-နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် နိုင်ငံ သားနှင့် တိုင်းရင်းသားများသည် နိုင်ငံသား စိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းစာရွက်များ မရသည့်အတွက် လူ့အခွင့်အရေးများ ဆုံးရှုံးနေ ခြင်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့် စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၇.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

mg mg ooကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားစစ်စစ်မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ နိုင်ငံသားများ၊ တိုင်းရင်းသားများဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိခြင်း၊ အိမ်ထောင်စုစာရင်းစာရွက်များ မရရှိခြင်းသည် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများ ဆုံးရှုံးနေခြင်းကြောင့် သက်ဆိုင်ရာတာဝန်ရှိ ဝန်ကြီးဌာနအနေဖြင့် မည်သို့ဖြေရှင်းပေးမည့် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်ပါသနည်းနှင့် ရှိပါက မည်သည့်အချိန်တွင် မည်သို့မည်ပုံစီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

မိမိနယ်မြေလူထုတွေ့ဆုံပွဲများပြုလုပ်သည့်အခါ မိမိ၏မဲဆန္ဒနယ်နယ်မြေတွင် ရပ်ကွက် ၂၁ ရပ်ကွက်ရှိရာ ကျူးကျော်၍ ယာယီရွှေ့ပြောင်းနေထိုင်ကြသော ကျူးကျော်ရပ်ကွက် ၂၀ ရှိနေပါကြောင်း၊ ကျန်တစ်ခုမှာ အင်းစိန်ထောင် (CIT) နှင့် အင်းစိန်မြို့မရဲစခန်းရှိသည့် ရပ်ကွက်ဖြစ်ပါကြောင်း၊ အဆိုပါရပ်ကွက် ၂၀ ရှိ ပြည်သူများ၏ တင်ပြချက်၊ အကူအညီတောင်းခံမှုများကို လေ့လာကြည့်သည့်အခါ မြန်မာနိုင်ငံသားစစ်စစ် ဖြစ်ခဲ့သော်လည်း ဗဟုသုတနည်းပါးခြင်း၊ ပညာသင်ယူခွင့်နည်းပါးခြင်း၊ ဆင်းရဲချို့တဲ့ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊ ငြိမ်းချမ်းရေးမရှိသည့် ဒေသများတွင် ကြီးပြင်းခဲ့ကြခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ မွေးဖွားကြီးပြင်းခဲ့ခြင်း စသည်တို့ကြောင့် အိမ်ထောင်စုစာရင်းမရှိခြင်း၊ မှတ်ပုံတင် သို့မဟုတ် နိုင်ငံသားကတ်ပြား သို့မဟုတ် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးမရှိခြင်း တို့အတွက် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်များဆုံးရှုံးခဲ့ခြင်းကြောင့် ယခုဆိုလျှင် သူတို့၏ လက်ရှိမျိုးဆက် များအထိ ၎င်းဒုက္ခများကို ခံစားနေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးကို အပြင်းအထန် ကြိုးစားနေရသည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုး၊ လူငယ်မျိုးဆက်များ၏ ရှေ့ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိခြင်း၊ အိမ်ထောင်စုစာရင်းစာရွက်များမရှိခြင်းသည် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများ ဆုံးရှုံးနေခြင်းကြောင့် သက်ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာန အနေဖြင့် မည်သို့မည်ပုံစီစဉ်ဆောင်ရွက်မည့် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်နှင့် ရှိပါက မည်သည်အချိန်တွင် မည်သို့မည်ပုံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ
ဖြေကြားချက် 

u thein sweဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်းရှိ လက်ရှိနေထိုင်ရာဒေသတွင် အိမ်ထောင်စုစာရင်းမရှိသူများကို စိစစ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ကြသူအနက် အချို့က နေရပ်လိပ်စာ ပြောင်းရွှေ့ ပုံစံ-၁၀ တရားဝင် ရယူရွှေ့ပြောင်းနေထိုင်ကြသော်လည်း တချို့က အကြောင်းအမျိုးမျိုး ကြောင့် မူလနေထိုင်ရာဒေသမှ ပုံစံ-၁၀ ထုတ်ယူခဲ့ခြင်းမရှိသူများနှင့် မူလဒေသမှ ပြောင်းရွှေ့ပုံစံ-၁၀ ထုတ်ယူခဲ့သော်လည်း အထောက်အထား မပြည့်စုံသည့်အတွက် အိမ်ထောင်စုစာရင်းမပြုလုပ် ရသေးသူများနှင့် အစဉ်အဆက်ပြန့်ကြဲနေထိုင်ပြီး လူဦးရေစာရင်းမရှိသူများ အမျိုးမျိုးစိစစ်တွေ့ရှိရ ပါကြောင်း၊ အိမ်ထောင်စုဝင်စာရင်း၊ လူဦးရေစာရင်း၊ ပုံစံ-၁၀ မရှိသည့်အခါ ၎င်းတို့အနေဖြင့် ရောက်ရှိ ရာဒေသတွင် မိမိတို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် အခက်အခဲများ တွေ့ကြုံနေရပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်ရသည်ဖြစ်သည့်အတွက် တချို့ကိစ္စများတွင် ပြည်သူများ၏အခက်အခဲများကို သိရှိသော်လည်း ၎င်းဥပဒေအရ ဆောင်ရွက်ရန် အခက်အခဲ ရှိနေပါကြောင်း၊ သို့ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို မြန်ဆန်စေရန် ယခင်က လူဦးရေစာရင်းတစ်စောင်ဖြည့်စွက်ရေးအတွက် အထောက်အထား ၁၀ ချက် ယူခဲ့ရာမှ ငါးချက်သာ ကောက်ယူပြီး ကတ်ပြားပြုလုပ်ရာတွင် ယခင်က ခရိုင်မှူးလက်မှတ်ထိုးမှရရှိသော်လည်း ယခုအခါ မြို့နယ်ဦးစီးမှူးလက်မှတ်ထိုးပြီး ထုတ်ပေးခွင့်ကို ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊

တိုင်းရင်းသားများအနေဖြင့် အထောက်အထားပြည့်စုံပါက ၂၈ ရက်အတွင်း ရရှိအောင် လုပ်ဆောင် ပေးရမည်ဟု ညွှန်ကြားထားပါကြောင်း၊ အထောက်အထားပြည့်စုံလျှင် တစ်ရက်၊ နှစ်ရက်အတွင်း ဖြစ်နိုင်ရင် One Stop Service နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ခြင်းကို မိမိတို့ ကြိုးစားဆောင်ရွက်နေရာတွင် အထောက်အထားမပြည့်စုံသော်လည်း တိုင်းရင်းသားမှန်ကန်ပါက မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကြီးကြပ်ရေးအဖွဲ့ ငါးဦးကော်မတီထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို မိမိတို့စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသည့်အပြင် တချို့မူလနေထိုင်ရာနေရာဒေသမှ ပြောင်းရွှေ့ပုံစံ-၁၀ ထုတ်ယူခဲ့ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းသွားလာနေထိုင်သူ တိုင်းရင်းသားများကို အခက်အခဲများပြေလည်စေရန်အတွက် နေရပ်လိပ်စာအပြောင်းအရွှေ့ပုံစံ-၁၀ မပါရှိစေကာမူ ထပ်မံ ဖြေလျှော့ပြီး ကာယကံရှင်များကို ၎င်းတို့မူလဒေသသို့ ပြန်လည်စေလွှတ်ခြင်းမပြုဘဲ မြို့နယ်ရုံးအချင်းချင်း ဆက်သွယ်ပြီး သတ်မှတ်သောအချက်များကိုက်ညီလျှင် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစာရင်းများကို ထုတ်ပေးခြင်းတို့ကို မေလ ၁ ရက်နေ့ကစပြီး သစ္စာစီမံချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ရွှေ့ပြောင်းနေထိုင်သူများသည် တချို့က အစိုးရဌာနပိုင်မြေ၊ သစ်တောကြိုးဝိုင်းမြေ၊ စည်ပင်ပိုင်မြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ စီမံကိန်းပိုင်မြေ၊  သာသနာ့မြေများ၊ ပုဂ္ဂလိကပိုင်မြေနုကျွန်းများ၊ ရထားလမ်း၊ ကားလမ်းဘေး စသည့်နေရာများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုထားသည့် မြေနေရာများတွင် ဝင်ရောက်ပြီး ယာယီရွှေ့ပြောင်းနေထိုင်သူ တစ်နည်းအားဖြင့် ကျူးကျော်နေထိုင် သူများဟု သတ်မှတ်ထားသူအများစု ဖြစ်ပါကြောင်း၊ ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်ပြီးှ လုပ်ငန်းစဉ် များအနေနှင့် လက်ရှိနေထိုင်ရာဒေသသည် ကျူးကျော်သောနေရာဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်အုပ်ရေးမှူးများက ၎င်းတို့နှင့်ပတ်သက်ပြီး ထောက်ခံမှုများမပေးနိုင်သည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲဖြစ်ပါကြောင်း၊ တချို့ကိစ္စများတွင် ကျူးကျော်နေထိုင်သူများကို ပုံစံ-၁၀ ထုတ်ပေးလိုက်သည့်အခါ ကျူးကျော်နေထိုင်သူများက ၎င်းနေရာကို ယင်းတို့ပိုင်ပါသည်ဟု အမှုအခင်းဖြစ်သည့်အခါ၊ တရားရုံးများတွင် သွားရောက်လျှောက်ထားသည့်အခါ မလိုလားအပ်သော ပြဿနာ နောက်ဆက်တွဲများဖြစ်ပေါ်သည့်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ထောက်ခံမှုပြုပေးနိုင်သည့်ကိစ္စများကိုသာ ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်း များကို ထုတ်ပေးလျက်ရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများကို ကြီးကြပ်စီမံမှုနှင့် စာရင်းကောက်ယူပြုစုလျက်ရှိပါကြောင်း၊ တရားဝင်နေထိုင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယာယီရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် တရားဝင် နေထိုင်သော အခြေအနေများရောက်ရှိသည့်အခါ မိမိတို့ ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစဉ်အဆက် မိသားစုသုံးဆက်ခန့် မည်သည့်အထောက်အထားမျှမရှိသော ပုဂ္ဂိုလ်များကိုလည်း မည်သို့မည်ပုံ တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးနိုင်မည်ကို ဌာနအတွင်းသာမက တခြားဌာနများတွင်ပါ ဥပဒေများနှင့်အညီ ပြန်လည်သုံးသပ်ပြီး ပြည်သူများအတွက် ဖြေလျှော့မှုများကို ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စဉ်းစားစိစစ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးမောင်မောင်ဦး (အင်းစိန်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိဆိုလိုသည်မှာ ယနေ့ကာလ တရားဥပဒေစိုးမိုးရေးကို အပြင်းအထန်ကြိုးစားနေသည့်အချိန်တွင် ကလေးသူငယ်များသည် ၁၀ တန်းအောင်၊ ဘွဲ့များရရှိ၍ လုပ်ငန်းခွင်ကိုဝင်မည့်အချိန်၊ အကောင်းဆုံး ဘဝကို ဖြတ်သန်းရန် ကြိုးစားသည့်အချိန်တွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ထောက်ခံစာများ မရရှိသည့်အတွက် ၎င်းတို့သည် ဂုဏ်သရေရှိသောအလုပ်ကို လုပ်ကိုင်နိုင်ရန် ငြင်းဆန်ခြင်း၊ လူ့အသိုင်းအဝိုင်းက ငြင်းပယ်ခံရသည်မှာ မဖြစ်သင့်သည့်အတွက် ၎င်းတို့ကို အမှောင်လောကထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားပါကြောင်း၊ထို့ကြောင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဌာနတွင်း လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို မည်သည့်အချိန်တွင် အမြန်ဆုံးဖြေရှင်းပေးနိုင်မည်ကို အတိအကျမပြောနိုင်ပါက ခန့်မှန်းခြေဖြေကြားပေးပါရန် ဆက်စပ်မေးမြန်းပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ                မိမိတို့အနေဖြင့် ကျူးကျော်နေထိုင်ကြသည့် ပြည်သူများအတွက် ဖြေလျှော့ဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် စဉ်းစားနေပါကြောင်း၊ မိမိတို့ကိုယ်တိုင် ကွင်းဆင်းပြီးှ ဌာနဆိုင်ရာ ဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဖြေထွက်ရှိသည့်အခါ အမြန်ဆုံးထွက်ရှိအောင် တခြားဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဥပဒေပိုင်းဆိုင်ရာ အခက်အခဲရှိပါက နိုင်ငံတော်၏အကျိုးစီးပွားနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ချိန်ညှိပြီး ဆက်လက်ဖြေလျှော့ပေးမှုများကို မိမိတို့ စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် EID ဟုခေါ်သည့် Electronic Irritation စနစ်ကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အဓိကအချက်က  IT ၊ Solution ဖြင့် ဖြေရှင်းမှသာ ‌ရေရှည် အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း၊ ထောက်ခံချက်များ၊ လိုအပ်သော ပုံစံများသွားရောက်ယူနေရပါက အခက်အခဲကန့်သတ်ချက်များ ဖြစ်ပေါ်ပြီး ငွေကြေးတောင်းဆိုမှု၊ မသမာမှု များရှိသည်ကို မိမိတို့ သိရှိနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပညာရှင်များနှင့် ဆွေးနွေးနေပြီး၊ မိမိတို့ နိုင်ငံနှင့်အနေအထားကို စိစစ်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲများထံမှ လမ်းညွှန်ချက်ရရှိပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ဆက်စပ်မေးမြန်းသော လက်ရှိ ၁၀ တန်းအောင်မြင်  ပြီးသော၊ အလုပ်ဝင်သောကလေးများ အခက်အခဲဖြစ်သည်ကို မိမိတို့ ဌာနအနေဖြင့် စဉ်းစားပြီး အကောင်းဆုံးအဖြေတစ်ခု ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေလျှော့နိုင်သောကိစ္စကို သက်ဆိုင်ရာအဖွဲ့အစည်းများကို တင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဆွေးနွေးပြီး အမြန်ဆုံး၎င်းကိစ္စကို ဆုံးဖြတ်ချက်ကျပါက ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။