(ဇ)-ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ဓာတ်အားခ ကောက်ခံခြင်း လုပ်ငန်းများကို ကန်ထရိုက်စနစ် ဖြင့်ပုဂ္ဂလိကသို့ ငှားရမ်းဝန်ဆောင်မှုပေးနေခြင်း အား ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွ

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

zin mar aungရန်ကုန်မြို့သည် လူဦးရေ ၅.၁ သန်းကျော်ရှိပြီး နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါး မှီတင်းနေထိုင်သည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏသည် ၉၀၀ မဂ္ဂါဝပ်ရှိပြီး တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ  ၆၀ ရာခိုင်နှုန်းခန့် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် စာရင်းဇယားများအရ သိရှိရပါကြောင်း၊ ရန်ကုန်မြို့သည် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝများအတွက် အချက်အချာကျသည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နေလူဦးရေ သိပ်သည်းဆသည် တိုးတက်လျက်ရှိနေသည့်အတွက် လူနေမှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အမျှ မြို့နေလူထု၏ လျှပ်စစ်မီးရရှိမှုအပေါ်မှီခိုမှုမှာ များပြားလာခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလိုအပ်ချက်သည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးကြီးသည့် အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ သာမန်ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက်လည်း အခြေခံလိုအပ်ချက် ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးပြတ်တောက်သည့် အခါတိုင်း စောဒကတတ်ခံရသည်မှာ သက်ဆိုင်ရာမြို့နယ်က လျှပ်စစ်ရုံးများ၊ တာဝန်ရှိသူများ၊ နောက်ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့်  လွှတ်တော်ကိုယ်စားလှယ်များပင်ဖြစ်ပါကြောင်း၊ ၎င်း လျှပ်စစ်မီတာခကို မှန်မှန်ပေးဆောင်ရခြင်း ဖြစ်သည့်အတွက် လျှပ်စစ်မီးကို မှန်မှန်မသုံးစွဲရသည့်အပေါ် စောဒကတတ်ကြခြင်းသည်လည်း သဘာဝကျပါကြောင်း၊ သို့သော်လည်း မိမိတို့မြို့နယ်အပါအဝင် တခြားမြို့နယ်များတွင်လည်း လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုနှင့်ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီများကို ငှားရမ်းဝင်ဆောင်မှု ပေးနေရသည်ဆိုသည်မှာ သိရှိသူနည်းလှပါကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း၊ လျှပ်စစ်မီတာခကောက်ခံခြင်းများနှင့် ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီများ ချုပ်ဆိုထားသည့် သဘောတူ စာချုပ်များနှင့် ပတ်သက်ပြီး သိရှိလိုခြင်းဖြစ်ပါကြောင်း၊ ၎င်း ပုဂ္ဂလိကကုမ္ပဏီများ၊ YESB နှင့် ချုပ်ဆိုထားသည့် စာချုပ်များမှာ နိုင်ငံတော်က မည်မျှအကျိုးအမြတ်ရရှိပြီး မည်ကဲ့သို့တာဝန်ယူမှု၊ တာဝန်ခံမှုများကို ထည့်သွင်းထားပါသနည်း၊ ထို့အတူ ကုမ္ပဏီဘက်က မည်ကဲ့သို့တာဝန်ယူမှု၊ တာဝန်ခံမှုများရှိမည်ဆိုသည်ကို ထည့်သွင်းထားခြင်းမျိုး ရှိပါသနည်းစသဖြင့် ပွင့်လင်းမြင်သာစွာ သိမှသာလျှင် ပြည်သူလူထု၏ ငြုငြင်မှုကို လျှော့ချနိုင်ပြီး ယုံကြည်မှု၊ နားလည်မှုကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်အပါအဝင် မြို့နယ်များရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် လျှပ်စစ်ဓာတ်အားခကောက်ခံခြင်း လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ပုဂ္ဂလိကသို့ ငှားရမ်းဝန်ဆောင်မှု ပေးနေခြင်းနှင့်ပတ်သက်ပြီး ကန်ထရိုက်စာချုပ်ပါအချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ခြင်းရှိ/မရှိ၊ ရှိပါကမည်ကဲ့သို့ ပြည်သူလူထုသိအောင် ဆောင်ရွက်မည်နည်းနှင့် မရှိပါကအဘယ့်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်အပါအဝင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီ ရောင်းချခြင်းလုပ်ငန်းများ ထပ်ဆင့်ဆောင်ရွက်မှုများကို ဌာနကိုယ်စားလုပ်ငန်းဆောင်ရွက်ရန် ဆောင်ရွက်ခွင့်အား ၂၀၁၄ ခုနှစ်မှစ၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) လက်အောက်တွင်ရှိသည့် လုပ်ငန်းများတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ပါရှိသော ရန်ကင်းမြို့နယ်အပါအဝင် မြို့နယ် ၁၉ မြို့နယ်အား အဆိုပါလုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုထားသော ကုမ္ပဏီ ၁၂ ခုရှိပါကြောင်း၊ အဆိုပါ ကုမ္ပဏီ ၁၂ ခုအား လျှပ်စစ်ဓာတ်အားခ ကောက်ခံခြင်းလုပ်ငန်းအတွက် ကန်ထရိုက်ပေးထားခြင်း မဟုတ်ပါကြောင်း၊ YESC ကိုယ်စား ဓာတ်အားဖြန့်ဖြူး ရောင်းချခြင်း ပဋိညာဉ်စာချုပ်ဖြင့် ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် လက်လီရောင်းချခြင်း လုပ်ငန်းထပ်ဆင့် ဆောင်ရွက်မှု (Franchise) ခွင့်ပြုပေးထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကုမ္ပဏီများ၏ လုပ်ငန်းတာဝန်များမှာ မြို့နယ်အတွင်းရှိ ၁၁ KV၊ ၄၀၀ ဗို့ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများအား ထပ်မံတိုးချဲ့တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ မူလကဌာနမှ တည်ဆောက်ထားပေးခဲ့ပြီးသော ၁၁ KV နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းကိုလည်း ကုမ္ပဏီမှဆောင်ရွက်ရပါကြောင်း၊ ၁၁.၄ ထရန်စဖော်မာများကို လိုအပ်သလို တိုးချဲ့တည်ဆောက်ခြင်း၊ မူလရှိပြီး ထရန်စဖော်မာများအား ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားသုံးစွဲသူများအား ဓာတ်အားမပြတ်ဘဲ ရရှိအောင် ဆောင်ရွက်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းအောင်ဆောင်ရွက်ရန်၊ ဗို့အားပြည့်အောင်ဆောင်ရွက်ရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိအောင် ဓာတ်အားလိုင်းများအား နေ့စဉ် စစ်ဆေးပြုပြင်ထိန်းသိမ်းရန်၊ ဓာတ်အားပြတ်တောက်ချိန်မှာ ၎င်းကုမ္ပဏီတို့၏ ဓာတ်အားပေးစက်များဖြင့် အစားထိုး ဓာတ်အားပေးရန်၊ ပြည်သူကိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန်စသည့် တာဝန်များရှိခြင်း ဖြစ်ပါကြောင်း၊ YESC ဌာနအနေဖြင့် ၎င်းကုမ္ပဏီများက တာဝန်ယူဆောင်ရွက်နေသော မြို့နယ်များကို ဓာတ်အားပေးရမည့် ခွဲရုံများဖြစ်သည့် ၆၆ KV ခွဲရုံများ၊ ၃၃ KV ခွဲရုံများ၊ ၆၆ KV ဓာတ်အားလိုင်းများ၊ ၃၃ KV ဓာတ်အားလိုင်းများအား အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို YESC ဘက်က တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းအား မြို့နယ်များအလိုက် ပုဂ္ဂလိကကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ရန် လျှပ်စစ်ဥပဒေ (၂၀၁၄) နှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း လုပ်ငန်းထပ်ဆင့် ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စံပုံစံစာချုပ်ကို နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီစေရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နည်းပညာဆိုင်ရာ အကူအညီဖြင့် တာဝန်ပေးအပ်ထားသော အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ (DFDL) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်၍ စတင်ပြုစုခဲ့ခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အဆိုပါစာချုပ် (မူကြမ်း) အား ပုဂ္ဂလိက ကုမ္ပဏီများသို့ အကြိမ်ကြိမ်ချပြ ရှင်းလင်းခဲ့ခြင်းဖြစ်ပါကြောင်း၊  ပုဂ္ဂလိကကုမ္ပဏီများက ပြန်လည်ဆွေးနွေးသည့် အချက်အလက်များကို ပေါင်းစပ်ညှိနှိုင်းပြုစုထားသော စာချုပ် (မူကြမ်း) အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ပေးပို့၍ သဘောထားမှတ်ချက်များ တောင်းခံခဲ့ပါကြောင်း၊ အဆိုပါဌာနကြီးများက ပြန်ကြားလာသည့် သဘောထားမှတ်ချက်များနှင့်အညီ စာချုပ် (မူကြမ်း) ကို ပြန်လည် ပြင်ဆင်၍ ပုဂ္ဂလိကကုမ္ပဏီများနှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်ရာ စာချုပ်ပါအချက်အလက်များအား ပွင့်လင်းမြင်သာစွာ ချပြခဲ့ပြီးမှ ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း၊ Franchise စာချုပ်ပါအချက်အလက်များအား ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိပါကြောင်းနှင့် စံပြုထားသော ပဋိညာဉ်စာချုပ်အား အများပြည်သူသိရှိရန်အလို့ငှာ     လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ Website တွင် ဖော်ပြထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။