မေးခွန်း အကြောင်းအရာ
နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲခြင်းများကို လေ့လာကြည့်သည့်အခါ စိတ်ဉာဏ်ပညာနိမ့်ပါးခြင်း၊ အုပ်ချုပ်သူနှင့် ပြည်သူပြည်သားတို့၏ ကိုယ်ကျင့်သီလပြင်ခြင်း၊ အခြေခံအဆောက်အဦ မပြည့်စုံခြင်းတို့ကြောင့် ဖြစ်ရသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တစ်ဖက်က အခြေခံ အသိပညာများမြင့်မားရန် ကြိုးစားနေရင်း နောက်တစ်ဖက်က အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နေရပါကြောင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော စွမ်းအင် လုံလောက်မှုကိုလည်း ဖြည့်တင်းရန် လိုလာပါကြောင်း၊ စွမ်းအင်ဆိုရာတွင် ပိုပြီးအဓိကကျသည်မှာ လျှပ်စစ်စွမ်းအင် ဖြစ်ပါကြောင်း၊ လူသားတိုင်းနှင့်လည်း သက်ဆိုင်ပတ်သက်ပါကြောင်း၊ နိုင်ငံတကာကို ကြည့်လိုက်ပါက တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ယူနစ် အများဆုံး သုံးသော နိုင်ငံများသာ ဖွံ့ဖြိုးမှုအမြင့်ဆုံး နိုင်ငံများစာရင်းတွင် တွေ့ရပါကြောင်း၊ နိုင်ငံတကာဈေးနှုန်းတွင် စင်ကာပူ၊ အီတလီ၊ ဂျပန်အစရှိသည့် မဖွံ့ဖြိုးသေးသော နိုင်ငံများတွင် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ .၂၁ ဒေါ်လာမှ .၂၂ ဒေါ်လာ၊ .၂၃ ဒေါ်လာအစရှိသဖြင့် ကျသင့်သည်ကို တွေ့ရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ပျမ်းမျှခြင်း အမေရိကန်ငွေနှင့်တွက်ပါက ဝ.၀၈ ဒေါ်လာမှ ဝ.၁ ဒေါ်လာကျသည် ကိုတွေ့ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် တွက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ဝ.၀၂၅ ဒေါ်လာခန့်သာ ကျသင့်သည်ကို တွေ့ရပါကြောင်း၊
ရောင်းလိုအားများပါက ဝယ်လိုအားဈေးလျော့မည်၊ ဝယ်လိုအားများလျှင် ဈေးကြီးမည်ဟူသော ရောင်းလို အားနှင့် ဝယ်လိုအားဈေးနှုန်းတို့၏ တစ်ခုကိုတစ်ခု မှီခိုနေသော သဘောသဘာဝရှိပါကြောင်း၊ တစ်နည်းအားဖြင့် ဈေးသက်သာပါက များများဝယ်သုံးကြပြီး၊ ဈေးကြီးလျှင် ချွေတာပြီး ဈေးလျော့ပေါ့ပါက သုံးမည်ဆိုသော သဘောဖြစ်ပါကြောင်း၊ သို့သော်မိမိတို့မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသည်မှာ အချို့ဒေသအများစုတွင် ဈေးအပေါဆုံးက တစ်ယူနစ်လျှင် ၃၅၀ ကျပ်ပေးရပါကြောင်း၊ ဈေးကြီးပါက ၆၅၀ ကျပ်ပေးရပါကြောင်း၊ ၎င်းတို့သည် ပိုက်ဆံပေါများ၍ မဟုတ်နိုင်ပါကြောင်း၊ အလင်းရောင်ရရန် မဖြစ်မနေဝယ်သုံးကြရပါကြောင်း၊
မိမိတို့ တနင်္သာရီတိုင်းဒေသကြီးတွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲယားကွန်းတို့ကို အလကားပေးမည်ဆိုတောင်မှ ဝယ်သုံးသူ ရှားပါးပါကြောင်း၊ အိမ်သုံးမီးများကိုလည်း မီးသုံးအနည်းဆုံးဖြစ်သော ပစ္စည်းများဖြစ်သော LED စက်များကိုသာ တက်နိုင်သလောက် ဝယ်သုံးကြပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ရေအားလျှပ်စစ်အစရှိသဖြင့် ထုတ်ယူနိုင်သော နေရာများ များစွာကျန်နေသေးပါကြောင်း၊ ယခု မိမိတို့နိုင်ငံတွင် နှစ်စဉ် တစ်နှစ်လျှင် ဘီလီယံ ၁၀၀၀ ခန့် အရှုံးပေါ်နေသည်ကို သိရှိရပါကြောင်း၊
မိမိတို့ တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ထားဝယ်တွင် တစ်နေ့လျှင် ၂၁၀ ကျပ်နှင့် ပေးရန် စီစဉ်နေသည်ကို ကြားသိရပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ကောက်ယူနေသော လျှပ်စစ်မီတာခကို သင့်တင့်မျှတသော ဈေးနှုန်းသို့ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်ဓာတ်အားခကို အိမ်သုံးနှင့်စီးပွားရေးသုံး သို့မဟုတ် စက်မှုလုပ်ငန်းသုံးဟု နှစ်မျိုးခွဲ၍ ကောက်ခံလျက်ရှိပါကြောင်း၊ အိမ်သုံးဓာတ်အားတစ်ယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းစက်မှုလုပ်ငန်းသုံး သို့မဟုတ် စက်မှုလုပ်ငန်းဓာတ်အား တစ်ယူနစ်လျှင် အနိမ့်ဆုံး ၇၅ ကျပ်မှ အမြင့်ဆုံး ၁၅၀ ကျပ်ဖြင့်လည်းကောင်း သုံးစွဲသောဓာတ်အား ယူနစ်အလိုက်နှုန်းထားများ သတ်မှတ်ကောက်ခံလျက်ရှိပါကြောင်း၊
ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံပိုင်ဓာတ်အားပေး စက်ရုံအသစ်များ တည်ဆောက်ပြီးစီးမှု မရှိခြင်းကြောင့် ပုဂ္ဂလိကမှ စုစုပေါင်းဓာတ်အားထုတ်လုပ်မှု၏ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက်မှု များပြားလာပါကြောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သော ဓတ်အားပေးစက်ရုံများထံမှ ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ဝယ်ယူရမှုစရိတ်သည်လည်း များပြားလာပါကြောင်း၊ ပုဂ္ဂလိက ရေအားလျှပ်စစ်စက်ရုံများမှ တစ်ယူနစ်လျှင် ပျမ်းမျှ ၆၈ ကျပ်ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများထံမှ ဓာတ်အားတစ်ယူနစ်လျှင် ပျမ်းမျှ ၁၅၈ ကျပ်ခန့်ဖြင့်လည်းကောင်း ဝယ်ယူရပါကြောင်း၊ အဆိုပါ ပုဂ္ဂလိက ဓာတ်အားပေး စက်ရုံများထံမှ တစ်ယူနစ် ဓာတ်အားဝယ်ယူစရိတ်မှာ နိုင်ငံပိုင်ဓာတ်အားစက်ရုံများက ထုတ်လုပ်သော ကုန်ကျစရိတ်ထက် များပြားပါကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံအားလုံးက ထုတ်လုပ်သော ဓာတ်အားစရိတ်များ၏ ပျမ်းမျှကုန်ကျစရိတ်သည် ၉၁.၉၂ ကျပ်ခန့်ဖြစ်ပါကြောင်း၊ ဓာတ်အားကို ပြန်လည်ရောင်းချသည့်အခါ ဓာတ်အား တစ်ယူနစ်အတွက် ကောက်ခံရရှိငွေသည် ပျမ်းမျှအားဖြင့် ၆၉.၂၆ ကျပ်ခန့်သာဖြစ်သည့်အတွက် နိုင်ငံတော်ဘတ်ဂျက်က ဓာတ်အားတစ်ယူနစ်တိုင်းအတွက်၂၂.၆၆ ကျပ်ခန့် စိုက်ထုတ်ပေးနေရသော အခြေအနေဖြစ်ကာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ၃၃၇ ဘီလီယံကျပ်ခန့် အရှုံးခံစိုက်ထုတ်ခဲ့ရပါကြောင်း၊
လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏသည် နှစ်စဉ် မဂ္ဂါဝပ် ၄၀၀ မှ ၅၀၀ အထိ တိုးတက်မြင့်မားလာပြီး၊ နိုင်ငံတော်မှ နှစ်စဉ်အရှုံးခံ စိုက်ထုတ်မှုသည် ပိုမိုမြင့်မားလာပါကြောင်း၊ လက်ရှိဓာတ်အားစနစ်မှ ဓာတ်အားသုံးစွဲခွင့်ရရှိနေသူ ၃၈ ရာခိုင်နှုန်းသော အိမ်ထောင်စုအတွက် ဓာတ်အားခ သက်သာမှုရှိရန် နိုင်ငံတော်က နှစ်စဉ် ၃၃၇ ဘီလီယံကျပ်ကျော် အရှုံးခံ စိုက်ထုတ်ပေးနေရသည့်အတွက် ဓာတ်အား ရယူသုံးစွဲခွင့် မရရှိသေးသော ကျန် ၆၂ ရာခိုင်နှုန်းသော အိမ်ထောင်စုတို့က ၎င်းတို့နှင့် သက်ဆိုင်သော ပြည်သူ့ဘဏ္ဍာရန်ပုံငွေ တစ်ဦးမှ မျှဝေကျ ခံပေးနေရသကဲ့သို့ အခြေအနေဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဓာတ်အားရရှိသူများက သင့်လျော်သော ဓာတ်အားခကို ပေးဆောင်နိုင်မှသာ နှစ်စဉ်အရှုံးခံ နေရမည့်ငွေများ သက်သာပြီး နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် မရရှိသေးသော ဒေသများသို့ ဓာတ်အားလိုင်းများ တည်ဆောက်ပေးနိုင်ရန် အတွက် မြန်မြန်ဆန်ဆန် စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
ယခုအခါ ကမ္ဘာ့လောင်စာစရိတ် မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်မားလာခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်သည်လည်း ပို၍ပို၍တိုးတက်မြင့်မားလာသောကြောင့် ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်ကောက်ခံရန် လိုအပ်လာခြင်း၊ အသုံးစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ်စိုက်ထုတ် သုံးစွဲနေရခြင်းသည် တိုင်းပြည်၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမည့် ကိစ္စရပ်များတွင် ဘဏ္ဍာငွေသုံးစွဲနိုင်မှု အားနည်းကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းသလောက် မအောင်မြင်နိုင်သောကြောင့် ကုန်ကျစရိတ်ကို ကာမိသည့် သင့်လျော်သော ဓာတ်အားခနှုန်းထားကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါကြောင်း၊
ဝန်ကြီးဌာနက လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်က စိုက်ထုတ်ကုန်ကျမှု လျော့ကျရေးအတွက် သင့်လျော်သော ဓာတ်အားခနှုန်းထားတစ်ခု သတ်မှတ်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ Tariff Policy ကိုရေးဆွဲခြင်းကို ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားခ နှုန်းထားများနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက်သိကျွမ်းကျင်သူများအား ဖိတ်ခေါ်၍ ၂၀-၄-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်၊ ၈-၅-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ်ကျင်းပကာ တက်ရောက်ဆွေးနွေးသူများ၏ အကြံပြုချက်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
