(င)-သာစည်မြို့နယ်၊ အုတ်တွင်းအုပ်စု အတွင်းရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်သွယ် တပ်ဆင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ထရန် စဖော်မာနှင့် ၁၁ KV လိုင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u than soeမန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရပ်ကွက်ခုနစ်ခု၊ ကျေးရွာအုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၄၉ ရွာရှိသည့်အနက် တချို့ရွာများသည် ကိုယ်ထူကိုယ်ထလျှပ်စစ် ဓာတ်အားတပ်ဆင်ပြီး ဖြစ်သော်လည်း ကျေးရွာအများစုမှာ မီးလင်းရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ရှိ သေးပါကြောင်း၊ အထူးသဖြင့် 11 KV လိုင်းမှ နှစ်မိုင်အတွင်းရှိကျေးရွာများအား လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ပေးရန် လိုအပ်နေပါကြောင်း၊

သာစည်မြို့နယ်အတွင်းရှိ 11 KV လိုင်းမှ နှစ်မိုင်ပတ်လည်အတွင်းကျရောက်နေသော အုတ်တွင်း ကျေးရွာအုပ်စုရှိ ဆင်ရွာ၊ မြိုင်သာယာ၊ အုတ်တွင်း၊ နန်းတော်ကုန်း၊ သာယာကုန်း၊ ရေတွင်းကြီးအင်း၊ အင်တိုင်းသာစသည့် ကျေးရွာပေါင်းခုနစ်ရွာတွင် လျှပ်စစ်မီးသွယ်တန်းရန် ကျန်ရှိနေပါကြောင်း၊ ဆင်ရွာ၊ မြိုင်သာယာ၊ အုတ်တွင်း၊ နန်းတော်ကုန်းကျေးရွာ အနီးမှ ရွှေကျောင်းကုန်းဘုန်းတော်ကြီးကျောင်းသို့ လှိုင်းတက် ဓာတ်အားပေးစက်ရုံ 11 KV လိုင်းအား ကိုယ့်အားကိုယ်ကိုး စနစ်ဖြင်‌့ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် အဆိုပါကျေးရွာများသည် ကျေးရွာ အတွင်း ၄၀၀ ဗို့လိုင်းများကိုလည်း ကိုယ့်အားကိုယ်ကိုး သွယ်တန်းလျက်ရှိပါကြောင်း၊ သို့သော် မီးလင်းနိုင်ရေးအတွက် ထရန်စဖော်မာနှင့် 11 KV တည်ဆောက်ရန် အခက်အခဲများ တွေ့ရှိနေရပါကြောင်း၊  အဆိုပါ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်သွယ်တပ်ဆင်ပေးပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေများ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာဖြစ်ပါကြောင်း၊ ထို့ကြောင့် သာစည်မြို့နယ် အတွင်းရှိ အုတ်တွင်းကျေးရွာ အုပ်စုရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား သွယ်တန်းတပ်ဆင်ပေးရန် ဆောင်ရွက်ပေးနိုင်ရန်အတွက် ထရန်စဖော်မာနှင့် 11 KV လိုင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်း ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ လှိုင်းတက် တိုက်နယ်ကျေးရွာအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သာစည်မြို့မှ  ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော လှိုင်းတက် ကျေးရွာတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း၌ ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးပေးခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လှိုင်းတက်တိုက်နယ်အတွင်းရှိ တောကင်း၊ ဇီးပင်တွင်း၊ ထူးတွင်း၊ သီးကုန်း၊ ရွှေတုတ်ကုန်း၊ ဒဟက်ကျင်း၊ ကုက္ကိုကုန်း၊ ထနောင်းကုန်း၊ ရှမ်းရွာ၊ တောင်ပူစာ၊ သက်သော့၊ ကန်ကြီးအောက်၊ မင်းကုန်း၊ ညောင်ကန်းကျေးရွာ ၁၄ ရွာအား မန္တလေးတိုင်း ဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် 11.4 KV ထရန်စဖော်မာများနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများကို တည်ဆောက် ပေးသွားမည်ဖြစ်ပါကြောင်း၊

အုတ်တွင်းကျေးရွာအုပ်စုမှ ကျေးရွာခုနစ်ရွာသည် လှိုင်းတက်ခွဲရုံ ဖီဒါ(၃) ဓာတ်အားလိုင်းမှ ကိုယ်ထူကိုယ်ထ သွယ်တန်းထားသော ရွှေကျောင်းကုန်း ဘုန်းတော်ကြီးကျောင်း ဓာတ်အားလိုင်းနှင့် ၂ မိုင်အတွင်း တည်ရှိသော ကျေးရွာများဖြစ်သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထား ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။