မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွယ်တန်းထားသော ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၇၉၃ ကီလိုမီတာရှိပါကြောင်း၊ အခြားနိုင်ငံ၏ စီးပွားရေးအတွက် မိမိနိုင်ငံအတွင်းက ဖြတ်သန်းသွားရသည့် အတွက်ကြောင့် မြန်မာနိုင်ငံက ရရှိသည့် ခံစားခွင့်များသည် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ၊ မြန်မာနိုင်ငံမှ ဖြတ်သန်း ပို့ဆောင်ရသည့်အတွက် ပို့ဆောင်ခ၊ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံပမာဏ အချိုးအစားတစ်ရပ်ကို ရရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အကယ်၍ စစ်မက်ဖြစ်ပွားရာဒေသကို ပိုက်လိုင်းသွယ်တန်း၊ ဖြတ်သန်းရမည်ဆိုလျှင် Insurance အတွက်က မည်မျှ၊ Dangerous Fees ကမည်မျှဆိုပြီး ထပ်မံ ရရှိပါကြောင်း၊ ပိုက်လိုင်းသွယ်တန်းရာတစ်လျှောက်တွင် ဒေသခံများ၏ ဆုံးရှုံးမှုများ၊ နစ်နာမှုများနှင့် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နည်းပါးနေသည့် အတွက်ကြောင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ မေလ ၁၉ ရက်နေ့တွင် ထုတ်သည့် ဆင်ဟွာ သတင်းဖော်ပြချက်အရ ဤစီမံကိန်းမှ ရရှိနိုင်သောအကျိုးအမြတ်သည် နိုင်ငံတော်အခွန် ဝင်ငွေနှစ်စဉ် Right way Fee အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်းတို့ဖြစ်ပြီး စီမံကိန်း၏ အစုရှယ်ယာဝင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ဝင်ငွေ၊ Training ရန်ပုံငွေနှင့် လူမှုစီးပွား ပံ့ပိုးငွေတို့ကိုလည်း နှစ် (၃၀) ကြာ ခံစားနေသည်ကို တွေ့ရှိရပါကြောင်း၊ ဤပိုက်လိုင်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသော Gas ပိုက်လိုင်းအတွက် Gas ရောင်းရငွေ၏ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ဘဏ္ဍာသို့ နှစ်စဉ်ပေးပါရန်နှင့် Gas မှ ဖြစ်ပေါ်လာသည့် အကျိုးအပြစ်များအတွက် နိုင်ငံတော်မှမည်သို့ ဆောင်ရွက်ထားသင့်သည်ကို ရှမ်းပြည်နယ်အစိုးရမှ တိကျစွာ တောင်းဆိုပေးပါရန် တောင်းဆိုသည့် အဆိုကို ၂၆-၁၀-၂၀၁၂ ခုနှစ်၊ ပထမ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း အဆိုနှင့်ပတ်သက်ပြီး နိုင်ငံတော်မှထွက်ရှိသည့် သယံဇာတ တစ်မျိုးမျိုးကိုဖြစ်စေ၊ ပြည်ထောင်စုအတွင်းရှိ နယ်မြေအပိုင်းအခြား တစ်ခုခုကိုဖြစ်စေ၊ ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အသုံးပြုပါက သက်ဆိုင်ရာ ဒေသအား သင့်တင့်မျှတသော ကြေးသတ်မှတ်ပေးရန် နိုင်ငံတော်မှ စဉ်းစားထားလျက် ရှိပါကြောင်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းဖြတ်သန်းခကိုလည်း နိုင်ငံတော်မှ ရယူထားပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသော မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် ထိုက်သင့်သည့် အကျိုးတစ်ရပ်ကို ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်ရန် နိုင်ငံတော်မှ စဉ်းစားသုံးသပ်လျက်ရှိပါကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများကို အနီးဆုံးကျင်းပမည့် လွှတ်တော်ကို အသိပေးတင်ပြသွားမည်ဟု ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်ကို ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးက ကိုယ်စားဖြေကြားခဲ့ပါကြောင်း၊ Gas မှ ဖြစ်ပေါ်လာသည့် အကျိုးအပြစ်များအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားရမည်ဆိုသည်ကို စွမ်းအင်ဝန်ကြီးဌာနမှ ဖြေကြားခဲ့ပြီး ၎င်း လုပ်ငန်းများကို ဦးဆောင်ပေးနေရသည့် အတွက်ကြောင့် ရှမ်းပြည်နယ်ရန်ပုံငွေကို နှစ်စဉ်ပေးအပ်ရန် တင်ပြထားသည့် ကိစ္စနှင့်ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် ဆောင်ရွက်ထားသည့် အခြေအနေမရှိသေးကြောင်းနှင့် လက်ရှိဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားခြင်း မရှိသေးကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ အောက်တိုဘာလ ၄ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြထားသောစာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား ဘက်ညီမျှတစွာ ခွဲဝေသုံးစွဲနိုင်စေမည့် အခွင့်အလမ်းများ ဖန်တီးပြီး လူ့စွမ်းအားအရင်းအမြစ် တိုးမြှင့်စေရေး ဆောင်ရွက်ရန်အတွက် ၎င်း စီမံကိန်းမှ ရသင့်ရထိုက်သည့်ငွေများကို ရှမ်းပြည်နယ်ဘဏ္ဍာငွေကို အပြည့်အဝပေးရန် လိုအပ်နေပါကြောင်း၊ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်ပတ်သက်ပြီး တစ်နှစ်တွင် Gas ရောင်းရငွေ မည်မျှရှိ၍ အမြတ်မည်မျှရရှိပါကြောင်းနှင့် လွှတ်တော်မှအတည်ပြုပြီးသည့် Gas ရောင်းရငွေ၏ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ဘဏ္ဍာငွေသို့ မည်သည့်အချိန်တွင် စတင်ရေးဆွဲချမှတ် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ကမ်းလွန်စီမံကိန်းမှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချရန်နှင့် မြန်မာနိုင်ငံအတွင်း အသုံးပြုရန်အတွက် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များသို့ ဖြတ်သန်းတည်ဆောက်ထားသော ပိုက်လိုင်းစီမံကိန်းဖြစ်ပါကြောင်း၊ အဆိုပါ ၇၉၃ ကီလိုမီတာရှည်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီးအား ရင်းနှီးမြှုပ်နှံ တည်ဆောက်ရာတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၀.၉ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံမှ Daewoo ကုမ္ပဏီက ၂၅.၀၄၁ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ONGC ကုမ္ပဏီ က ၈.၃၄၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၄.၁၇၃၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံ KOGAS ကုမ္ပဏီမှ ၄.၁၇၃၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ၇.၃၆၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပမာဏများပါဝင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ထည့်ဝင်စိုက်ထုတ်ရင်းနှီးမြှုပ်နှံခဲ့သည့် ရာခိုင်နှုန်းအရ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှရရှိသော ဝင်ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂၁ သန်းကျော်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်း အပိုဒ် ၆ အပိုဒ်ခွဲငယ် (က) အရ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ နှစ်စဉ်ရရှိငွေများအား ပေးသွင်းခဲ့ရခြင်း ဖြစ်ပါကြောင်း။
အဆိုပါပိုက်လိုင်းစီမံကိန်းအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ပါဝင်ရင်းနှီးမြှုပ်နှံရာတွင် China Development Bank ထံမှ ချေးငွေ ယူရို ၈၆.၁၆ သန်းဖြင့် ၂၀၁၀ ခုနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးကာလတွင် သုံးနှစ်ခန့် ကြာမြင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပိုက်လိုင်း စီမံကိန်းအတွက် ချေးယူငွေအနက် အတိုးအရင်းပေါင်း ယူရိုငွေ ၁၀၃.၆၄ သန်းအား ပေးဆပ်ရန် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊ အဆိုပါချေးငွေအား ပြန်လည်ပေးဆပ်နေဆဲကာလဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ရရှိခြင်း မရှိသေးပါကြောင်း၊ သဘာဝဓာတ်ငွေ့ရောင်းရသော ဝင်ငွေများအနက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ရရှိသော ဝင်ငွေများအားလုံးကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ နှစ်စဉ်တိုက်ရိုက် ပေးသွင်းခဲ့ရခြင်း ဖြစ်သည့်အတွက် အခွန်အခများကောက်ခံမှုနှင့် အခွန်အခများအပေါ် စီမံခန့်ခွဲမှုများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ ဥပဒေစာရင်းတွင်ပါရှိသော အပိုဒ် ၁၉ ၏ နောက်တွင် ထပ်မံဖြည့်စွက်သည့် အပိုဒ် ၂၉ အရ ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ဆောင်ရွက်ခွင့်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အခွန်အခများကို တိုင်းဒေသကြီးနှင့်ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် သဘာဝဓာတ်ငွေ့ ရောင်းရငွေ၏ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေရန်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၀ အပိုဒ်ခွဲ (ဃ) အရ နှစ်စဉ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေများအား ဖြည့်ဆည်းပေးရခြင်းကြောင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန် အစီအစဉ်မရှိသေးပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အား ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းခမ်းအေး (နမ္မတူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်ကို ပြန်လည်သုံးသပ်မည်ဆိုပါက ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အသုံးပြုလျှင် နိုင်ငံတစ်ဝန်းတွင် ပေးရန်အတွက် စဉ်းစားထားလျက် ရှိပါသည်ဆိုပြီး မြင်ရမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် ထိုက်သင့်သည့် အချိုးတစ်ရပ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို လွှဲပြောင်းပေးရန် နိုင်ငံတော်မှ စဉ်းစားသုံးသပ်လျက် ရှိပါသည်ဆိုသည့်ကိစ္စများသည် စွမ်းအင်ဝန်ကြီးဌာနက ဖြေကြားချက်များဖြစ်ပါကြောင်း၊ တင်ပြထားသည့်အတိုင်း စာအမှတ်များလည်း ရှိနေပါကြောင်းနှင့် ဖြေကြားသွားသည့် အဖြေထဲတွင်လည်း Gas အကျိုးအပြစ်အတွက် ဆောင်ရွက်နေပါသည်ဆိုသည့် အခြေအနေများ ရှိနေသည့်အတွက်ကြောင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်စာရင်းတွင် ထည့်သွင်းခြင်း မရှိသေးခြင်းဆိုသည်မှာ Gas အတွက်ဖြစ်မည့် အကျိုးအပြစ်များ ဖွံ့ဖြိုးရေး လုပ်ငန်းများစသည့် မိမိတို့ရသင့်ရထိုက်သည့် သီးသန့်ငွေများသာ ဖြစ်ပါကြောင်း၊ ဆင်ဟွာသတင်းဌာနက မိမိတို့နိုင်ငံသည် နှစ် (၃၀) ကြာ ခံစားရမည်ဟု ပါရှိထားပါကြောင်း၊ နောက်ပြီး မိမိတို့ဒေသများအတွက် ပြုလုပ်ပေးနေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများသည်လည်း ကုမ္ပဏီက လှူဒါန်းငွေဆိုခြင်းဖြစ်ပြီး ရသင့်ရထိုက်သည့်၊ နိုင်ငံတော်အတွက် ခိုင်ကြေးများမဟုတ်ပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝကိုစတေးပြီး နိုင်ငံအကျိုးအတွက် အနစ်နာခံသည့် ဒေသများ၏ ရသင့်သည့် အကျိုးအမြတ်များကို တရားမျှတစွာ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မည်သည့်အချိန်တွင် ထည့်သွင်းရေးဆွဲမည်ကိုလည်း ဖော်ပြသင့်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းနှင့် ပတ်သက်သည့် အမြတ်ငွေကို ရှမ်းပြည်နယ်ဘဏ္ဍာသို့ ထည့်သွင်းပေးရန်နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်၍ ပွင့်လင်းမြင်သာမှုရှိစွာ မည်သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဝင်ငွေများအားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံဘဏ္ဍာရန်ပုံငွေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နှစ်စဉ်ပြည်ထောင်စုဝန်ကြီး ဌာနများအားလုံးကို သော်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၏ ဖွံ့ဖြိုးရေးရန်ပုံငွေများကို သော်လည်းကောင်း ဘတ်ဂျက်များ ခွဲဝေချထားပေးခြင်း ဖြစ်သည့်အတွက်ကြောင့် ဤစီမံကိန်းမှရရှိသည့် အကျိုးအမြတ်များသည် မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အားလုံးအတွက် ဖြည့်ဆည်းပေးနေသော အနေအထားရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
