(က)-မာန်အောင်မြို့နယ်၊ရဲကျွန်းပေါ်ရှိပြည်သူများ လုံခြုံမှုအတွက် ရဲစခန်း သို့မဟုတ် ရဲကင်း ချထား ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u tin nu aungမာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလားပင်လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျွန်းကြီးဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ မြို့ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၃၇ ရွာ၊ ကျေးရွာအုပ်စု ၃၆ အုပ်စုဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ရဲကျွန်းအုပ်စုသည် မာန်အောင်ကျွန်း၏ အရှေ့ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ၎င်းကျွန်းပေါ်တွင် ရဲကျွန်းမြောက်ရွာနှင့် ရဲကျွန်းတောင်ရွာ ဟုခေါ်သည့် ရွာကြီး နှစ်ရွာရှိပါကြောင်း၊ တောင်ရွာနှင့် မြောက်ရွာသည် အိမ်ခြေ ၆၀၀ ခန့်၊ လူဦးရေ ၁၈၀၀ ကျော် ရှိပါကြောင်း၊ ရဲကျွန်းမြောက်ရွာတွင် တွဲဖက်အစိုးရ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျေးလက် ကျန်းမာရေး ဌာနတစ်ခု ရှိကြပါကြောင်း၊ ရဲကျွန်းပေါ် နေထိုင်ကြသည့် ပြည်သူများသည် စီးပွားရေး၊ ပညာ‌ရေး၊ ကျန်းမာရေး အဆင်ပြေကြသော်လည်း လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှု ရှိကြသည့်အတွက် စီးပွားရေး အဆင်ပြေသူ တချို့အနေဖြင့် ရဲစခန်းရှိသည့် မာန်အောင်မြို့နှင့် တောင်ကုတ်မြို့များကို ပြောင်းရွှေ့နေကြသည်ကိုလည်း သိရှိရပါကြောင်း၊ မိုးရာသီ ရောက်ပြီဆိုပါက ရဲကျွန်းပေါ် နေထိုင်ကြသည့် ပြည်သူများသည် လုံခြုံမှုအတွက် ပိုမိုစိတ်သောက ရောက်ကြရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဘဝလုံခြုံရန်အတွက် ရဲကျွန်းပေါ်တွင် ရဲစခန်း သို့မဟုတ် ရဲကင်းချထားပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင် မြို့နယ်သည် အကျယ်အဝန်း အားဖြင့် ၂၀၂.၀၅ စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ရမ်းဗြဲရေလက်ကြား၊ မြောက်ဘက်တွင် ရမ်းဗြဲကျွန်းနှင့် ရမ်းဗြဲရေလက်ကြား၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ဘင်္ဂလားပင်လယ်အော်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါကြောင်း၊ မာန်အောင်မြို့နယ်တွင် ရေလယ်ကျွန်းများဖြစ်သည့် မာန်အောင်ကျွန်း၊ ရဲကျွန်း၊ တိုက်ကျွန်း တို့ရှိပြီး ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာ၊ အိမ်ခြေ ၁၃၄၉၉ ခု၊ အိမ်ထောင်စုပေါင်း ၁၅၅၃၀ စုရှိပြီး လူဦးရေအားဖြင့် လက်ရှိစာရင်းဇယားများအရ ၅၃၈၂၇ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် ရေလုပ်ငန်းနှင့်စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါကြောင်း၊

မာန်အောင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၁ ရုံး၊ မာန်အောင်မြို့မရဲစခန်းနှင့် ဆားချက် နယ်မြေရဲစခန်း တို့ရှိပြီး မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အားအရ အရာရှိ ၂၇ ဦး၊ အခြားအဆင့် ၁၁၄ ဦး စုစုပေါင်း ၁၄၁ ဦး ခွင့်ပြုထားသော်လည်း ယခုအချိန်တွင် အရာရှိ ၁၂ ဦး၊ အခြားအဆင့် ၈၉ ဦး စုစုပေါင်း ၁၀၁ ဦးနှင့်လည်းကောင်း၊  ဆားချက်နယ်မြေ ရဲစခန်း၏ ဖွဲ့စည်းပုံအရ အရာရှိ ၈ ဦး၊ အခြားအဆင့် ၃၇ ဦး စုစုပေါင်း ၄၅ ဦး ရှိသော်လည်း ယခုအချိန်တွင် အရာရှိ ၁ ဦး၊ အခြားအဆင့် ၂၂ ဦး စုစုပေါင်း ၂၃ ဦးတို့ဖြင့် လည်းကောင်း လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မာန်အောင်မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု အခြေအနေသည် ၂၀၁၆ ခုနှစ်တွင် အမှုကြီးသုံးမှု၊ အခြားအမှု ၇၄ မှုနှင့် ၂၀၁၇ ခုနှစ် ဇွန်လအထိ အခြားအမှု ၃၃ မှုဖြစ်ပွားခဲ့ပါကြောင်း၊ ဆားချက်နယ်မြေ ရဲစခန်းထဲတွင် ၂၀၁၆ ခုနှစ်၌ အခြားအမှု ခြောက်မှုနှင့် ၂၀၁၇ ခုနှစ်၊ ဇွန်လအထိကို အခြားအမှုခုနှစ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ဆားချက်နယ်မြေရဲစခန်း အပိုင်နယ်မြေရှိ ရဲကျွန်းကျေးရွာအုပ်စုသည် အမှုဖြစ်ပွားမှုအနေနှင့်၂၀၁၅ ခုနှစ်တွင် အခြားအမှု ၁ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဇွန်လ အထိ မှုခင်းများဖြစ်ပွားမှု မရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊

ရဲကျွန်းကျေးရွာအုပ်စုသည် ရဲကျွန်းတောင်ရွာနှင့် ရဲကျွန်းမြောက်ရွာ ဟူရှိပြီး ကျေးရွာနှစ်ရွာ၏ အိမ်ခြေစုစုပေါင်းသည် ၆၁၀ ခု၊ အိမ်ထောင်စု ၆၁၀ စု၊ လူဦးရေစုစုပေါင်း ၂၂၅၀ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အဓိကစီးပွားလုပ်ငန်းအဖြစ် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပါကြောင်း၊ ရဲကျွန်း ကျေးရွာအုပ်စုသည် ဆားချက်နယ်မြေရဲစခန်းမှ ရေမိုင် ၁၀ မိုင် ခန့်ကွာဝေးပြီး စက်လှေနှင့် တစ်နာရီ ခန့် သွားရောက်ရပါကြောင်း၊ ဆားချက်နယ်မြေ ရဲစခန်းတွင်ရှိသည့် တပ်ဖွဲ့ဝင်များက ရဲကျွန်းကျေးရွာအုပ်စုသို့ လှည့်ကင်းအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ပြီး နယ်မြေသတင်းစုံစမ်းခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ကြပါကြောင်း၊

သို့ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မာန်အောင်မြို့နယ်၊ ရဲကျွန်းပေါ်ရှိ ရဲကျွန်းကျေးရွာ အုပ်စုအတွင်း လူဦးရေအခြေအနေနှင့် မှုခင်းဖြစ်ပွားမှု နည်းပါးသည့်အတွက်ကြောင့် ဆားချက်နယ်မြေရဲစခန်းမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု လွှမ်းခြုံရေး လုပ်ငန်းများကို ပူးတွဲတာဝန် ထမ်းဆောင် ပေးလျက်ရှိသည့်အတွက် ရဲကင်း စခန်းချထားပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆားချက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် လှည့်ကင်းများ ဆောင်ရွက်ပြီး လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။