မေးခွန်း အကြောင်းအရာ
ပုဏ္ဏားကျွန်းမြို့နယ် (မြောက်ပိုင်း) ရှိ ယိုးတရုတ်ကျေးရွာသည် ရန်ကုန်-စစ်တွေကားလမ်းမကြီးဘေးတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၁၂၀၀ ကျော်ရှိပါကြောင်း၊ ယခုအစိုးရသစ်လက်ထက် ရခိုင်ပြည်နယ်လွှတ်တော်တွင် ယိုးတရုတ်ကျေးရွာကို မြို့အဖြစ် အဆင့်တိုးမြှင့်ရန် သဘောတူဆုံးဖြတ်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက် လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယိုးတရုတ်တိုက်နယ်ဆေးရုံသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တိုက်နယ်ဆေးရုံ သုံးခုရှိသည့်အနက် ပထမဆုံးခွင့်ပြုပေးခဲ့သော တိုက်နယ်ဆေးရုံဖြစ်ပါကြောင်း၊ ၎င်းဆေးရုံသည် ပုဏ္ဏားကျွန်း မြို့နယ်(မြောက်ပိုင်း) ကျေးရွာ ၅၇ ရွာ၊ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ငါးရွာ စုစုပေါင်းကျေးရွာ ၇၄ ရွာမှ လူဦးရေ ၅၀၀၀၀ ခန့်ရှိ ပြည်သူများက အားကိုးနေရသော တိုက်နယ်ဆေးရုံဖြစ်ပါကြောင်း၊
ယိုးတရုတ်တိုက်နယ်ဆေးရုံအဆောက်အအုံသည် နိုင်ငံတော်အစိုးရက စနစ်တကျတည်ဆောက် ပေးထားသော ဆေးရုံအဆောက်အဦ မဟုတ်ပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာ ၅၇ ရွာ မှ လွန်ခဲ့သောနှစ်ပေါင်း ၃၆ နှစ်ကပင် ပြည်သူများကကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားသော အဆောက်အဦဖြစ်ပါကြောင်း၊ ယိုးတရုတ် တိုက်နယ်ဆေးရုံတွင် ရိုးရိုးသူနာပြုဆရာမနည်းသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအခက်အခဲနှင့် ရင်ဆိုင်ခဲ့ ရပါကြောင်း၊ အချိန်ကိုလု၍ ဆေးကုသပေးရမည့်အရေးပေါ်လူနာပေါ်ပေါက်လာပါက အသက်အန္တရာယ် မဆုံးရှုံး သွားနိုင်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဝန်ထမ်းကိုးဦးအထိ ရရှိနေသော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ တိုက်နယ်ဆေးရုံမှာ ဝန်ထမ်းအင်အားအပြည့်အဝ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ခန့်ထားပေးပါမည်နည်း၊မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ၁၆ ခုတင်မှ ခုတင် ၂၀၀၀ အထိဆေးရုံကြီးများရှိပါကြောင်း၊ နိုင်ငံ၏အခြေအနေအရ ၎င်းဆေးရုံကြီးများတွင် ခွင့်ပြု၊ ခန့်ထား၊ လစ်လပ်အကုန်လုံးကို၊ ဝန်ထမ်းမျိုးစုံကို မခန့်နိုင်သေးပါကြောင်း၊ ယခုလိုမခန့်ထားနိုင်သည်မှာ မိမိတို့ထုတ်လုပ်မှုကို စနစ်တကျ Plan များချပြီးမထုတ်နိုင်သည့်အတွက် ယခုအချိန်တွင် Humiliate Effect စပြီးခံစားရသော်လည်း မကြာမီ်နှစ်များတွင် အကုန်လုံးပြန်လည် ပြေသွားမည် ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်သည် ချက်ချင်းဖြေရှင်း၍မရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် တိုက်နယ်ဆေးရုံ ၄၆ ခုရှိပါကြောင်း၊ ၎င်း၄၆ ရုံတွင် တိုက်နယ်ဆေးရုံတစ်ရုံဆိုပါက ထုံးစံ တစ်ဦး+တာဝန်ခံဆရာ နှစ်ဦးရှိပါကြောင်း၊ တိုက်နယ်ဆေးရုံတစ်ဦးစီခန့်ထားနိုင်သော်လည်း ရခိုင်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံ ၄၆ ရုံတွင် ဌာနကင်းကွာခြင်း၊ ခွင့်ရက်ရှည်ယူခြင်း၊ ပညာသင်ဘွဲ့လွန်တက်ရောက်ခြင်းအပြင် ဆေးရုံငါးရုံကလည်း ဆောက်လုပ်မပြီးသေး ပါကြောင်း၊ တိုက်နယ်ဆေးရုံ ၁၇ ရုံတွင် လက်ထောက်ဆရာဝန် ကာလတို၊ ကာလရှည် လစ်လပ်နေသောကြောင့် ရခိုင်ပြည်နယ်ကုသရေးဦးစီးမှူးအနေဖြင့် ဆရာဝန်များကိုသုံးလထက်မပိုသော Rotation နှင့် စေလွှတ်တာဝန် ချထားပေးပြီး လုပ်ငန်းလိုအပ်ချက်ကိုဖြေရှင်းလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ယိုးတရုတ်တိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်တစ်ဦးသာ ထပ်မံခန့်ထားပေးနိုင်ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် လာမည့် ရက်သတ္တပတ် တစ်ပတ်အတွင်း ထပ်မံ၍ဆရာဝန်အသစ် ၁၇၀၀ ခန့်အပ်ရန် လျှောက်လွှာခေါ်မည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့ကလည်း သဘောတူပြီးဖြစ်သည့်အတွက် မိမိတို့အတွက် ဆရာဝန် ၁၇၀၀၊ စည်ပင်အတွက် ၂၀ နှင့် လျှပ်စစ်ဝန်ကြီးဌာန တစ်ဦး စုစုပေါင်း ၁၇၂၁ ဦးခေါ်မည်ဖြစ်ပါကြောင်း၊ သွားဆရာဝန် ၇၀၀ ခေါ်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် သွားလာရခက်ခဲသောဒေသဖြစ်သည့်အတွက် ဆရာဝန်ရရှိပါက ဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်တိုက်နယ်ဆေးရုံတွင် အထက်တန်းသူနာပြု ခွင့်ပြု နှစ်ဦး၊ ခန့်ထားနှစ်ဦး၊ သူနာပြုအောက်အဆင့် ခွင့်ပြု လေးဦး၊ ခန့်ထား တစ်ဦး၊ လစ်လပ်သုံးဦးရှိသော်လည်း စုစုပေါင်းသူနာပြုသည် နိုင်ငံရှိ အခြားတိုက်နယ်ဆေးရုံများရှိ သူနာပြုနှင့်ပတ်သက်၍နှိုင်းယှဉ်ပါက အခြေအနေအတော်အသင့် ကောင်းမွန်သည်ဟု ယူဆရပါကြောင်း၊ သို့သော်လည်း စစ်တွေတွင် သားဖွားနှင့်သူနာပြုကျောင်းမှ တစ်နှစ်လျှင် သားဖွား ၆၀၊ သူနာပြု ၇၀ ခန့်ထွက်ပါကြောင်း၊ ယခု ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် သူနာပြု ၇၃ ဦးထွက်ပါကြောင်း၊ ၎င်းတို့ကို ရခိုင်ပြည်နယ်၊ စစ်တွေတွင် တာဝန်ချမည်ဖြစ်သည့်အတွက် သူနာပြုများကိုသာ မိမိတို့ပေး၍ ရသော်လည်း ဆရာဝန်များကို ယခု ပေး၍မရသေးပါကြောင်း၊ ဆရာဝန် ၁၇၀၀ ခန့်ထားသည့်အခါတွင် ခက်ခဲသောတိုက်နယ်ဆေးရုံတွင် ဆရာဝန်ထပ်ပေးမည်ဖြစ်ပါကြောင်း၊ သို့သော် ရခိုင်ပြည်နယ်ရှိတိုက်နယ်ဆေးရုံတစ်ခုတည်းကိုသာ ကြည့်၍မရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၎င်းတိုက်နယ်ဆေးရုံသို့လာသည့်လူနာဦးရေ အရေအတွက်၊ ခက်ခဲသောဒေသရှိ တိုက်နယ်ဆေးရုံကို ဦးစားပေးရပါကြောင်း၊ ကျွမ်းကျင်ဝန်ထမ်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကုသရေးဦးစီးဌာန၏ ၂၀-၃-၂၀၁၇ ခုနှစ် နေ့စွဲပါစာအမှတ်၊ ၃၇၆ (ကုသကျွမ်းကျင်) ၄/၂၀၁၇ ဖြင့်ခန့်ထားပြီးဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်-၄(ဆေးစပ်) ခွင့်ပြုတစ်ဦး၊ ခန့်ထားတစ်ဦးရှိပါကြောင်း၊ လစ်လပ်လျက်ရှိသော ဆေးထည့်လုပ်သား၊ အထွေထွေလုပ်သားနှင့် လုံခြုံရေးရာထူးများအတွက် ၂၀-၁-၂၀၁၇ ရက်စွဲ ပါစာအမှတ်၊ ၁(က)၁/၂၀၁၇-၀၀၂၃ ဖြင့် ခန့်ထားခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ၎င်းတိုက်နယ်ဆေးရုံတွင် ၁၉ ဦးရှိရမည်ဖြစ်သော်လည်း ၁၄ ဦးခန့်ထားသောကြောင့် ၇၄ ရာခိုင်နှုန်း ရှိသည့်အတွက် အတော်အသင့်ကောင်းမွန်သည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
