(က)-ကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများတရားဝင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊စစ်ဆေးပြီးသောဓာတ်ခွဲ ခန်း အဖြေများအား မည်သို့ဆောင်ရွက် ပေးနိုင် မည်နှင့်ပြည် သူ့ဆေးရုံရှိ လူနာများအတွက် MRI စက်ကြီးများတိုးပေးနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr than aung soeကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများသည် တရားဝင်မှတ်ပုံတင်ထားတာရှိ/မရှိ၊ မှတ်ပုံတင် ထားရန် လိုအပ်သည့်အချက်အလက်များနှင့် မည်သည့်ဌာနကမှတ်ပုံတင်ခွင့်ပြု လက်မှတ် ထုတ်ပေးသည်၊ ဓာတ်ခွဲအ‌ဖြေများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများ၊ ဆေးရုံ၊ ဆေးခန်း များ၌ ကုသမှုခံယူရာတွင် စစ်ဆေးပြီးဓာတ်ခွဲအဖြေများကို အတည်ယူခြင်းရှိဘဲ ထပ်မံစစ်ဆေးခြင်း များကို မည်သို့ဆောင်ရွက်ပေးနိုင်မည်၊ ပြည်သူ့ဆေးရုံကြီးများတွင် တက်ရောက်နေသော လူနာများအတွက် ပြင်ပဆေးခန်းများတွင် သွားရောက်၍ MRI ရိုက်နေရရခြင်းကြောင့် ဆေးရုံကြီး များတွင် MRI စက်ကြီးများအား Magnetic Resonance Imaging တိုးပေး နိုင်ခြင်းရှိ/မရှိတို့နှင့် ပတ်သက်၍ မေးမြန်းခြင်းဖြစ်ပါကြောင်း၊

 တိုးတက်လာသော ခေတ်နှင့်အညီ ကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများစွာ ပေါ်ပေါက်လာပြီး စိတ်ချယုံကြည်ရသော ဓာတ်ခွဲခန်းများလိုအပ်ပါကြောင်း၊  ဓာတ်ခွဲအဖြေများသည် ရောဂါ ခံစားရ ခြင်းကိုသာ ဖော်ပြခြင်းသာမက လူမှုဆက်ဆံရေးနယ်ပယ်အထိ ထိခိုက်စေသည့်အတွက် မည်မျှထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကို ပြည်သူများ သိစေချင်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါ ကြောင်း၊  

ဓာတ်ခွဲသွေးအဖြေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည့် ဥပမာ-Biochemistry Result ကဲ့သို့ စစ်ဆေးခြင်းမျိုးကို နေ့စဉ် (သို့မဟုတ်) မနက်၊ ည စစ်ဆေးရခြင်းမျိုးရှိသကဲ့သို့   တချို့ အဖြေများကို လူနာရှင်ကိုယ်တိုင် သံသယရှိ၍ ထပ်မံ စစ်ဆေးခြင်းမျိုးလည်း ရှိပါကြောင်း၊ အချိန်တို၊ နေ့ရက်တိုအတွင်း မပြောင်းလဲနိုင်သည့် စစ်ဆေးမှုများကို ဆရာဝန်များ၊ ဆေးခန်းများ ပြောင်းသွားပါက ထပ်မံစစ်ဆေးခိုင်းမှုများရှိနေခြင်းကြောင့်  ပြည်သူများအနေဖြင့် ဓာတ်ခွဲခန်း စစ်ဆေးခဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်ရပါကြောင်း၊ ထို့ကြောင့် မလိုအပ်သည့် ထပ်မံစစ်ဆေးမှုများ မဖြစ်ပေါ်စေရန် မည်သို့ ထိန်းချုပ်ကူညီနိုင်မည်ကို သိရှိလိုပါကြောင်း၊  ပြည်သူ့ဆေးရုံကြီးများတွင် သက်ဆိုင်ရာ စစ်ဆေးရမည့် အဆင့်မြင့်စက်ကြီးများ မရှိခြင်းကြောင့် ပြင်ပဆေးခန်းကြီးများ စေလွှတ် စစ်ဆေးခိုင်းသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ပြည်သူ့ဆေးရုံကြီးများတွင် MRI ကဲ့သို့ ခေတ်မီစက်ကြီးများကို ဖြည့်ဆည်း ပေးရန်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweပထမအချက်နှင့်စပ်လျဉ်း၍ တရားဝင်မှတ်ပုံတင်ရှိမှသာလျှင် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိပါကြောင်း၊ မိမိတို့သိရှိချက်အရ ယခုအချိန်ထိ တရားဝင်မှတ်ပုံမတင်ဘဲ ဖွင့်ထားခြင်းမရှိပါကြောင်း၊ တရားမဝင်ဖွင့်လှစ်ထားမှုများကို ရပ်ကွက်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများမှ တိုင်ကြား လာပါက သက်ဆိုင်ရာမြို့နယ်ဆရာဝန်နှင့်အဖွဲ့က ချက်ချင်းသွားရောက် ပိတ်မည်ဖြစ်ပါ ကြောင်းနှင့် လိုင်စင်မရှိဘဲ ဖွင့်လှစ်မှုများအပေါ် ဥပဒေတွင်ပါရှိသည့်အတိုင်း အရေးယူဆောင်ရွက် မည်ဖြစ်ပါကြောင်း၊

ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့် များကို အသုံးပြုပြီး အခြေခံဓာတ်ခွဲ၊ သာမန်ဓာတ်ခွဲ၊ အထူးဓာတ်ခွဲဟူ၍ ပုဂ္ဂလိကရောဂါရှာဖွေရေး ဓာတ်ခွဲခန်းအမျိုးအစားသုံးမျိုးရှိပါကြောင်း၊ အဆိုပါ ဓာတ်ခွဲခန်းသုံးခုအတွက် အခြေခံလိုအပ်ချက် များကို ၂၀၁၇ ခုနှစ်အတွင်း၌ အမိန့်ကြော်ငြာစာ သို့မဟုတ် ညွှန်ကြားချက် ထုတ်ပြန်သွား မည်ဖြစ်ပြီး လိုအပ်ချက်များပြုစုခြင်းကို ကျန်းမာရေး ဦးစီးဌာနနှင့် National Health Level အမျိုးသားဓာတ်ခွဲတို့က ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဓာတ်ခွဲခန်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို တာဝန်ပေးခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် စစ်ဆေးပြီး လိုင်စင်ထုတ်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဆိုင်ရာ လိုင်စင် သက်တမ်းတိုးပြီးလျှောက်လာမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်နယ်၊ ခရိုင်ကြီးကြပ်ရေး ကော်မတီက ကွင်းဆင်းစစ်ဆေး၍ လိုင်စင်ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ မြန်မာပြည်တစ်ပြည်လုံးရှိ ဓာတ်ခွဲခန်းနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေကို Holistic Review လွှမ်းခြုံရန် ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)ကို တာဝန်ပေးထားပြီးဖြစ်ပါကြောင်းနှင့် အဖြေရရှိ လာပြီးဖြစ်ပါက ဓာတ်ခွဲခန်းလုပ်ငန်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိကနှင့် ပြည်သူများလိုက်နာ ဆောင်ရွက်ရမည့်  Roadmap ပေါ်မူတည်ကာ တစ်ခုချင်းဆောင်ရွက်သွားရန်ရှိပါကြောင်း၊ဓာတ်ခွဲခန်းအဖြေနှင့် ပတ်သက်ပြီး Checking Mechanismများလည်း ရှိပါကြောင်း၊

မေးခွန်း(၂)နှင့် ပတ်သက်၍ မှတ်ပုံတင်ရန်လိုအပ်ချက်နှင့်ပတ်သက်ပြီး သီးသန့်လျှောက်လွှာ မရှိသော်လည်း မှတ်ပုံတင်ရာတွင် ဆေးရုံ၊ ဆေးခန်းလိုင်စင်ပါ ပူးတွဲလျှောက်ရပါကြောင်း၊ ထိုသို့လျှောက်ရာတွင်လည်း အချက်ကြီးကိုးချက်ရှိပြီး ပုံစံ(၄)ဟူ၍ရှိပြီး အချက်ငယ်ပေါင်းများစွာ ပါဝင်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင်ရှိသည့် ကုသရေးဦးစီးမှူးက တာဝန်ယူဆောင်ရွက် ပါကြောင်း၊ သို့သော်လည်း ပုဂ္ဂလိကဓာတ်ခွဲခန်းတွင် အခြေခံ၊ သာမန်၊ အထူးဆိုပြီး သုံးမျိုးရှိ ပါကြောင်း၊ အခြေခံဓာတ်ခွဲခန်းတွင် ၁၉ မျိုး၊ သာမန်ဓာတ်ခွဲခန်းတွင် ၁၉ မျိုး + ၂၅  မျိုး၊ အထူး ဓာတ်ခွဲခန်းတွင် ၁၉ + ၂၅ + ၂၈ = ၇၂ မျိုးဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ခွင့်ပြုပေးထားသော ၇၂ မျိုးအောက်တွင် ဆောင်ရွက်နိုင်သည့်အမျိုးပေါင်း ၁၀၀ ကျော်ခန့်ကို လုပ်ပိုင်ခွင့် ပေးထားကြောင်း၊

လိုင်စင်မှတ်ပုံတင်သက်တမ်းတိုးရန်အတွက် သီးသန့်လျှောက်လွှာ ပုံစံ(၇)ရှိပြီး စုစုပေါင်း ခုနစ်ချက် ပါရှိပါကြောင်း၊ ဓာတ်ခွဲခန်းများကို လိုင်စင်ပေးခြင်းများအပြင် အချက်ပေါင်း ၅၀၀ ပါဝင် သည့် CheckListနှင့်စနစ်တကျစစ်ဆေးရပါကြောင်း၊ အခြေခံရိုးရိုးဓာတ်ခွဲခန်းတွင် တာဝန်ခံ ဆရာဝန် ဓာတ်ခွဲ ကျွမ်းကျင် (၁)၊ (၂)၊ (၃)ဖြင့်လည်းကောင်း၊ သာမန်တွင် ရောဂါဗေဒဆရာဝန်၊ ဓာတ်ခွဲကျွမ်းကျင်(၂)၊ (၃)၊ (၄)ဖြင့်လည်းကောင်း၊ အထူးတွင် အထူးကုဆရာဝန် ရောဂါဗေဒ(Pathologist)၊ အထူးကုဆရာဝန် အဏုဇီဝဗေဒ Micro Biologist၊ အထူးကုဆရာဝန် ဇီဝဓာတုဗေဒ(Bio Chemiist)၊ ကျွမ်းကျင် (၂)၊ (၃)၊ (၄)  ဖြင့်လည်းကောင်းဆောင်ရွက်နိုင်မှသာ လိုင်စင်ပေးသည့်အပြင် အထူးဓာတ်ခွဲများအတွက် Pathologist, Micrbiologist, Bio-chemist မရှိပါက လုံးဝလိုင်စင်ချထားပေးခြင်းမရှိပါကြောင်း၊ Kick Backနှင့် ပတ်သက်၍လည်း မိမိ ကိုယ်တိုင်သွားပြီး နားထောင်ခြင်း၊ အကြံလည်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင်‌့ တိတိကျကျလုပ်ကိုင် လျက်ရှိသော်လည်း လိုအပ်ချက်များ အနည်းငယ်ရှိပါကြောင်းနှင့် အဆိုပါ လိုအပ်ချက်များကိုဖြည်းဖြည်းခြင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

မေးခွန်း(၃)နှင့် ပတ်သက်၍ အထူးဓာတ်ခွဲခြင်းနှင်‌့ပတ်သက်သော မှတ်ပုံတင်လက်မှတ်ကို နေပြည်တော်၊ ပုဂ္ဂလိကဗဟိုကျန်းမာ ရေးကြီးကြပ်မှုအဖွဲ့မှ ထုတ်ပေးပြီး  အခြေခံနှင့် သာမန် ဓာတ်ခွဲခန်းများကို တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များရှိ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကော်မတီများမှ စစ်ဆေးထုတ်ပေးမည်ဖြစ်ပါကြောင်း၊

နံပါတ်(၄)မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဓာတ်ခွဲခန်းများမှ အဆင်‌့အလိုက် တာဝန်ခံ ရောဂါ ဗေဒ အထူးကုဆရာဝန်၊ တာဝန်ခံဓာတ်ခွဲခန်းဆရာဝန်၊ တာဝန်ခံဓာတ်ခွဲကျွမ်းကျင်သူ ဓာတ်ခွဲ ကျွမ်းကျင်သူ(ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာနမှ သင်တန်းတက်ပြီး သင်တန်း လက်မှတ် ပေးထားသည့်သူများ)က ဓာတ်ခွဲခန်းအဖြေများပေါ်တွင် တာဝန်ယူ တာဝန်ခံခြင်းကို ဆောင်ရွက် လျက် ရှိပါကြောင်း၊ ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင်‌့ပြည်နယ် ကုသရေးဦးစီးဌာနမှ ဓာတ်ခွဲခန်း အရည်အသွေးထိန်းချုပ်ခြင်း၊ စံကိုက်မှ သွေဖီလျှင်ပြုပြင်ပေးခြင်း၊ ပြုပြင်ပြီးက စံကိုက်နှင်‌့ ဝင်/ မဝင်ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းများတွင် မိမိတို့အနေဖြင့် Essential Equality Insurance ကို Skies ဖြင့် အမြဲစစ်ဆေးခြင်းများကို ဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း အကုန်လုံးကို လွှမ်းခြုံဆောင်ရွက်နိုင်မှု မရှိနိုင်သေးပါကြောင်း၊ ထို့ပြင် Natural Accreditation Board ကို  Myanmar Academy of Medial Scienceနှင့် Myanmar Medical Council ပေါင်း၍ National Accreditation Board ဖွဲ့စည်းရန်ရှိပါကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် Over All လွှမ်းခြုံကြည့်ပြီး ဆောက်ရွက်ရမည့်အရာများကို အဆုံးအဖြတ်ပေးရန် ရှိပါကြောင်း၊  ယင်းအဖွဲ့အား ဖွဲ့စည်းရန် လည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

နံပါတ်(၅)မေးခွန်းနှင့် ပတ်သက်၍ ဆေးရုံဆေးပေးခန်းများတွင် တာဝန်ခံကုသပေးသော ဆရာဝန်ပေါ်၌သာလျှင်မူတည်ပြီး ၎င်းမှထပ်မံစစ်ဆေးပေးရန် တောင်းဆိုပါက ထပ်မံ စစ်ဆေး ပေးရမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲအဖြေများကို နောက်ဆုံးသဘော မတူပါက National Reference Centre ဖြစ်သည့် ရန်ကုန်မြို့၊ ဇီဝကလမ်းရှိ အမျိုးသား ဓာတ်ခွဲဌာန(National Health Lab)တွင် အဆုံးအဖြတ်ရယူနိုင်ပါကြောင်း၊  

 နံပါတ်(၆)မေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရုံတွင် လိုအပ်သည့်ဆေးကအစ ပစ္စည်းကိရိယာ MRI Machine, CT Scan အားလုံးကို ဦးစားပေး အလိုက်၊ နှစ်အလိုက် ဝယ်ယူပေးနိုင်ပါကြောင်း၊ သို့သော်လည်း MRI ကို အထူးကုဆေးရုံကြီး၊ ဗဟိုအဆင့်ဆေးရုံကြီးများတွင်သာ ချထားပေးပါကြောင်းနှင့် တစ်ပြည်လုံးတွင် စုစုပေါင်း MRI ၁၂ ခုရှိပါကြောင်း၊ အဆိုပါ MRI ၁၂ ခုကို ရန်ကုန်ဆေးရုံကြီး၊ Yangon New JICA၊ ရန်ကုန် ကလေးဆေးရုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အရိုးအထူးဆေးရုံ (ရန်ကုန်)၊ အရိုးအထူးကု ဆေးရုံ(မန္တလေး)၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော်ခုတင်(၁၀၀၀)၊ စဝ်စံထွန်း ဆေးရုံ၊ မကွေးဆေးရုံများတွင် ထားရှိပါကြောင်း၊  CT Scan စုစုပေါင်းသည်  တစ်ပြည်လုံးတွင် ၄၉ ခုရှိပါကြောင်း၊  MRI Scan 16 Channel 1.5 Tesla များသာရှိပြီး ယခုဆိုလျှင် 3.0 များ ပါပေါ်ထွက်လာဖြစ်ကြောင်းနှင့် တစ်ယူနစ်တန်ဖိုးသည်  ဝယ်မည်ဆိုပါက သန်းပေါင်း ၁၈၁၈ သန်း၊ MRI Scan Low Magnetic Field Permanence  1 Unit ၏တန်ဖိုးသည်သန်း ၇၀၀ ရှိပါကြောင်း၊  MRI ကို ရောဂါကြီးများရှာဖွေရာတွင်သာ အသုံးပြုရပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသည့် အောက်တိုဘာလတွင် ဆေးရုံတက်ပြီး ဒီဇင်ဘာလရောက်မှ MRI ရိုက်ရသည့် ကိစ္စရပ်အပေါ်တွင်လည်း မိမိထံတင်ပြပေးပါက ပြန်လည်သုံးသပ်ပေးပါမည်ဖြစ်ပါကြောင်း၊

MRI စက်ကို ဝယ်ယူရေးနှင့် ပတ်သက်၍ မိမိတို့ဌာနမှ ဘတ်ဂျက်တင်ရာတွင် ကန့်ကွက်ခြင်းမရှိဘဲ ထောက်ခံပေးမည်ဆိုပါက ဝယ်သူသွားမည်ဖြစ်ပါကြောင်း၊ JICAနှင့် အိန္ဒိယ အစိုးရကလည်း MRI စက်များကို လှူဒါန်းထားပါကြောင်း၊ ဆရာဝန်တစ်ယောက်သည် မည်မျှပင် တော်စေကာမူ ဓာတ်ခွဲခန်းက ထွက်လာသောအဖြေမှားလျှင် ဆရာဝန်တော်ခြင်းသည် မည်သို့အသုံးမဝင် ဖြစ်နိုင်သည့်အတွက် အဆိုပါကိစ္စကို ပထမဦးစားအနေဖြင့် ဆောင်ရွက်ရန်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။