(စ)-မိုးရာသီကာလတွင် မိုးစပါးများနှစ်စဉ်ရေမြုပ်မှု များကြောင့် ဒါးကမြစ်နှင့် အိမ်မဲချောင်းတို့အား ရေ စီးရေလာ ကောင်းမွန်ရေးအတွက် မြစ်နုန်းများ ဆယ်ယူပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၁.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u thein tunဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းကုန်းမြို့နယ်သည် နှစ်စဉ်ရေကြီးပါက ဧကပေါင်း ၃၀၀၀၀ ကျော် ခန့်ပျက်စီးပါကြောင်း၊ ဒါးကချောင်းကြီးသည် ပေ အကျယ် ၆၀၀ ခန့်ရှိပြီး ရေထုတ်သည့် ချောင်းမှာ ပေ ၂၀၀ ခန့်ရှိသည့် ကျောင်းကုန်း-မင်းမနိုင်-အိမ်မဲချောင်းဖြစ်ပါကြောင်း၊ ကျောင်းကုန်း-အိမ်မဲ ချောင်းလေးမှ ရေနုတ်မြောင်းဖြစ်သည့် အတွက်ကြောင့် ၎င်းမြောင်းသည် အဓိကကျသည့် မြောင်းဖြစ်ပါကြောင်း၊ ရေနုတ်မြောင်းများ ကောင်းမွန်စေရန်အတွက် ဒါးကမြစ်မှလာသည့် ကန်ကြီးထောင့်၊ ကန်ကြီးထောင့်မှ သာပေါင်း၏ အောက်ဘက်တွင်ရှိသည့် ရွှေမျှင်များ၏ အထက်တွင် ဇီးဖြူကုန်းကိုဆင်းသည့် ချောင်းကိုကြည့်မည်ဆိုလျှင် ကွေ့ပေါင်း ၁၃ ခုခန့် ဖြစ်နေပါကြောင်း၊ အဆိုပါကွေ့များသည် ရေစီးဆင်းမှုကို နှောင့်နှေးစေသည့်အတွက် ရေစီးရေလာကောင်းမွန်စေရန် ပညာရှင်များကွင်းဆင်းစစ်ဆေးပြီး အကွေ့ အ‌ကောက် မြောက်မြားစွာကို ဖြေလျော့ပေးရမည် ဖြစ်ပါကြောင်း၊

ဂျုံးဂျုံးကျရေနုတ် မြောင်းသည် ကျောင်းကုန်းမြို့နယ်အပါအဝင် ကျုံပျော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်က မြစ်ရေများကို ထိုချောင်းမှတဆင့် မြစ်ရေ ကြီးမှုကို ‌ရေနုတ်မြောင်းကြီးဖြစ်ပါကြောင်း၊ ဂျုံးဂျုံးကျမြောင်း၏ ထိပ်ဖျားတွင် ကော့သလန်ရေထိန်းတံခါးကိုလည်း တည်ဆောက် ထားပါကြောင်း၊ ၎င်းရေထိန်းတံခါးသည် ကျုံပျော်နှင့် ပန်တနော်ကို ရေမျှတအောင်ဆောင်ရွက်ပေးသည့် ရေထိန်းတံခါးဖြစ်သော် လည်း တောင်သူလယ်သမားများအတွက် နှစ်စဉ်ပြဿနာနှင့် ကြုံတွေ့နေရသည့် ရေထိန်းတံခါးဖြစ်ပါကြောင်း၊ ထိုရေထိန်းတံခါး၏ ရေရင်းသည် ၁၄ ပေနှင့် ၅ လက်မရှိသည့်အတွက် ရေက ၁၄.၅  ပေရှိမှ ပန်းတနော်ဘက်ခြမ်းသို့ ရေကကျော်သွားသည့်အတွက်ကြောင့် သီးနှံများပျက်စီးသကဲ့သို့ ကျောင်းကုန်း မြို့နယ်တွင်လည်း ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါကြောင်း၊   သို့ဖြစ်ပါ၍ ကျောင်းကုန်းတွင်ရှိသော မြို့နယ်များတွင် အသုံးပြုသည့် ဒါးကမြစ်ချောင်းနှင့် ရောင်ကြီး၊ အိမ်မဲ၊ ကျောင်းကုန်း၊ မင်းမနိုင်ချောင်းကိုလည်း မြစ်နုန်းများဆည်ယူရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်ဘတ်ဂျက်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin mgဒါးကမြစ်သည် ကန်ကြီးထောင့်ထဲမှ ငဝန်မြစ်ထဲကို စီးဝင်ပါကြောင်း၊ ငဝန်မြစ်နှင့် ဆက်စပ်နေသည့်အတွက် ဒီရေအတက်ရှိသည့် မြစ်တစ်စင်းဖြစ်ပါကြောင်း၊ ဒါးကမြစ်ကမ်းနံဘေးတွင် နေထိုင်ကြသော လူနေအိမ် များကလည်း အမှိုက်များစွန့်ပစ်ကြပါကြောင်း၊ မြစ်အတွင်းရောက်ရှိလာသော အမှိုက်များ၊ နုန်းအနည်များ၊ ဗေဒါပင်အမြစ်များကထိန်းသည့်အတွက် အနည်ကျမြန်စေပါကြောင်း၊ ဗေဒါခြံများပြုလုပ်ပြီး  ငါးဖမ်းသည့် အတွက် ပိုမိုပြီးနုန်းအနည်များကျပြီး၊ မြစ်ကြမ်းပြင်မြင့်တက်ခြင်းကြောင့် မြစ်ကြောင်းတိမ်ကော ပျက်စီး လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊

ဒါးကမြစ်၏ အောက်ဘက်ကြိမ်ချောင်းမှ ငဝန်မြစ်ဝအထိ ကွေ့ ၁၃ ကွေ့ကို ရေစီးရေလာကောင်းအောင်  ဆောင်ရွက်မည်ဆိုလျှင် ကြိမ်ချောင်းအောက်ဘက်က ဒါးကမြစ်၏ ရေစီးရေလာကို ကောင်းမွန်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒါးကမြစ်တလျှောက်တွင် ကျေးရွာများ၊ လယ်ယာမြေများ တည်ရှိနေသည့်အတွက် လိုအပ်သော မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ကုန်ကျစရိတ်အများအပြားရှိမည်ကို စိစစ်တွေ့ရှိရပါကြောင်း၊  ဒါးကမြစ်အတွင်းကိုစီးဝင်သည့် ချောင်းမြောင်းများ၊ ဥပမာ-ဂျုံးဂျုံးကျမြောင်း ချောင်းကော၊ မြောင်းကောများပါရှိသည့်အတွက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနတို့မှ တစ်ပြိုင်တည်း ဆောင်ရွက်သွားရန် လိုအပ် လျက်ရှိပါကြောင်း၊  ၂၀၁၅ ခုနှစ်ကတည်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို တာဝန်ပေးအပ်ထားပါကြောင်း၊ အိမ်မဲချောင်းသည် ကျောင်းကုန်းတံတား၏ အောက်ဘက် တစ်မိုင်ခန့်အကွာတွင် ဒါးကမြစ်မှ စတင်ခွဲထွက်ပြီး အိမ်မဲမြို့အထိ ၁၅ မိုင်ခန့်ရှိပါကြောင်း၊

အိမ်မဲချောင်းတိမ်ကောလာမှုသည် ချောင်းကမ်းတစ်လျှောက်တွင် ဆန်စက်များ အရှေ့မျက်နှာစာ တိုးချဲ့ပါကြောင်း၊ တယ်။ သဘာဝအတိုင်း နှစ်စဉ်သဲနှုန်းပို့ချပါကြောင်း၊ လူတို့၏ မဆင်မခြင်အမှိုက်သရိုက်များကို ချောင်းအတွင်းသို့ စွန့်ပစ်ခြင်း၊ ချောင်းကူး၊ မြောင်းကူတံတားများကိုလည်း တည်ဆောက်ခြင်း၊  ငါးခြံ၊ ခြံချငါးဖမ်းခြင်းများကို အကန့်အသတ်မဲ့ ဆောင်ရွက်နေကြခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာပါကြောင်း၊ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ရေကြောင်းကို အသုံးပြုပြီး သွားလာသော်လည်း ယခုအခါ လမ်းများ၊ တံတားများ၊ မော်တော်ကားလမ်းများ ကောင်းမွန်နေသည့်အတွက် ရေလမ်းအသုံးပြုမှု နည်းပါးလာ ပါကြောင်း၊

ဒါးကမြစ်က မိုင် ၇၀ ခန့်ရှိ၍ အိမ်မဲချောင်းက ၂၁ မိုင်ခန့်ရှိပါကြောင်း၊ အားလုံးပေါင်း ၉၁ မိုင်ခန့်ကို မိမိတို့မှ မြစ်ကြောင်းထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ လယ်သမားများအတွက် လယ်ပျက်စီးခြင်းများရှိသော်လည်း ရေကြီးရေလျှံမှုကြောင့် နုန်းတင်သောမြေမှာ စပါး၊ မြေပဲစသဖြင့် စိုက်၍ရသောကြောင့် တချို့ကကြိုက်နှစ်သက်ကြပါကြောင်း၊ မိမိတို့က Public Conservation လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ တွင် နယ်သာလန်အစိုးရနှင့် သဘောတူထားသော Integrated Ayeyarwaddy Delta Strategy (ဧရာဝတီမြစ်ဝကျွန်းပေါ်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်ပေါင်းစုံလေ့လာသည့် Strategy သည် ဒီဇင်ဘာလတွင်ရရှိသည့်အခါ Pilot Plan တစ်ခု၊ နှစ်ခုလုပ်ပေးရန် ကွန်စဒန့်အဖွဲ့ကို တင်ပြထားပါကြောင်း၊ ထို့ကြောင့် ၎င်းဒါးကမြစ်ကိုမည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည့် အဖြေထွက်ရှိမည်ဟု မိမိမှထင်မြင်မိပါကြောင်း၊ ဧရာဝတီမြစ်တွင် ကီလိုမီတာပေါင်း ၂၁၇၄ ကီလိုမီတာရှိပြီး ပျက်စီးနေသည့် နေရာပေါင်း ကီလိုမီတာ ၇၀၀ ရှိပါကြောင်း၊ ယခုကိစ္စသည် ၉၁ မိုင်ဖြစ်ရှိသည့်အတွက် ဦးစားပေးအစီအစဉ်အလိုက် ရရှိသည့်ပိုက်ဆံနှင့် အားလုံးကို ချက်ချင်းဆောင်ရွက်နိုင်မည် မဟုတ်သော်လည်း မျှတစွာဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တိုင်းဒေသကြီးအစိုးရတွင် တာဝန်ရှိသူပုဂ္ဂိုလ်များနှင့် ဓနုဖြူ၊ ကျုံပျော်၊ ကျောင်းကုန်း၊ ပန်းတနော် မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် ဆွေးနွေးပြီး ရေကြီးမှုကို အဟန့်အတားဖြစ်စေသည့် ကိစ္စများကို လျော့ပါးသွားအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဝိုင်းဝန်းပြီး ဆွေးနွေးလျက်ရှိပါကြောင်း၊ ဆည်မြောင်းနှင့်ပတ်သက်ပြီး တာဝန်မရှိသည့် ပုံစံမျိုးပြောနေသည့်အတွက်ကြောင့် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီးလည်း ရှိသည့်အတွက် ဖြေဆိုနိုင်ပါက ဖြေဆိုပေးပါရန်နှင့် မဖြေနိုင်ပါကလည်း အားလုံးသောမြို့နယ်များကို အကောင်းဆုံးဖြစ်ရန်နှင့် သင့်တင့်မျှတမှုဖြစ်ရန် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။