(င)-မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်သော I.L.O Convention တစ်ခုဖြစ်သည့် ၂၀၁၆ ခုနှစ်၊ ပင်လယ်ရေကြောင်း လုပ်သားဆိုင်ရာ သဘော တူညီချက်နှင့်ပတ်သက်၍ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ဆောင်မှုများကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၁.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u saw tin winနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် ပို့ဆောင်ရေးကဏ္ဍ တစ်ခုဖြစ်သော ရေကြောင်းလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ ကမ္ဘာ့ကုန်စည် ပို့ဆောင်ရေး၏ သုံးပုံနှစ်ပုံခန့်က ရေကြောင်း သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကိုသာ အသုံးပြုနေပါကြောင်း၊ ဤကဲ့သို့ကြီးမားသော သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍသည်လည်း အရေးပါသောနေရာတွင် ရှိပါကြောင်း၊ ကမ္ဘာ့ရေကြောင်းကို လုပ်သား တင်ပို့သော အရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် နံပါတ် (၃) နေရာတွင် ရှိပါကြောင်း၊ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကို အဓိက ရှာဖွေပေးနေသည့် အခန်းကဏ္ဍတွင်လည်း မြန်မာနိုင်ငံသား ပင်လယ်ပျော် သ‌င်္ဘောသားများသည် ခေတ်အဆက်ဆက်တွင် ထိပ်ဆုံးက ရှိခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ရေကြောင်း ကဏ္ဍသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး ပိုမိုကြီးမားသော စိန်ခေါ်မှုများဖြစ်သည့် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်အတွက် အာမခံ မရှိခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့ ဖြစ်ပေါ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင် ရရှိပြီး သ‌င်္ဘောသားဦးရေ တစ်သိန်းကျော်ရှိပြီး အမှန်တတယ် သ‌င်္ဘောပေါ်တွင် အလုပ်လုပ်ခွင်‌့ရသူ ၃၀၀၀၀ ဝန်းကျင်ခန့်သာ ရှိပါကြောင်း၊ မြောက်များစွာသော သ‌င်္ဘောသားများ သ‌င်္ဘောပေါ်တွင် အလုပ်လုပ်ခွင့် ရရှိရန်အတွက် ငွေကြေး ပေးဆောင်ရမှုများ ဖြစ်နေပြီး လိမ်လည် ခံရခြင်း၊ မမှန်ကန်သော သ‌င်္ဘောလိုင်းများ၏ အလွဲသုံးစား ပြုခံရခြင်း စသည်များကို ရင်ဆိုင်နေရပါကြောင်း၊  ယခုအချိန်တွင် သ‌င်္ဘောသားများအတွက် ကောင်းမွန်သော အာမခံ ရှိသည့် တနည်းအားဖြင့် သ‌င်္ဘောသားများ၏ အခွင့်အရေး ကြေညာစာတမ်း ဟု ခေါ်ဆိုနိုင်တဲ့ ၂၀၀၆ ခုနှစ်၊ ပင်လယ်ရေကြောင်း လုပ်သားဆိုင်ရာ သဘောတူညီချက် အကောင်အထည် ဖော်ရေးသည် အင်မတန် အရေးကြီးပါကြောင်း၊ ၎င်းသဘောတူညီချက်ကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့သည်မှာ ၂၀၀၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့က ဖြစ်ပါကြောင်း၊ MLC 2006 သည် I.L.O ၏ Convention တစ်ခုဖြစ်ပြီး လက်မှတ်ရေးထိုးပြီး တစ်နှစ်အကြာ အသက်ဝင်နေပြီ ဖြစ်သည့်အတွက် အကောင်အထည်ဖော်ရမည့် ကာလကို ရောက်ရှိနေပါပြီ ဖြစ်ပါကြောင်း၊ MLC 2006 ကို အကောင်အထည် ဖော်ရန် အတွက် အဓိက တာဝန်ရှိသူသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဖြစ်ပါကြောင်း၊ MLC 2006 အကော်အထည်ဖော်ရန် မိမိတို့နိုင်ငံ၏ ရေကြောင်း လောကအတွက် အခက်အခဲကြီး နှစ်ခုဖြစ်နေသော လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင်အတွက် အာမခံ မရှိခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့ကို MLC 2006 နှင့်လျော်ညီသော ပြည်တွင်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ MLC 2006 ကို အကောင်အထည် ဖော်ပြခြင်းတို့ဖြင့် ဖြေရှင်းနိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတကာရှိ သ‌င်္ဘော ပိုင်ရှင်ကောင်းများကလည်း မိမိတို့နိုင်ငံတွင် MLC 2006 စိတ်ဝင်စားမှုနှင့် အကောင်အထည်ဖော်မှုများကို စောင့်ကြည့်လျက် ရှိပါကြောင်း၊ အလုပ်အကိုင် ရှားပါးခြင်းဟူသည့် ပြဿနာကြီးကို ဖြေရှင်းနိုင်မည့် နည်းလမ်း ထွက်ပေါက် တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် MLC 2006 ကို အလျင်အမြန် အကောင်အထည် ဖော်ရန်သည် မိမိတို့ နိုင်ငံအတွက် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ ၂၀၀၆ ခုနှစ် ပင်လယ်ရေကြောင်း လုပ်သားဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အခြေအနေများနှင်‌့ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ဆောင်မှုများ နှင့်ပတ်သက်၍ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin mgMLC သည် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက် အဖွဲ့အစည်း‌တစ်ခု ဖြစ်သော  ILO ကပြဋ္ဌာန်းသည့် convention ဖြစ်ပါကြောင်း၊ ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် အတည်ပြုခဲ့သည့် convention  ဖြစ်ပြီး၂၀၁၃ ခုနှစ် သြဂုတ်လတွင် အသက်ဝင် ခဲ့ပါကြောင်း၊ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၈၄ နိုင်ငံက ပါဝင် လက်မှတ် ရေးထိုးထားပါကြောင်း၊ ယခင်အစိုးရ လက်ထက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် Accession နည်း (နောက်မှလိုက်ပြီး အတည်ပြု လက်မှတ်ထိုးသော နည်း) ဖြင့် MLC (Maritime Labour Convention)  2006 ကို မိမိတို့နိုင်ငံက လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ၎င်းဥပဒေအရ ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် အာဏာ သက်ရောက်သည်မှာ ၂၅ ရက်ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ convention   အဖွဲ့ဝင် ဖြစ်သည့်အတွက် မိမိတို့က သ‌င်္ဘောများကို မိမိတို့ convention ကိုလိုက်နာကြောင်း အထောက်အထား လက်မှတ် Certificate ကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးရပါကြောင်း၊ ထုတ်ပေးရသော အမျိုးအစားများက Gross Tan ၅၀၀ နှင့်အထက် အပြည်ပြည်ဆိုင်ရာ သ‌င်္ဘောများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် မှတ်ပုံတင်ထားပါက အခြား ပြင်ပနိုင်ငံ တစ်ခုခုတွင်လည်း ဆိပ်ကမ်းများအကြားတွင် သွားနေခဲ့ပါကလည်း မိမိတို့ ၎င်းသ‌င်္ဘောများကို ထုတ်ပေးခွင့် ရှိပါကြောင်း၊ Declaration of Maritime Labour Compliance -Part 1 ကို သ‌င်္ဘောပိုင်ရှင်က ၎င်း၏သ‌င်္ဘော အတွက် လျှောက်ထားရပါကြောင်း၊ နောက် Part 2 ကို သ‌င်္ဘောပိုင်ရှင်သည် DMLC- Part 1 မှ အချက်များကို လိုက်နာကြောင်း ကြေညာရပါသည်၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနက Maritime Labour Certificate ကို ထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့နှင့်အတူတူ  အပြန်အလှန် အသိအမှတ် ပြုထားသော Class အဖွဲ့များ Lloyd’s ၊ American Bureau of Shipping၊ Bureau Veritas၊ Class NK၊ Korean Register စသည့် အဖွဲ့များ နှင့်အပြိုင် အပြန်အလှန် အသိအမှတ် ပြုထားပြီး ၎င်းတို့ကလည်း မြန်မာနိုင်ငံက မှတ်ပုံတင်ထားသော သ‌င်္ဘောများကို အထောက်အထား လက်မှတ်များ ထုတ်ပေးခွင်‌့ ရှိပါကြောင်း၊ ပင်လယ်ကူး သ‌င်္ဘောများနှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များက မြန်မာနိုင်ငံ ကုန်သွယ် သ‌င်္ဘောအက်ဥပဒေတွင် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း ယခင်က မပြည့်စုံ သေးသည့်အတွက် ရေကြောင်းအလုပ်သမား ဥပဒေကြမ်းကို မိမိတို့ ရေးဆွဲနေသည်မှာ လေး၊ ငါး၊ ရှစ်လ ရှိပြီဖြစ်ကြောင်း၊ ရေကြောင်း အလုပ်သမားဥပဒေကို မိမိတို့ပြင်နေပါကြောင်း၊ အခန်းပေါင်း ၁၂ ခန်းနှင့် ပုဒ်မပေါင်း ၁၀၀ ကျော်ပါရှိမည်ဖြစ်ပါကြောင်း၊ ယခု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါကြောင်း၊ ရေကြောင်းအလုပ်သမား ဥပဒေပြီးစီးသည့်အခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်တို့တွင်ပါ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ သ‌င်္ဘောသား အဖွဲ့အစည်းများ၊ သ‌င်္ဘောပိုင်ရှင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

          ဥပဒေကြမ်းတွင် ပါဝင်သည့် အခန်းပေါင်း ၁၂ ခန်းတွင် သ‌င်္ဘောသားတွေအတွက် လိုအပ်သော အချက်အလက်များ ပါဝင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်တွင် သ‌င်္ဘောသားများ၊ သ‌င်္ဘောပိုင်ရှင်များ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ပါဝင်သော Tripartite Committee ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ MLC 2006 convention တွင်ပါဝင်သည့် အငြင်းပွားဖွယ် ကိစ္စများ၊ ဆုံးဖြတ်ရန် မလွယ်ကူသော ကိစ္စများ၊ ရှင်းလင်းခြင်း မရှိသော သံသယ ဖြစ်ဖွယ်ကိစ္စများကို ဖြေရှင်းဆောင်ရွက်ရန်အတွက်၊ ညှိနှိုင်းရန်အတွက် သ‌င်္ဘောသား  နှင့်အဖွဲ့အစည်းများ၊ သ‌င်္ဘောသား အဖွဲ့အစည်းများကလည်း များစွာ ပါဝင်သည့် အတွက် အားလုံးကို ကိုယ်စားပြုနိုင်သော အဖွဲ့အစည်းများ ပါဝင်လာရန်၊ သ‌င်္ဘောသား အများစုကို ကိုယ်စားပြုရန် မိမိတို့ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သ‌င်္ဘောပိုင်ရှင်များ၏ ကိုယ်စားလှယ်များပါဝင်သော ကော်မတီ ဖွဲ့စည်းပြီး သ‌င်္ဘောသားများ၏ နစ်နာချက်များ၊ လိုအပ်ချက်များ ရှိပါက မိမိတို့ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခင်က Agent ကုမ္ပဏီများက သ‌င်္ဘောသားများကို စေလွှတ်ပါကြောင်း၊ နစ်နာမှု မရှိစေရန် Seafarer Recruitment and Placement Services(SRPS) ဟူ၍ ကုမ္ပဏီဖွဲ့စည်းရပါကြောင်း၊ Agent မဟုတ်တော့ဘဲ ၎င်းကုမ္ပဏီများကို လိုင်စင်ထုတ်ပြီး မြန်မာသ‌င်္ဘောသားများအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက် နေသည်မှာ SRPS ကုမ္ပဏီများနှင့် ဆောင်ရွက်ထားပါကြောင်း၊ ရေကြောင်းအလုပ်သမား ဥပဒေပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ လက်ရှိ သ‌င်္ဘောများက လျှောက်ထားခဲ့ပါက Certificate များ ထုတ်ပေးနေပါကြောင်း၊ ယခု ၂၅ ရက်သာ ကျန်သေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။