(ဂ)-သာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အ မျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာန မှူးရုံးအတွက် မြေနေရာရရှိရေးနှင့် အဆောက်အဦ သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၁.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u than soeသာစည်မြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မှူးရုံးသည် ၁၉၆၀ ခုနှစ်၌ စတင်ပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ငှားရမ်းဖွင့်လှစ် အသုံးပြုလျက် ရှိသဖြင့် ရုံးပိုင် မြေနေရာရရှိရေးနှင့် အဆောက်အဦသစ် ဆောက်လုပ်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ယခုအချိန်အထိ မရရှိသေးကြောင်း၊

လက်ရှိငှားရမ်း အသုံးပြုနေသည့်ရုံးမှာ ကျယ်ဝန်းခြင်း မရှိသည့်အတွက် အမှုတွဲများ ထိန်းသိမ်းခြင်းနှင့် အမှုတွဲများ ထားရှိရန် မြို့နယ်သမ အသင်းစုပိုင် ဂိုဒေါင်ကို တစ်လလျှင် ၆ ထောင်နှုန်းဖြင့် ငှားရမ်း အသုံးပြုနေကြောင်း၊

ရုံးမြေနေရာ စတင်ငှားရမ်းစဉ်က အိုးအိမ် ဦးစီးဌာနသို့ တစ်လလျှင် ၁၀၆ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ တစ်လလျှင် ၁၃၆၅၀ ကျပ်နှုန်းဖြင့် ပေးချေရကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရုံးခန်းများ မှတ်တမ်း ထားရှိရေး အခန်းများ၊ ကွန်ပျူတာခန်းများ၊ လူထု နားနေနိုင်ရန်နှင့် သန့်ရှင်းသည့် သန့်စင်ခန်းများ ထားရှိရေးတို့အတွက် ရုံးအဆောက်အဦသစ် ဆောက်လုပ်ရန် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် သာစည်မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအတွက် မြေနေရာ ရရှိရေးနှင့် အဆောက်အဦသစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ
ဖြေကြားချက် 

u thein sweသာစည်မြို့နယ်၊ အမျိုးသားမှတ်ပုံတင် ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနရုံးသည် ၁၉၆၀ ခုနှစ်တွင် စပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနက ငှားရမ်းအသုံးပြုသည့် ရုံးခန်းဖြစ်ပါကြောင်း၊ အခန်းသည် ကျဉ်းသည့်အတွက် မှတ်တမ်းများ ထားရှိရန် ဂိုဒေါင်ကို ငှားရမ်း ဆောင်ရွက်နေရခြင်းကြောင့် မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးတွင် မြေနေရာရရှိရေးကို  လျှောက်ထားဆဲဖြစ်ပါကြောင်း၊

ထိုအတူ့ ရုံးဆောက်လုပ်နိုင်ရန်အတွက်လည်း ဘဏ္ဍာငွေ တောင်းခံခဲ့ပါကြောင်း၊ သို့သော် နိုင်ငံတော်၏ ဘဏ္ဍာငွေ စိစစ်ထည့်တွက်မှုအရ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရာတွင် အန္တရာယ်ရှိသည့် အဆောက်အဦများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် မြေနေရာ ရှိသည့် မြို့နယ်များကို ဦးစားပေး ဆောင်ရွက်၍ မြေနေရာ မရှိသည့် မြို့နယ်များအတွက် မြေနေရာ ရရှိရေးကို တောင်းခံပြီး ဆောင်ရွက်လျက်ပါရှိကြောင်း၊

ထိုကြောင့် မိမိတို့ ဝန်ကြီးဌာနကို ဌာနပိုင်မြေ သတ်မှတ်ပေးမည်ဆိုပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုအခြေအနေတွင် ဌာနပိုင်မြေ ချမှတ်ပေးခြင်း မရှိသည့်အတွက် ရုံးအဆောက်အဦ ဆောက်လုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊ ဝန်ကြီးဌာနပိုင် မြေနေရာ ရရှိပြီးပါက ဘဏ္ဍာငွေ တောင်းခံပြီး မြို့နယ်ရုံး အဆောက်အ ဦအား ဆက်လက်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။