မေးခွန်း အကြောင်းအရာ
မိမိတို့ မြေပုံမြို့နယ်ရှိ ကွမ်းချောင်းကျွန်းသည် အလျား ၁၈ မိုင်၊ အနံ ၈ မိုင်ရှိ အဓိကကျွန်းတစ်ကျွန်းဖြစ်ပါ ကြောင်း၊ ၎င်းကျွန်းပေါ်တွင် ၁၅၈၆၆ ဧက ကျယ်ဝန်းသော ကွမ်းချောင်းကြိုးဝိုင်း ရှိပါကြောင်း၊ ကွမ်းချောင်းကြိုးဝိုင်းသစ်တောကို ၁၉၁၀ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အမိန့်အမှတ် (၆၅/၁၉၁၀) ဖြင့် ကြိုးဝိုင်းသစ်တောအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကွမ်းချောင်းကြိုးဝိုင်းသစ်တောသည် စည်စည်က ားကားနှင့် ဖွံ့ဖွံ့ဖြိုးဖြိုးရှိခဲ့သော မုတ်သုံသစ်တောကြီးလည်း ဖြစ်ခဲ့ပါကြောင်း။
လွန်ခဲ့သော နှစ် ၂၀ ကျော်ခန့်က အိန္ဒိယ ကုမ္ပဏီတစ်ခုက ကောင်းကင်ကြိုးများနှင့် သစ်များစွာ ထုတ်လုပ်ခဲ့ သည့်အပြင် နောက်ပိုင်းတွင် ထူးကုမ္ပဏီက အရှေ့ဘက်ခြမ်းကို စက်ယန္တရားများဖြင့် အကုန်လုံး ခုတ်ထွင် ရှင်းလင်းခဲ့သည့်အတွက် ယခုအခါ ဖုန်းဆိုးတောအနေဖြင့် မြင်တွေ့ရပါကြောင်း၊ ကွမ်းချောင်း ကြိုးဝိုင်း တောကိုဖျက်ပြီး အိမ်သုံး၊ လုပ်ငန်းသုံး နွယ်များ၊ ဝါးများ၊ သစ်များခုတ်သည့်အခါ တစ်ဖက်က အဟန့်အတားများ ကြုံတွေ့ရပါကြောင်း၊ သစ်တောကြိုးဝိုင်းဥပဒေနှင့်မလွတ်ကင်းဟုဆိုပြီး အဂတိတရားလိုက်စားမှုရှိပါကြောင်း၊ သစ်မှောင်ခို သမားများကလည်း ကျန်သည့်သစ်တစ်ပင်စ၊ နှစ်ပင်စများကိုခုတ်ယူနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက်လည်း အကျိုးမရှိ၊ ဒေသခံများအတွက်လည်း အခက် အခဲဖြစ်ပါကြောင်း၊ ကွမ်းချောင်းကျွန်းပတ်လည်တွင် ရွာပေါင်း ၁၅ ရွာခန့်ရှိပါကြောင်း၊ ကျွန်း၏ပတ်ဝန်းကျင်ရှိ အခြားကျွန်းများတွင်လည်း ရွာများစွာရှိပါကြောင်း၊ ၎င်းကျွန်းကိုသာ ဒေသခများအနေဖြင့် မှီခိုပြီး လိုအပ်သော အသုံးအဆောင်များကို ထင်းကအစ၊ နွယ်ကအစ ခုတ်ဖြတ် နေရသည်မှာ မဖြစ်သင့်ပါကြောင်း၊
ထို့ကြောင့် မေးခွန်း(၁) မြေပုံမြို့နယ် သစ်တောကြိုးဝိုင်းအား စနစ်တကျပြန်လည် ပြုစုပျိုးထောင်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် ကာလမှစတင်၍ မည်သို့စီမံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ မေးခွန်း(၂) အစီအစဉ်မရှိသေးပါက ဒေသခံများ၏ အိမ်သုံးသစ်၊ လုပ်ငန်းခွင်သုံးသစ်၊ ထင်း၊ နွယ် စသည်တို့အတွက် လိုအပ်သောအခွင့်အလမ်းများကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ မေးခွန်း(၃) အစီအစဉ်မရှိပါကလည်း ဒေသခံပြည်သူများမှ ဥယျာဉ်ခြံမြေများ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ကြိုးဝိုင်းသစ်တောအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
အစိုးရသစ်လက်ထက်တွင် သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ရေးနှင့် သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ နိုင်ငံတကာကတိကဝတ်များအား ဖြည့်ဆည်းနိုင်ရေးနှင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း ပထမငါးနှစ် စီမံကိန်းကို (၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ)၊ ဒုတိယငါးနှစ်စီမံကိန်းကို (၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ) ဖြင့် ကာလနှစ်ခုခွဲခြားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်တွေခရိုင်၊ မြေပုံမြို့နယ်ရှိ ကွမ်းချောင်းကြိုးဝိုင်းကို ၆-၄-၁၉၁၀ ရက်နေ့တွင် ဧက ၁၅၈၆၆ ဧကဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကွမ်းချောင်းကြိုးဝိုင်းအတွင်း သစ်တောပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကို ၂၀၀၇-၀၈ ခုနှစ်မှစပြီး ၂၀၁၆-၁၇ ခုနှစ်အထိ ဓမ္မတာမျိုးဆက် အထောက်အကူပြုလုပ်ငန်း ၆၈၀ ဧက၊ အကွက်နယ်နိမိတ် ပြင်ဆင်ခြင်း ၁၀ မိုင်၊ ကြိုးဝိုင်းနယ် နိမိတ်ပြင်ဆင်ခြင်း ၁၀ မိုင်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအရ ဓမ္မတာမျိုးဆက် အထောက်အကူပြု ဧက ၄၀၀ နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း ခုနှစ်ဧကကိုလာမည့် ၂၀၁၈-၁၉ ခုနှစ်တွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တရားမဝင်စားကျက်ချခြင်း၊ ကျောက်/ဓာတ်သတ္တု တူးဖော်ခြင်းများ မရှိစေရေးအတွက် သစ်တောဦးစီးဌာန ဝန်ထမ်းများကလည်း ကွင်းဆင်းစစ်ဆေးလျက် ရှိပါကြောင်း၊
ဒုတိယမေးခွန်းအနေဖြင့် ဒေသခံပြည်သူများ လိုအပ်သည့် အိမ်သုံးသစ်၊ လုပ်ငန်းခွင်သစ်နှင့်ထင်းစသည့် လိုအပ်ချက်များကို အလွယ်တကူ ရရှိသုံးစွဲနိုင်ရေးအတွက် စီးပွားဖြစ်မဟုတ်သည့် ဝါးနှင့်အခြားသစ်တောထွက် ပစ္စည်းများ ထုတ်လုပ်လိုပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ငွေပေးဆောင်ပြီး သုံးစွဲခွင့်ပြုလျက် ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် တစ်အိမ်ထောင်ကို ကျွန်းသုံးပင်၊ သစ်မာ ၂၀ ပင်နှင့် တစ်ရွာတစ်ဧက စိုက်ရန်အတွက် ၂၀၀၆-၀၇ ခုနှစ်မှစပြီး ၂၀၁၆-၁၇ ခုနှစ်အထိ၊ ကျွန်းနှင့်အခြားသစ်မျိုး စုစုပေါင်းကို ၄၆၃၀၅၀ ပင်ကို အခမဲ့ဖြန့်ဝေစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအရ မြေပုံ မြို့နယ်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ်လူထုဖြန့်ပျိုးပင် ၂၀၀၀၀ ကို ပျိုးထောင်ပြီး ဖြန့်ဝေသွားမည် ဖြစ်ပါကြောင်း၊ ၎င်းပျိုးပင်များနှင့်အတူ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်တောနယ်မြေ ပြင်ပရှိ မိမိပိုင်နေအိမ်၊ ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် သစ်တောသစ်ပင်များကို တရားဝင်ထုတ်လုပ်သုံးစွဲခွင့် ရရှိရန်အတွက် သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းများကိုလည်း ဒေသခံပြည်သူများ အတွက် အိမ်သုံးသစ်၊ လုပ်ငန်းသုံးသစ်နှင့် ထင်းစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသည့် ပုံစံ (၈) သစ်များကိုလည်း သက်ဆိုင်ရာပြည်နယ်များမှ တစ်ဆင့် ဒေသဖွံ့ဖြိုးရေးအတွက် ရောင်းချပေးနေပါကြောင်း၊ ပုံစံ (၈) သစ်ကိုဖြင့် တစ်ကြိမ်ကို တန် ၂၀၀ ဖြင့် လိုအပ်သလို ရောင်းချပေးပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရကိုလည်း ၎င်းအတိုင်း တန် ၂၀၀ ကိုရောင်းချပေးပြီး ဖြစ်ပါကြောင်း၊
တတိယမေးခွန်းအနေဖြင့် သစ်တောမြေအတွင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ကျူးကျော်အခြေချသည့် ရွာစုနှင့် အိမ်ထောင်စုများကို ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းအဖွဲ့များနှင့် မြေပြင်ကွင်းဆင်း စားရင်းကောက်သည့်အခါ မြေပုံမြို့နယ်၊ ကွမ်းချောင်းကြိုးဝိုင်းအတွင်းရှိ လယ်မြေ နှစ်ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပါကြောင်း၊ ယာမြေခုနစ်ဧကကိုလည်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရန် ခွင့်ပြုပေးခြင်းနှင့် ဥယျာဉ်ခြံမြေ ၆၀.၉၀ ဧက၊ နှစ်ရှည်စိုက်ခင်း ၃၀ ဧကကို မြေငှားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျူးကျော်သူများရှိ ပါကလည်း သစ်တောဥပဒေအရ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ မိမိတင်ပြလိုသည်မှာ ဥယျာဉ်ခြံမြေ ပေးသော နေရာတွင် ကြိုးဝိုင်းအတွင်း ဥယျာဉ်ခြံမြေလုပ်ချင်သည်ဆိုပါက သစ်တောဦးစီးဌာနကိုလျှောက်ပြီး သစ်တောဦးစီးဌာန၏ စည်းကမ်းချက် ၁၃ ချက်နှင့်ကိုက်ညီပါက မည်သူမဆို ဥယျာဉ်ခြံမြေ လုပ်ပိုင်ခွင့်ကို ပေးပါကြောင်း၊
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘော တူညီချက်အရ မြန်မာနိုင်ငံအခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အစီအစဉ်ကို ရေးဆွဲပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို နိုင်ငံတော်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝ နယ်မြေများကို ရေရှည်တွင် ၁၀ ရာခိုင်နှုန်း တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ လက်ရှိ အချိန်တွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၁၉ ခုနှင့် ဧရိယာအားဖြင့် ၂၉၀၂၇၀.၀၈ ဧကကို ဖွဲ့စည်းပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း သစ်တောမြေ ၆၂၂၉၂၄.၈ ဧကကို တည်ထောင်ရန် ရည်မှန်းထားပါကြောင်း၊
မြေပုံမြို့နယ်မှ လက်ရှိအခြေအနေတွင် ကြိုးဝိုင်းသုံးခုနှင့် ဧရိယာအားဖြင့် ၅၀၆၈၂ ဧကရှိပြီး၊ မြို့နယ်ဧရိယာ၏ ၈.၄၁ ရာခိုင်နှုန်းကို လျာထားချက်အရဆိုလျှင် ကြိုးဝိုင်းသစ်တောငါးခုကို ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၁-၂၂ ခုနှစ်အတွင်း ကြိုးပြင်ကာကွယ်တော ဧကပေါင်းငါးခု၊ ၁၂၅၆၂၈ ဧကကို တိုးချဲ့ဖွဲ့စည်းရန် လျာထား ဆောင်ရွက်ဖွဲ့စည်းပြီးကြောင်းနှင့် ကွမ်းချောင်းသစ်တောကြိုးဝိုင်းအတွင်း ဥယျာဉ်ခြံမြေဝင်ရောက် လုပ်ကိုင်လို သူများကို လည်း သစ်တောဦးစီးဌာနက ချမှတ်ထားသည့် စည်းကမ်းအတိုင်း လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည့် အတွက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်းကို ခွင့်မပြုပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခုဖြေကြားချက်များသည် မိမိတို့ဒေသခံများ၏ လိုအပ်ချက်နှင့်မကိုက်ညီပါကြောင်း၊ ပထမအချက်အနေဖြင့် စီးပွားဖြစ်မဟုတ်သည့် ဒေသလိုအပ်ချက်သစ်များကို အခွန်ဆောင်ပြီး သစ်တောထွက်ပစ္စည်း ဝါး၊ ထင်း၊ နွယ်၊ တို့ကို အခွန်ဆောင်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူနိုင်မည်ဆိုသည့်အပေါ် မည်ကဲ့သို့ပြုလုပ်ပြီး အခွန်လည်းဆောင်ရမည်၊ လုပ်ထုံးလုပ်နည်းနှင့်လည်း လျှောက်တင်ရမည်ဆိုသည့်အချက်သည် မည်သို့မှ မဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ တင်းကြပ်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဆိုသည့် စကားကို သုံးမည်ဆိုပါက ဒေသခံပြည်သူလူထု၏ အကျိုးကိုထည့်မတွက်ရာ ရောက်ပါကြောင်း၊
သစ်တောများ ပြုစုပျိုးထောင်ရန်အတွက် ပျိုးပင်များကိုဖြန့်ခြင်း၊ စိုက်ခင်းများထူထောင်ခြင်းစသည်များကို ဖြေကြားခဲ့သော်လည်း မေးခွန်းနှင့်သက်ဆိုင်သည့် ကွမ်းချောင်းကြိုးဝိုင်းအတွက် သစ်မည်မျှ၊ ပျိုးပင်မည်မျှ ဖြန့်ဝေပေးသည်ကိုသာ သိရှိလိုပါကြောင်း၊ မိမိမေးသည့်မေးခွန်းသည် ပယ်ဖျက်ပေးခြင်းမျိုးမဟုတ်ဘဲ ပြုစုပျိုးထောင်ပေးရန် ဖြစ်ပါကြောင်း၊ မပြုစုနိုင်လျှင် နိုင်ငံတော်အတွက်လည်း အကျိုးမရှိ၊ ဒေသခံများအတွက်လည်း အကျိုးမရှိသည့်အတွက် ပယ်ဖျက်ပေးပါဟု တင်ပြပါကြောင်း၊ ထို့ကြောင့် ကွမ်းချောင်းကြိုးဝိုင်း သစ်တောကို ပြန်လည်ပြုစုပျိုးထောင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကလည်း မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။
သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
နိုင်ငံတော်ပိုင်သည့် မြေပေါ်သယံဇာတနှင့် မြေအောက်သယံဇာတများကို သုံးစွဲသူမည်သူမဆို နိုင်ငံတော်ကို သတ်မှတ်ထားသည့် အခွန်အခပေးရပါကြောင်း၊ သို့သော်လည်း ကျေးရွာသူ ကျေးရွာသားများအတွက် မြေပေါ်သယံဇာတဖြစ်သည့် သစ်တောသယံဇာတကို မိမိအတွက်သာ သုံးစွဲမည်ဆိုပါက မည်သည့်အခွန်အခမှ ပေးစရာလိုအပ်ခြင်းမရှိပါကြောင်းနှင့် စီးပွားဖြစ်အနေဖြင့် ထုတ်ယူသုံးစွဲမှသာ အခွန်အခပေး ရမည်ဖြစ်ပါကြောင်း၊ သို့သော် ဥပဒေနှင့်အညီဆိုသည့် စကားရပ်အရ ၁၉၀၂ ခုနှစ်ကတည်းက ချမှတ်ထားသည့်အတိုင်း စီးပွားဖြစ်ထုတ်ယူသူမှန်သမျှသည် ထိုက်သင့်သည့် ထုတ်ယူမှုအပေါ် မူတည်ပြီး အခွန်ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊
ကွမ်းချောင်းအနေဖြင့် ဝေငှပြီးပျိုးပင်ပေါင်းမှာ မြို့နယ်အနေဖြင့် ၄၀၀ ၀၀၀ ကျော်ကို အခမဲ့ ဝေငှခြင်း ပေးပြီးဖြစ်ပါကြောင်း၊ ယခုလို စိုက်ပျိုးအပင်များပေါ်တွင်လည်း အခွန်လုံးဝကောက်ခံခြင်းမရှိပါကြောင်း၊ ဥယျာဉ်ခြံမြေတွင် ပေးထားသည့် ခြံမြေများကိုလည်း နိုင်ငံတော်က အခွန်အားဖြင့် တစ်ဧကတွင် တစ်နှစ်ကို ၁၀၀၀ ကောက်ခံပါကြောင်း၊ တစ်လမှ ၈၄ ကျပ်ခန့်သာ ဆောင်ရပါကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ သစ်တောပြန်လည်ပြုစုရေးစီမံကိန်းအရ ရေးဆွဲထားသည့် ကွမ်းချောင်းအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဧကပေါင်း သိန်းနှင့်ချီသစ်ပင်များကို စိုက်ပျိုးပြီးကြိုးဝိုင်းများကို တိုးချဲ့ဖွဲ့စည်းရန် တင်ပြသည့်အတိုင်း အဖြေဖြစ်ပါကြောင်း၊ မိမိကို စိုက်ပျိုးရန်အတွက် ဝေငှသောအပင်များကို ကြီးထွားအောင် စိုက်ပျိုးပြုစုပြီး မိမိ၏လိုအပ်သည့် ထင်းအပါအဝင် တခြားအသုံးအစွဲများကို သုံးဆောင်ရန်အတွက် မိမိကိုယ်တိုင် ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
