(ဂ)-လယ်ယာမြေလုပ်စားပိုင်ခွင့်ပုံစံ(၇) မရှိသော တောင်သူ လယ်သမားများအားချေးငွေ ထုတ်ချေး ပေးရန် တောင်းခံခြင်းနှင့်စပ်လျဉ်း၍ ကြိုးဝိုင်း/ပြင် ကာကွယ်တောဧရိယာအတွင်းရှိလယ်ယာမြေများ ကိုစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရန်နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၉.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u myint theinမြန်မာနိုင်ငံ၏ကဏ္ဍအလိုက် မြေဧကများတွင် သစ်တောကြိုးဝိုင်းမြေသည် ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး အသား တင် စိုက်ပျိုးမြေဧရိယာသည် ၁၇.၇ ရာခိုင်နှုန်းသာရှိပါကြောင်း၊ သစ်တောဝန်ကြီးဌာနမှ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ သတ်မှတ်ပြီး စီမံခန့်ခွဲပါကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိသည့် တချို့သစ်တောမြေများ သည် အဖိုးအဖွားတောင်သူလယ်သမားများမှ စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲထားပြီးသား ဖြစ်နေသော်လည်း ၎င်းမြေများကို သစ်တောမြေအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါကြောင်း၊ လက်ရှိတောင်သူများအနေဖြင့် မြေယာ ပိုင်ဆိုင်ခွင့် လုံခြုံစိတ်ချမှုရှိအောင်  မြေယာမှတ်ပုံတင်ပုံစံ (၇) ပြုလုပ်နိုင်သော်လည်း မတူညီသည့် ဝန်ကြီး ဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင် ရောက်ရှိနေသည့်အတွက် မြေယာမှတ်ပုံတင်ပုံစံ (၇) ကို ဆောင်ရွက် ပေးခြင်းမရှိပါကြောင်း၊ ထိုကြောင့် အဆိုပါတောင်သူများအနေဖြင့် ပုံစံ (၇) ပြုလုပ်နိုင်ခြင်း မရှိသည့်အပြင် စိုက်ပျိုးစရိတ်ချေးငွေလည်းမရရှိသဖြင့် အခွင့်အရေးနှစ်ခုလုံး ဆုံးရှုံးနေရပါကြောင်း၊

မိမိတို့ ဝက်လက်မြို့နယ်တွင် ထိုကဲ့သို့လယ်မြေများဧက ၂၀၀၀၀ ကျော်သတ်မှတ်ခံထားရသည့်အတွက် တောင်သူများ များစွာ ဆုံးရှုံးနစ်နာရပါကြောင်း၊ ပုံစံ(၇) ထုတ်မပေးခင် ၂၀၁၂ ခုနှစ်ထိ တစ်နိုင်ငံလုံးတွင်ရှိသည့် လယ်ယာမြေအားလုံးကို တစ်ပြေးညီချေးငွေများ ထုတ်ချေးခဲ့သည့် အထောက်အထားများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း လက်ရှိလုပ်ကိုင်နေသော တောင်သူများ၏ လယ်ယာမြေများကို စနစ်တကျစိစစ်ပြီး ပုံစံတစ်မျိုးဖြင့်  စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyaw၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(က)နှင့်(ခ)တို့တွင် လယ်ယာမြေဆိုသည့် စကားရပ်၏ အဓိပ္ပာယ်ကိုဖွင်‌့ဆိုထားပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးရာတွင် လယ်ယာ မြေဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မြေအမျိုးအစားတွင်ပါဝင်သည့် စိုက်ပျိုးမြေများကို လယ်ယာမြေ ဥပဒေပုဒ်မ ၄ တွင် ဖော်ပြထားသည့် လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှု အဆင်‌့ဆင်‌့မှစိစစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင်‌့ပြု လက်မှတ်ထုတ်ပေးခြင်းကို ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊

သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေသည့် သစ်တော ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ထားသည့် စိုက်ပျိုးမြေများနှင်‌့စပ်လျဉ်းပြီး အဆိုပါ စိုက်ပျိုးမြေများသည် လယ်ယာမြေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော လယ်ယာမြေဟူသည့် စကားရပ်နှင့် အကျုံးဝင်ခြင်းမရှိသည့်အတွက် အဆိုပါမြေများကို လယ်ယာမြေလုပ်ပိုင်ခွင်‌့ပြု လက်မှတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အခြေအနေဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက လယ်ယာမြေအဖြစ် အသုံးပြုနိုင်ရန် ပယ်ဖျက်ပေးမှသာလျှင် လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒအရ လယ်ယာမြေကိုသာလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးရမည် ဖြစ်သည့်အတွက် သစ်တောမြေမှ ပယ်ဖျက်ပေးခြင်းမရှိသည့် စိုက်ပျိုးမြေများကို ပုံစံ (၇) ထုတ်ပေး၍ မရနိုင်ပါကြောင်း၊ သို့ဖြစ်သည့်အတွက်  သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီးမှသာ ပုံစံ (၇) ရရှိ ရန် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းနှင့်စပ်လျဉ်းသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အနေဖြင့် သစ်တောမြေ၊ စားကျက်မြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် အမှန်တကယ် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးမြေများကို တောင်သူလယ်သမားများ၏ လက်ဝယ်သို့ လုပ်ထုံးထုပ်နည်းနှင့်အညီ တရားဝင်စိုက်ပျိုးခွင်‌့ အမြန်ရရှိရေးနှင်‌့ပတ်သက်ပြီး သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့အသီးသီးသို့ ညွှန်ကြားထားရှိပြီးဖြစ်ပါကြောင်း၊

စိုက်ပျိုးစရိတ်ချေးငွေနှင့် စပ်လျဉ်းပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေညွှန်ကြားစာပါ တောင်သူ လယ်သမားတစ်ဦးချင်းအတွက် ချေးငွေစည်းကမ်း သတ်မှတ်ချက်များတွင် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့  စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ရရှိထားပြီးသူများသာပါရှိပါကြောင်း၊

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားတစ်ဦးချင်း၏ စိုက်ပျိုးလုပ်ကိုင်သည့် မြေအမျိုးအစားသည် လယ်ယာမြေလုပ်ပိုင်ခွင်‌့ရှိသည့် မြေအမျိုးအစားဟုတ်/မဟုတ် မည်သည်‌့ သီးနှံ အမျိုးအစားအား ဧကမည်မျှစိုက်ပျိုးသည်ဆိုသည်ကို သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များအရ ချေးငွေထုတ်ချေး ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက်  လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနက လယ်ယာမြေအဖြစ် သတ်မှတ်ခြင်း မပြုနိုင်သည့် ကြိုးဝိုင်းသစ်တောမြေ၊ ကြိုးပြင်ကာကွယ်မြေများအတွက် ချေးငွေထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင်‌့သိန်း (ဝက်လက်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လယ်ယာမြေဥပဒေ မပေါ်ခင်ကတည်းက သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်းရှိ လယ်ယာမြေ များကို ၂၀၁၂ ခုနှစ်ထိ ချေးငွေများထုတ် ချေးပေးခဲ့ပါကြောင်း၊ ယခုအခါ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများတွင် လုပ်ကိုင်နေသည့် တောင်သူများအနေဖြင့် အခွင့်အရေးများ အများကြီး ဆုံးရှုံးလျှက် ရှိနေပါကြောင်း၊ ထို့ကြောင့် တောင်သူ လယ်သမားများအတွက် မည်ကဲ့သို့ အစီအစဉ်များဖြင့် စဉ်းစား ဆောင်ရွက်ပေးနိုင် မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဦးလှကျော်(ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)

သစ်တောမြေအတွင်း ပါဝင်သည့် စိုက်ပျိုးမြေများသည် အမှန်တကယ် လယ်ယာမြေဥပဒေအရ ဆိုပါက စိုက်ပျိုးမြေအဖြစ် အကျုံးဝင်ခြင်းမရှိသည့်အတွက် မိမိတို့ ပုံစံ (၇) ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အမှန်တကယ်စိုက်ပျိုးမြေ ဖြစ်နေသည့် အခြေအနေကို စိစစ်ရရှိသည့်အခါ သစ်တောမြေအဖြစ်က စွန့်လွှတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံစံ (၇) ထုတ်ပေးပြီး တောင်သူများ၏ လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးစရိတ် ချေးငွေများကို စီမံဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။