မေးခွန်း အကြောင်းအရာ
ငပုတောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး ဘင်္ဂလား ပင်လယ်၊ ကပ္ပလီပင်လယ်၊ သစ်ကတောင်မြစ်၊ ငဝန်မြစ်၊ ပန်မဝတီမြစ် စသည့် မြစ်ကြီးများနှင့် ဝန်းရံကာဆီးထားသော ရေကန်များဝိုင်းနေသော မြို့နယ်တစ်ခုဖြစ်ပြီး ကျေးရွာအုပ်စု ၉၂ အုပ်စုသည်လည်း ပြန့်ကျဲနေသည့် ကျွန်းများအဖြစ် တည်ရှိနေကြပါကြောင်း၊ သို့သော် ငပုတောမြို့နယ်တွင် နှစ်ကာလ ပေါင်းများစွာ ရေငတ်၊ ရေပြတ်ခဲ့သည့် ပြဿနာကို ယနေ့တိုင် မဖြေရှင်းနိုင်သေးသည့် ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့ပါကြောင်း၊ ကျေးလက်ဦးစီး ဌာနက ကန်များ၊ ရေကန်များ၊ ရေတွင်းများတူးဖော်ပေးခဲ့သော်လည်း ရေရှားပါးမှုပြဿနာကို ယနေ့အထိ ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိပါကြောင်း၊
ငပုတောမြို့နယ်၊ အနောက်ဘက်ရိုးမ တောင်တန်းကြီးတွင် သဘာဝလျှိုမြောင်များပေါများလှပြီး ပညာရှင်များနှင့် စနစ်တကျ သုတေသနပြု တိုင်းထွာကာ လျှိုပိတ်တမံကြီးများ တည်ဆောက် နိုင်မည်ဆိုပါက ငဝန်မြစ်၏ အနောက်ဘက်ခြမ်းဒေသအတွက် သောက်သုံးရေဖူလုံနိုင် မည်ဖြစ်သည်ကို အကြံပြုပြောကြားလိုပါကြောင်း၊ ငပုတောမြို့ပေါ်ရပ်ကွက်အတွက် ၁၀ ဧက ကျယ်သည့် ရေကန်ကြီးကို အကြီးစားပြန်လည် ပြုပြင်မွမ်းမံခြင်း၊ ဟိုင်းကြီးမြို့၊ ငရုတ်ကောင်း မြို့များနှင့် ကျေးရွာများကို သဘာဝစိမ့်စမ်းရေထွက်များမှ စနစ်တကျသွယ်ယူသိုလှောင် ထားခြင်း များ ဆောင်ရွက်နိုင်ပါက ရေဖူလုံနိုင်ပါကြောင်း၊ လူနေအသိပ်သည်းဆုံးဖြစ်သော အလယ်ကျွန်း ဒေသတွင် ကြီးမားသည့် မြေသားမိုးရေလှောင်ကြီးများလိုအပ်သည့်အပြင် ကျွန်း-၁၊ ကျွန်း-၂၊ ကျွန်း-၃ စသည့် တမံကြီးများကိုလည်း ရေငန်များဝင်ရောက်နိုင်ခြင်းမရှိအောင် လုံခြုံသော ရေထိန်းတံခါးစနစ်များဖြင့် ပြောင်းလဲပြုပြင်တပ်ဆင်ပေးရန် အကြံပြုလိုပါကြောင်း၊
ထို့ကြောင့် ငပုတောမြို့နယ် ပြည်သူများ၏ရေလိုအပ်ချက်ကို မည်သို့ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဆိုသည် ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။
ငပုတောမြို့နယ်အတွင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ဒေသအတွင်း သောက်သုံးရေရရှိရေးကိုရည်ရွယ်ပြီး ၁၉၉၄ ခုနှစ်ကစတင်ကာ မော်တင် ရေလှောင်တမံ သိုလှောင်ရေဂါလန် ခုနစ်သန်း၊ ၁၉၉၅ ခုနှစ်တွင် ထိပ်စွန်း ရေလှောင်တမံ သိုလှောင်ရေဂါလန် ၁.၈ သန်း၊ ၁၉၉၇ ခုနှစ်တွင် ဟိုင်းကြီးရေလှောင်တမံ သိုလှောင်ဂါလန် ၂၅ သန်း၊ ၂၀၁၂ ခုနှစ်တွင် ရေကျော်ရေလှောင်တမံ သိုလှောင်ရေဂါလန် ၃၂၄ သန်းနှင့် ကျောင်းခြား ရေလှောင်တမံ သိုလှောင်ရေဂါလန် ၆၅ သန်း အသီးသီးရှိသော ရေလှောင်တမံများကို တည်ဆောက်ပေးခဲ့ပါကြောင်း၊
အဆိုပါရေလှောင်တမံများအနက် မော်တင်ရေလှောင်တမံ၊ ရေကျော်ရေလှောင်တမံနှင့် ကျောင်းခြား ရေလှောင်တမံများသည် ဒေသခံပြည်သူလူထုအတွက် သောက်သုံးရေပေးဝေလျက် ရှိပြီး ထိပ်စွန်းရေလှောင်တမံနှင့် ဟိုင်းကြီးကျွန်းရေလှောင်တမံများသည် လုံခြုံရေးအရ ဒေသတွင် တည်ရှိသော တပ်ရင်းတပ်ဖွဲ့များအတွက် သောက်သုံးရေပေးဝေလျက်ရှိပါကြောင်း၊ ငပုတော မြို့နယ် ကျုံကူးဒေသတွင် တည်ဆောက်ထားသည့် ရေကျော်နှင့် ကျောင်းခြားရေလှောင် တမံနှစ်ခု တွင် ရေကျော်တမံက ကျေးရွာ ၁၆ ရွာသို့လည်းကောင်း၊ ကျောင်းခြားတမံက ကျေးရွာ ခြောက်ရွာသ့ိုလည်းကောင်း နေ့စဉ် ၂၄ နာရီ ရေပေးဝေလျက်ရှိပါကြောင်း၊ ပွင့်လင်း ရာသီ ဖြစ်သည့် မတ်၊ ဧပြီလများတွင် တမံရေလျော့နည်းလာပြီး ရေဖိအားမရှိခြင်းကြောင့် တမံပေါ်မှ ရေတွန်းစက်များ တပ်ဆင်မှသာ ရေပေးဝေနိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာအနီး မဲခရဲချောင်းဆုံတွင် ရေလှောင်တမံ တည်ဆောက်နိုင်ရေး အတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖြစ်မြောက်နိုင်စွမ်းရှိပါက ဒီဇိုင်းပြုတွက်ချက်ပြီး တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဌာနနှင့် UNICEF တို့နှင့်ပူးပေါင်း၍ ကျေးလက်ဒေသ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေး ပေးခန်းများရေရရှိရေးနှင့် ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်း ၂၀၁၂-၂၀၁၃ မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၇၄ ရွာတွင် မူလခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၆၀၀ ခန့်နှင့် တွင်းနက်တစ်တွင်း၊ လက်တူးတွင်း ၁၀ တွင်း၊ မြေသားမိုးရေလှောင်ကန် ၆၆ ကန်၊ အခြားရေရရှိရေးလုပ်ငန်းတစ်ခု စုစုပေါင်းရေရရှိရေးလုပ်ငန်း ၇၈ ခုကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အထူးသီးသန့် ရန်ပုံ ငွေဖြင့် ကျေးရွာကိုးရွာတွင် မြေသားရေကန်ခြောက်ကန်နှင့် အခြားရေရရှိရေးလုပ်ငန်း ၁၅ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၂၁ ခုကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မွမ်းမံ ရန်ပုံငွေကျပ် ၄၀၇ သန်းဖြင့် ကျေးရွာ ၁၂၆ ရွာတွင် တွင်းတိမ် ၃၁ တွင်း၊ တွင်းနက် ၂၅ တွင်း၊ လက်တူးတွင်း ၇ တွင်း၊ မြေသားရေကန် ၈၀ ကန် စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၁၄၃ ခုကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မွမ်းမံရန်ပုံငွေဖြင့် ကျေးရွာသုံးရွာတွင် မြေသား ရေကန်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်းကောင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် မူလ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၄ သန်းဖြင့် ကျေးရွာခုနစ်ရွာတွင် လက်တူးတွင်း ၄ တွင်း၊ မြေသားရေကန် ၃ ကန် စုစုပေါင်း ရေရရှိရေးလုပ်ငန်း၇ခုကို ဆောင်ရွက်ရန်လည်း လျာထားပြီး ဖြစ်ပါကြောင်း၊
ကျေးလက်ဒေသများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာမဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ဆောင်ရွက်ရန် လိုအပ်ချက်အပေါ် ပြည်နယ်/တိုင်းဒေသကြီးများမှ ဦးစားပေးအလိုက် ရေးဆွဲတင်ပြသည့် လုပ်ငန်းများကိုစိစစ်ပြီး နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငပုတော မြို့နယ် အတွင်း ရေလှောင်တမံများ တည်ဆောက်ပေးနိုင်ရေးအတွက် ယခုအချိန်တွင် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
