မေးခွန်း အကြောင်းအရာ
အုတ်ဖို (ခ) အိုးဖောက်ကျေးရွာသည် မေယုမြစ်ကမ်းဘေးရှိ ရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊ စစ်တွေ-ရသေ့တောင် -ဘူးသီးတောင်ကိုသွားသည့် ရေလမ်းကြောင်းပေါ်တွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး ရသေ့တောင်-ဘူးသီးတောင်ကို ရေလမ်းခရီးဖြင့် သွားလာရာတွင်လည်း ကြားရပ်နားနေရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ အုတ်ဖို (ခ) အိုးဖောက်ကျေးရွာသူကျေးရွာသားများ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ကြတဲ့ သင်္ဘောဆိပ်ခံတံတား သည် အစိုးရပိုင်သင်္ဘောကြီးများ၊ ပုဂ္ဂလိကပိုင်အမြန်ရေယာဉ်များ၊ စည်ပင်သာယာရေးအဖွဲ့ လိုင်စင်ရ လိုင်း စက်လှေကြီးများ နေ့စဉ်ရပ်နားကူးသန်း ရောင်းဝယ်ခြင်းများ ပြုလုပ်နေကြသည့် နေရာတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ယခုအချိန်တွင် ၎င်း ဆိပ်ခံတံတားသည် ယိုင်နဲ့ပြီး အန္တရာယ်ရှိသည့် အဆင့်ကိုရောက်ရှိနေပါကြောင်း၊ သင်္ဘောကြီးများ၊ အမြန်ယာဉ်များမှာ ဆိပ်ခံတံတားတွင် ဆိုက်ကပ်၍ မရနိုင်သည့်အတွက် မြစ်လယ်တွင် သင်္ဘောကို ကျောက်ချရပ်ထားပြီး ခရီးသည်များနှင့် ကုန်ပစ္စည်းများကို သင်္ဘောအနီးတွင် စက်တပ်လှေ ကလေးများနှင့်ကပ်ပြီး အန္တရာယ်ရှိနေသည့်ကြားမှ ကူးသန်းသွားလာနေကြရပါကြောင်း၊ မိုးတွင်းတွင် ခရီးသွားပြည်သူများမှာ ဘေးအန္တရာယ်များစွာ ကြုံတွေ့နေ ကြရပါကြောင်း၊ ဒီရေတက်ချိန်ဆိုပါက ခရီးသည်များသည် ဆိပ်ခံတံတားပေါ်ကို ပျဉ်ပြားတစ်ချပ်တင်ပြီး ကြိုးတန်းလျှောက်သလို လျှောက်ကြရခြင်း၊ ဒီရေကျချိန်တွင် ရွှံ့ပြင်ကိုဖြတ်၍ အလှမ်းဝေးသည်အထိ သွားကြရခြင်းများကို ကြုံတွေ့နေရပါကြောင်း၊ ကိုယ်ထူကိုယ်ထတည် ဆောက်ခဲ့သည့် ဆိပ်ခံတံတားကို ကျေးရွာပေါင်း ၄၀၊ အိမ်ခြေ ၅၀၀၀ ကျော်၊ လူဦးရေ ၃၀၀၀၀ ကျော်တို့ က အသုံးပြုသွားလာနေကြရပါကြောင်း၊ နိုင်ငံခြားသားများ၊ NGO အဖွဲ့အစည်းများ ခဏခဏသွားလာမှု ရှိသည့်အတွက် ဆိပ်ခံတံတားကြီးကို အလျင်အမြန်တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအရသွားလာနေကြရသည့် ပြည်သူများအတွက် သွားလာရေးအဆင်ပြေစေရန်အတွက် ရသေ့တောင်မြို့နယ် အုတ်ဖို (ခ) အိုးဖောက်ကျေးရွာတွင် သင်္ဘောဆိပ်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရသေ့တောင်မြို့နယ်၊ အုတ်ဖို (ခ) အိုးဖောက်ကျေးရွာသည် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သို့ သွားရာ ရေလမ်းကြောင်း၌ တည်ရှိသောကျေးရွာ ဖြစ်ပါကြောင်း၊ မေယုမြစ်ကမ်းဘေးတွင် တည်ရှိပြီး ရသေ့တောင်-ဘူးသီးတောင်သို့ ရေလမ်းခရီးဖြင့်သွားလာရာတွင် ပြည်တွင်းရေကြောင်းသင်္ဘောများ ခေတ္တရပ်နားသော နေရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ အုတ်ဖို (ခ) အိုးဖောက်ကျေးရွာတွင် ဦးမောင်တင်မြင့် ဦးဆောင်မှုဖြင့် ကျေးရွာသူ/သားများ အလှူငွေထည့်ဝင်ပြီး ၂၀၁၃ ခုနှစ်တွင် ကိုယ်ထူကိုယ်ထသစ်သား ဆိပ်ခံတံတားအား တည်ဆောက်ခဲ့ကြပါကြောင်း၊ အဆိုပါသင်္ဘော ဆိပ်ခံတံတားအား ၆၀ ပေ x ၁၄ ပေ x ၁၈ ပေ အတိုင်း အတာဖြင့် ကွန်ကရစ်ဆိပ်ခံတံတားအဖြစ် ပြုလုပ်မည်ဆိုပါက ခန့်မှန်းတန်ဖိုးငွေကျပ် သန်း ၂၅၀ ကုန်ကျ မည်ဖြစ်ပြီး ကျေးရွာပေါင်း ၄၀ ရွာ၊ အိမ်ခြေ ၅၃၂၄ အိမ်၊ လူဦးရေ ၃၁၁၃၄ ဦးတို့အား အကျိုးပြုနိုင် မည်ဖြစ်ပါကြောင်း၊ တင်ပြပါ ရသေ့တောင်မြို့နယ် အုတ်ဖို (ခ) အိုးဖောက်ကျေးရွာ၌ သင်္ဘော ဆိပ်ခံတံတား တည်ဆောက်နိုင်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားခဲ့သော် လည်း ဦးစားပေးအစီအစဉ်အရ ရန်ပုံငွေခွဲဝေရရှိမှု မရှိခဲ့ပါသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေတွင် ထည့်သွင်းဆောင်ရွက်မည် ဖြစ်သည့်အတွက်ကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
