(င)-တရားမဝင် ဂြိုလ်တု စလောင်းနှင့် ရုပ်သံဖမ်း စက်များကို ဥပဒေနှင့်အညီ နည်းလမ်းတကျ အခွန် အခ ကောက်ခံနိုင်ရေးနှင့် လိုအပ်သလို အရေးယူ ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

khin mg winမိမိတို့နိုင်ငံတွင် တရားဝင်ရုပ်သံထုတ်လွှင်‌့ခွင့် ရရှိသည့်အဖွဲ့အစည်းများမှာ MRTV, MWD, MRTV-4, SKY NET တို့ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့အစည်းများမှ ရုပ်သံထုတ်လွှင့်သည့် ဥပဒေပြထားခြင်း မပြုမီကပင် ၁၉၈၉ ခုနှစ် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေအရ အစိုးရ၏ခွင့်ပြုချက်ဖြင့် ရုပ်သံထုတ်လွှင့်ခွင့် ရရှိထားသူများ ဖြစ်ကြပါကြောင်း၊ ရုပ်သံထုတ်လွှင့်သည့် အစီအစဉ်များကိုလည်း သက်ဆိုင်ဝန်ကြီးဌာန၏ မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထုတ်လွှင့်ပြသနေကြပါကြောင်း၊ နိုင်ငံတော်ကိုပေးသွင်းရန်ရှိသည့် အခွန်အခများကို လည်း ပေးသွင်းလျက်ရှိကြောင်း၊ ယခုလိုထုတ်လွှင့်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မထိပါးစေဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည်ဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ ကျင့်ဝတ်များကို လိုက်နာရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုအခါ နိုင်ငံနှင့်အဝှမ်း ဂြိုလ်တုရုပ်မြင်သံကြား စလောင်းများနှင့် ရုပ်သံဖမ်းစက်များကို တရားမဝင်တင်သွင်းရောင်းချနေသည်ကို တွေ့ရှိရပါကြောင်း၊

          ယဉ်ကျေးမှုမတူသည့် နိုင်ငံခြားကထုတ်လွှင့်မှုများသည် မြန်မာ့ယဉ်ကျေးမှုများနှင့် သွေဖီနေသည်ကို လည်း သတိပြုကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာကျင့်သုံးနေသည့်မူအရ အခြားနိုင်ငံတစ်ခု၏ ထုတ်လွှင့်ချက် ကို ပိတ်ပင်၍မရသော်လည်း ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ တင်သွင်းခွင့် ရှိသည်ကို လေးစားလိုက်နာကြရမည် ဖြစ်ပါကြောင်း၊ လက်ဝယ်ရှိသူနှင့် တင်သွင်းသူတို့သည် ၂၀၁၂ ခု ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ငြိစွန်းနေခြင်းဖြစ်ပါကြောင်း၊ ၎င်း ပစ္စည်းများသည် အကောက်အခွန်ဥပဒေ၊ ပို့ကုန်၊ သွင်းကုန် ဥပဒေတို့အရ ဆက်သွယ်ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ရသည့် ပစ္စည်း‌များဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ဥပဒေ၏ ရည်ရွယ်ချက် အခန်း(၂) ပုဒ်မ ၁ တွင် ရင်းနှီးမြှပ်နှံသူများနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို အကာအကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် တရားမဝင် ဂြိုလ်တုစလောင်းနှင့် ရုပ်သံဖမ်းစက်များကို တားဆီးနိုင်ရေးနှင့် တင်သွင်းလာပါက ဥပဒေနှင့်အညီ နည်းလမ်းတကျ အခွန်ကောက်ခံ ရရှိရေးအတွက် လိုအပ်သလိုအရေးယူပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin maungပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက် ဆိုင်ရာ လိုင်စင်ကောက်ခံ ဆောင်ရွက်မှုကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ယခင် (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) ၏ ၂၉-၉-၁၉၉၃ ခုနှစ်ရက်စွဲပါ ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာ အမိန့်အမှတ် (၁/၁၉၉၃) အရ ၁၉၉၄ ခုနှစ်မှစပြီး ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တိုက်ရိုက်ကောက်ခံခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေး ဥပဒေထွက်ရှိလာပြီးနောက် ဆက်သွယ်ရေး ဥပဒေတွင်  ဂြိုလ်တု ရုပ်မြင်သံကြားဖမ်းစက် လိုင်စင်အား ခေတ်နှင့် လျော်ညီခြင်း မရှိတော့ပါသဖြင့် ရုပ်သိမ်းနိုင်ရေးအတွက် ၂၄-၄-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် စီးပွားရေးရာကော်မတီတို့ အစည်း အဝေးအမှတ်စဉ် (၁၄/၂၀၁၄)  အဆိုပါ အစည်းအဝေးမှ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ရန်လမ်းညွှန်ခဲ့ပါကြောင်း၊ ထို လမ်းညွှန်ချက်နှင့်အညီ  ၂၅-၆-၂၀၁၇ ရက်နေ့တွင်  ကျင်းပပြုလုပ်သည့် (ဆက်သွယ်ရေးနှင်‌့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန) စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၁၄) အရ  အမိန့်ကြော်ငြာစာ အမှတ် (၁/၁၉၉၃) ကို ပယ်ဖျက်ခဲ့ပါကြောင်း၊ ယခုနောက်ဆုံး ထုတ်ပြန်ထားသည့် ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ထုတ်ပေးရန်နှင့်၊ အခကြေးငွေကောက်ခံရန် မလိုအပ်ပါ ကြောင်း၊ တရားမဝင်တင်သွင်းလာသည့်အပေါ် ပြည်ပပို့ကုန်/သွင်းကုန် ဥပဒေ၊ အကောက်ခွန် နည်းဥပဒေတို့ အရ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ထုတ်လွှင့်နိုင်စွမ်းရှိသည့် ဂြိုလ်တုရုပ်မြင်သံကြား စက်ပစ္စည်းများကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၂၇၊ လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ ၅၃ (ဃ) တို့အရ အများပြည်သူကို ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာ ထောက်ခံချက်‌များကို စနစ်တကျရယူနိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၂၀၀၅ ခုနှစ်ကစတင်၍ သာမန်ဂြိုလ်တုစလောင်းများ ဖမ်းယူသည့်ကိစ္စများအတွက် လိုင်စင်ပြုလုပ်ပေးခြင်း၊ လိုင်စင်ခကောက်ခံခြင်းနှင့် ၂၀၀၇ တွင် လိုင်စင်တိုးမြှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း မရှိတော့ပါကြောင်းနှင့် ၂၀၁၃-၁၄ တွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်၊ အတည်ပြုချက်ကို ရယူပြီး ၎င်းလိုင်စင်ထုတ်ပေးခြင်းကိစ္စကို ဖျက်သိမ်းပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။