(ဃ)-မကွေးမြို့ လေဆိပ်ကို ခရီးသည်တင် လေ ယာဉ်များ ဆင်းသက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၆.၆.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u myint ooမကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်သည် လူဦးရေ ၁၇၀၀၀၀ ခန့်၊ ကျေးရွာပေါင်း ၂၁၆ ရွာ၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်၊ မကွေး တက္ကသိုလ်နှင့် ကျန်းမာရေးတက္ကသိုလ်များ ရှိပါကြောင်း၊ ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အလွန်ကောင်းမွန်ပြီး မင်းဘူးခရိုင်၊ ရခိုင်ပြည်နယ်တို့နှင့် ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူး တံတားအပြင် ချောက်-ရေနံချောင်း-နတ်မောက်-မြို့သစ်-တောင်တွင်း-အောင်လံမြို့များနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် စည်ကားနေသော မြို့ကြီးတစ်မြို့လည်းဖြစ်ပါကြောင်း၊  ရေကြောင်း၊ ကုန်းကြောင်းတို့နှင်‌့ အလွယ်တကူသွားလာနိုင်သော်လည်း အလိုအပ်ဆုံးနှင့် အချိန်တိုအတွင်း အသုံးပြုနိုင်သော လေကြောင်းလိုင်းလိုအပ်လျက်ရှိပြီး ယခုအခြေအနေအရ ညောင်ဦးလေဆိပ်ကိုသာ အားထားနေရပါကြောင်း၊

မကွေးတိုင်းဒေသကြီးအတွင်းတွင် ကျောက်ထု- ပခုက္ကူ- မကွေးစသည့် လေယာဉ်ကွင်းသုံးကွင်း ရှိသော်လည်း မည်သည့်လေယာဉ်ကွင်းမျှ ခရီးသည်တင် လေယာဉ်ဆင်းသက်နိုင်ခြင်း မရှိပါ ကြောင်း၊ မကွေးလေဆိပ်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွင်‌့လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လတွင် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရပါကြောင်း၊ အကျယ်အဝန်းသည် ၈၁၈.၈၂ ဧက၊  လေယာဉ်ပြေးလမ်း၏ အလျားသည် ၈၉၀၀ ပေ၊ အနံ ၂၀၀ ပေ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ပြီး လမ်း၏ခံနိုင်ရည်သည် ၆၂ တန်ဖြစ်ကာ Air Bus လေယာဉ်အမျိုးအစားများ ဆင်းသက်နိုင်သည်ဟု သိရှိရပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့မှ ညောင်ဦးမြို့-ကလေးမြို့သို့ ဖြတ်ကျော်ပျံသန်းသည့် လေကြောင်းများအတွက် လေကြောင်းလမ်းညွှန်စက်နှင့် ဆက်သွယ် ရေးစက်များ ဖွင့်လှစ်ပြီး လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများကို နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၄ နာရီဆင်းသက်နိုင်သည်ဟု သိရှိရပါကြောင်း၊

ထို့ကြောင့် မကွေးလေဆိပ်သို့ ခရီးသည်လေယာဉ်များ ဆင်းသက်နိုင်ရန် ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်နှင့်‌့ ရှိပါကမည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin maungမကွေးလေဆိပ်ကို ၂၀၀၃-၂၀၀၄ နှစ်မှ စတင်၍ F-27၊ F-28 လေယာဉ်များဖြင့် ရန်ကုန်-မကွေး-ရန်ကုန်ခရီးစဉ်ကို တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲခဲ့ပါကြောင်း၊   မကွေးမှ ဒေသခံပြည်သူများ အနေ ဖြင့် မော်တော်ယာဉ်ကိုသာ အဓိက အသုံးပြု သွားလာခဲ့ကြသည့်အတွက် ခရီးစဉ် တစ်ခေါက်လျှင် ခရီးသည်နှစ်ဦးမှ သုံးဦးထိသာ လိုက်ပါစီးနင်းသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အခြား ပုဂ္ဂလိက လေယာဉ်ကြောင်းလိုင်းများသို့လည်း မကွေးခရီးစဉ်အား ပြေးဆွဲနိုင်ခြင်း ရှိ/မရှိ မေးမြန်းခဲ့ရာ ပြေးဆွဲခြင်း မပြုလိုကြောင်းကို သိရှိခဲ့ရပါကြောင်း၊

ထို့ကြောင့် ခရီးသည်လိုအပ်ချက် Travel Demandအပေါ် ပြန်လည်လေ့လာ စိစစ်သုံးသပ်ပြီး  ခရီးစဉ် ရရှိမှု၊ ခရီးသည်ရရှိမှု အခြေအနေပေါ် မူတည်ပြီးမှသာ ပြေးဆွဲနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။