မေးခွန်း အကြောင်းအရာ
တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်ကို ဆက်သွယ်ထားသော သစ္စာလမ်းမကြီးရှိ မီးရထားလမ်းနှင့် မော်တော်ယာဉ် လမ်းဆုံရာတွင် ခုံးကျော်တံတားမရှိသည့်အတွက် ကားရှုပ် ထွေးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ရထားခရီးစဉ်များတိုးချဲ့လာခြင်း၊ ဒဂုံ(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံ(အရှေ့) မြို့နယ်နှင့် ဒဂုံတက္ကသိုလ်သို့သွားလာရန် အဓိကမြို့နယ်ဖြစ်ခြင်း၊ မြို့နယ်တွင် အဝေးပြေး ကားဂိတ်တစ်ခုရှိနေခြင်းနှင့် သစ္စာလမ်းမကြီးနှင့် ဒဂုံ(မြောက်ပိုင်း)တို့ ဆက်သွယ် ထားသော မြစ်ကူးတံတားစီမံကိန်းပြီးစီးပါက သစ္စာလမ်းမကြီး၌ ယာဉ်စီးရေပိုမိုများပြားလာ မည်ဖြစ်ခြင်းတို့ကြောင့် ယာဉ်စီးရေမှာ ပိုမိုတိုးတက်များပြားလာမည်ဖြစ်ပါကြောင်း၊ ရုံးတက်/ ရုံးဆင်း အချိန်များတွင် တစ်မိနစ်လျှင် မော်တော်ယာဉ် ၃၅ စီးမှ ၄၅ စီး ကြား ရထားသံလမ်းကို ဖြတ်သန်းရပြီး ရထားများသည်လည်း ၁၅ မိနစ်ခန့်လျှင် တစ်ကြိမ်နှုန်းဖြင့် ဖြတ်သန်းလျက်ရှိရာ တစ်နေ့လျှင် ၄၉ ကြိမ်ခန့် ၎င်းသံလမ်းကို ဖြတ်သန်းလျက်ရှိပါသဖြင့် ယာဉ်ကြောပိတ်ဆို့မှုသည် အဆိုပါသံလမ်းမှ ဗဟိုဈေးလမ်းဆုံမီးပွိုင့်ထိ ဖြစ်ပေါ်နေပါကြောင်း၊
သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ ဆက်သွယ်ထားသော မီးရထား လမ်းနှင့် မော်တော်ယာဉ်လမ်းဆုံနေရာတွင် မော်တော်ယာဉ်သွား ခုံးကျော် တံတားတစ်ခု ကို တည်ဆောက်ပေးနိုင်ပါရန် မည်သို့စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရထားလမ်းနှင့် ကားလမ်းများဆုံရာတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့ ရထားလမ်းကူးပေါင်း ၂၆ ခု ရှိသည့်အနက် အရေးကြီးဆုံး၊ လူ၊ ယာဉ်ထူထပ်ဆုံးနှင့် ရထားစီးရေ အများဆုံး ဖြတ်သန်းသည့်နေရာများတွင် ခုံးကျော်တံတားဆောက်ရန် အစီအစဉ် ရေးဆွဲထား ပါကြောင်း၊ သစ္စာလမ်းမကြီးတွင်ရှိသော မီးရထားလမ်းနှင့် မော်တော်ယာဉ်လမ်းဆုံနေရာကို ခုံးကျော်တံတားတည်ဆောက်ရန်သည် အမှတ်စဉ်(၃)နေရာတွင် ပါရှိပါကြောင်း၊ ရန်ကုန်နှင့် မင်္ဂလာဒုံအခြမ်းသို့ပြေးဆွဲသောရထားစီးရေအပါအဝင်စုစုပေါင်းရထားစီးရေသည် ၅၃ စင်းရှိပါ ကြောင်း၊ သစ္စာလမ်းမကြီးတွင်ရှိသော မီးရထားလမ်းနှင့် မော်တော်ယာဉ်လမ်းဆုံနေရာကို ခုံးကျော် တံတားတည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တံတားများ၏ Alignment တိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်း စသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ကြိုတင်ဆောင်ရွက် ထားမည် ဖြစ်ပါကြောင်း၊
သစ္စာလမ်းခုံးကျော်တံတား၏ ခန့်မှန်းကုန်ကျစရိတ်ကို အကြမ်းဖျဉ်းတွက်ချက်မှုအရ ပေအရှည် ၁၀၄၀ ပေ၊ ရထားလမ်းမှ ကင်းလွတ်အမြင့် ၁၉ ပေ ၆ လက်မ၊ ကားလမ်းအကျယ် ၄ လမ်းသွာဖြစ်ပြီး ဘဏ္ဍငွေကျပ်သန်းပေါင်း ၄၁၆၀၀၀၀ ကုန်ကျခံ တည်ဆောက်ရမည်ဖြစ်သည့် အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများပါဝင်ပူးပေါင်း ဆောင်ရွက်ရန် အခြားအစီအစဉ်များနှင့်လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
