(ဃ)-ယင်းမာပင်မြို့နယ်၊ရိုးမတိမ်ရွာအခြေခံပညာ အထက်တန်းကျောင်းခွဲအားအခြေခံပညာအထက် တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၅.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

aung soeယင်းမာပင်မြို့နယ်၊ ရိုးမတိမ်ကျေးရွာတွင် ၁၉၂၀ ခုနှစ် ကတည်းက မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါကြောင်း၊ ၁၉၃၂ တွင် အခြေခံပညာအလယ်တန်းကျောင်း၊ ၁၉၄၀ တွင် အထက်တန်းအဆင့်သင် ကျောင်းအဖြစ်အဆင့်အဆင့် တိုးမြှင့်ဖွင့်လှစ် သင်ကြားခဲ့ပါကြောင်း၊ ယခုကဲ့သို့ အထက်တန်းကျောင်း အဆင့်အဖြစ် ဖွင့်လှစ်သင်ကြားနေရာမှ ယင်းမာပင်မြို့နယ်အဖြစ် တည်ထောင်သည့်အခါ ရိုးမတိမ် အထက်တန်းကျောင်းကို မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သည့် ယင်းမာပင်မြို့ကို ပြောင်းရွှေ့ပေးခဲ့ရပါကြောင်း၊ ထို့ကြောင့် ရိုးမတိမ်ရွာကျောင်းအနေဖြင့် အခြေခံပညာအလယ်တန်းကျောင်းအဆင့် အဖြစ်သာ ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာမှ ၁၉၉၅ခုနှစ်တွင် တွဲဖက်အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်သင်ကြားခွင့် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် အခြေခံပညာ အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ဖွင့်လှစ် သင်ကြားခွင့် ရရှိခဲ့ပါကြောင်း၊ ရိုးမတိမ်ရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် နဝမတန်းကျောင်းသား ၁၁၄ ယောက်၊ ဒသမတန်းကျောင်းသား ၇၇ ယောက် စုစုပါင်း အထက်တန်းကျောင်းသား ၁၉၁ ယောက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ စံကိုက်ကျောင်းသား အရေအတွက်အရ အထက်တန်းကျောင်းသား ၂၀၀ ပြည့်မီကျော်လွန်ခြင်း မရှိပါသော်လည်း ၂၀၁၆-၁၇ ခုနှစ် ပညာသင်နှစ်တွင် ရိုးမတိမ်ရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ အောက်တွင် အခြေခံပညာအလယ်တန်း ကျောင်းခွဲပေါင်း ရှစ်ကျောင်းရှိပြီး အဆိုပါကျောင်းခွဲပေါင်း ရှစ်ကျောင်းမှ အဋ္ဌမတန်းကျောင်းသားပေါင်း ၂၁၆ ယောက်ရှိသည့်အတွက် လာမည့်စာသင်နှစ် ၂၀၁၇-၁၈ ခုနှစ်တွင် အဋ္ဌမတန်းကျောင်းသား ၂၁၆ ယောက်တို့သည် ရိုးမတိမ်ရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ လာရောက်ပညာသင်ကြားမည် ဖြစ်ပါသဖြင့် သတ်မှတ်အထက်တန်းအဆင့် ကျောင်းသားဦးရေကို ပြည့်မီကျော်လွန်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ရိုးမတိမ်ရွာ အခြေခံပညာအထက်တန်းကျောင်း အနေဖြင့် ယခင် ၁၉၄၀ ခုနှစ်ကတည်းက အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ပညာသင်ခွင့်ရရှိခဲ့သောကျောင်း ဖြစ်ပါသောကြောင့် အခြေခံပညာ အထက်တန်းကျောင်း အဆင့်နှင့်အညီ ကျောင်းအင်္ဂါရပ်များ၊ ကျောင်းအကျယ်အဝန်းနှင့် အဆောက်အဦး အရေအတွက်များ အဆင်သင့်ရှိနေပြီဖြစ်ပါကြောင်း၊

ယခုမေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတင်စဉ်အချိန်ကတည်းက မေးမြန်းခဲ့သော်လည်း ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်တွင် ရိုးမတိမ် အ.ထ.က(ခွဲ) သည် အ.ထ.က အဖြစ် အဆင့်တိုးမြှင့်ုသည့် အထဲတွင် ပါဝင်လာခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ယင်းမာပင်မြို့နယ် တစ်ခုလုံး အတွက် အ.ထ.က ကျောင်းအဖြစ် တိုးမြှင်‌့ပေးရန် ကျောင်းနှစ်ကျောင်းသာ တင်ပြခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်တွင်လည်း ရိုးမတိမ်ကျောင်း အ.ထ.က တိုးမြှင့်ပေးရေး ကိစ္စမေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးမှ ရိုးမတိမ်ကျောင်းကို ပထမဦးစားပေးအဖြစ် တင်ပြထားသည်ဟု ဖြေကြားထားခဲ့ပါကြောင်း၊ မိမိတင်ပြလိုသည်မှာ ရိုးမတိမ်ကျောင်းသည် ကျောင်းအကျယ်အဝန်းအားဖြင့် ၁၆ ဧကရှိသည့်အပြင် ကျောင်းဆောင်အဆောက်အဦသည်လည်း အဆင်သင့်ရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် ယင်းမာပင်မြို့ အ.ထ.က ကျောင်းကြီးတွင် ဒသမတန်း (၁၀) တန်း ဖြေဆိုသူကျောင်းသား နှစ်စဉ် ၁၂၂၀ ကျော်ရှိသည့်အတွက် စာစစ်ဌာနတစ်ခု၏ သတ်မှတ်ကျောင်းသားဦးရေ ကျော်လွန်နေသည့်အတွက် ၁၂၂၀ ထက်ပိုသော ဒသမတန်းကျောင်းသားများကို ရိုးမတိမ် အ.ထ.က (ခွဲ) ကို ပို့ပြီး ၁၀ တန်း စာမေးပွဲဌာနခွဲအဖြစ် ဖြေဆိုခွင်‌့ပြုခဲ့သည်မှာ ၂၀၀၀ ခုနှစ် ကတည်းကဖြစ်ပါကြောင်း၊ ရိုးမတိမ် အ.ထ.က(ခွဲ) သည် ၁၀ တန်း စာဖြေဌာနခွဲအဖြစ် လက်ခံကျင်းပခဲ့သည်မှာလည်း နှစ်ပေါင်း ၁၅ နှစ်ကျော်သည့်အတွက် အတွေ့အကြုံရှိပြီးသား ဖြစ်နေခဲ့ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာ အထက်တန်းကျောင်း အဆင့်အဖြစ် တိုးမြှင့်ပေးပါက အားလုံးအဆင်သင့်ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းမာပင်မြို့နယ်၊ ရိုးမတိမ်ရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲကို အခြေခံပညာအထက်တန်း ကျောင်းအဖြစ် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ခွင့်ပြုမပေးနိုင်သော် လည်း လာမည့် ၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ်တွင် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw htunပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်အဆင့်မြှင့်ရန် လိုအပ်သောကျောင်းများရရှိသည့် ဘဏ္ဍာငွေ သတ်မှတ်ချက်အရ ဖြစ်နိုင်သမျှ၊ အဆင့်မြှင့်နိုင်မှုပြုနိုင်သမျှကို ရှေးရှုစိစစ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောင်းအဆင့်မြှင့်ရေးသည် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲရခြင်းဖြစ်သည့်အတွက် အဆင့်မြှင့် ရန် လိုအပ်သောမူများကိုလည်း ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သတ်မှတ်ထားသည့်မူအရ အဆင့်တိုးမြှင့်ပေးနိုင်ခဲ့သည့် ကျောင်းမှာ ၄၁၂ ကျောင်း ရှိပါကြောင်း၊ သတ်မှတ်မူနှင့် ပြည့်မီမှုမရှိသော်လည်း ကိုယ်စားလှယ်များ၏ တင်ပြမှု၊ ဒေသခံပြည်သူများ၏ ဆန္ဒပြင်းပြမှု၊ ခရီးအကွာအဝေး သွားလာရခက်ခဲမှုစသဖြင့် အချက်အလက်များကို ဖြေလျှော့ပြီး အဆင့်တိုးမြှင့်နိုင်ရန် ဆောင်ရွက်ပေးခဲ့သော အခြေခံပညာကျောင်းပေါင်းမှာ ၄၆၈၇ ကျောင်းရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းပေါင်း ၅၀၉၉ ကျောင်းကိုလည်း သက်ဆိုင်ရာကျောင်းအသီးသီးသို့ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆင့်တိုးမြှင့်မှုသည် ယင်းမာပင်မြို့နယ်အတွင်း အခြေခံပညာကျောင်းစုစုပေါင်း (၆) ကျောင်း အဆင့်တိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်း (Sanction) အဖြစ်သို့ အဆင့်တိုးမြှင့်နိုင်ရန် သတ်မှတ်ချက်အရ အထက်အဆင့်သင်ကျောင်းသား/သူ ၂၀၀ ဦးနှင့် အထက်ရှိခြင်း သို့မဟုတ် သွားလာမှုခက်ခဲမှုအရ ပင်မကျောင်းနှင့် အကွာအဝေး ၁၀ မိုင်အထက် ကွာဝေးခြင်းတို့ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရိုးမတိမ်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ထပ်ဆင့်ကျောင်းသား ၁၇၁ ဦးရှိပြီး ပင်မကျောင်းနှင့် ကုန်းလမ်းခရီးသည် ၃ မိုင် အတွင်းရှိသည့်အတွက် မနှစ်က ဦးစားပေးအဆင့်တွင် မပါဝင်ခဲ့ပါကြောင်း၊ ထို့အပြင် ၎င်းကျောင်းသည် အဆင့်တိုးမြှင့်နိုင်ခြင်း မရှိသော်လည်း အခြေခံပညာ အထက်တန်း ကျောင်းခွဲဖြစ်သည့်အတွက် အထက်တန်းပညာများ သင်ယူခွင့်ရရှိနေသည့်အတွက်လည်း ဦးစားပေးအဆင့်တွင် မပါရှိခဲ့ပါကြောင်း၊ ယခုအခါ ကျောင်းသား/သူများ၏ ပညာသင် အခွင့်အလမ်းများ တိုးတက်လာပြီး ပညာသင်နေသော ကျောင်းသူ/သားများလည်း များစွာတိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၈-၁၉ ခုနှစ် ကျောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကိုယ်စားလှယ်တော်ကြီးတင်ပြသော ကျောင်းအားဦးစားပေး အစီအစဉ်ဖြင့် စိစစ်လျာထား ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။