မေးခွန်း အကြောင်းအရာ
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ရှိ လူထုရုံကြီးကို ၁၉၅၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်ဟု သိရှိ ရပါကြောင်း၊ ထိုအချိန်က လူထုရုံကြီးတွင် လူထုအစည်းအဝေးပွဲများ၊ ဟောပြောပွဲများ၊ ဇာတ်ပွဲသဘင်၊ အငြိမ့်များ၊ ရုပ်ရှင်ပြပွဲများကို ပြုလုပ်ကျင်းပ ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ ယင်းအဆောက်အဦနှင့် ကပ်လျက်ရှိ မြေကွက်လပ်များတွင်လည်း ဘာသာရေးဆိုင်ရာ ပွဲများ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ပွဲများကို ပြုလုပ်ကျင်းပရာ နေရာဖြစ်ခဲ့ပါကြောင်း၊ နောက်ပိုင်းကာလတွင် အဆိုပါ အဆောက်အဦကြီးကို မြို့နယ်၏ လိုအပ်ချက်အရ ကုန်သွယ်ရေး အရောင်းဆိုင်၊ ရွေးကောက် ပွဲကော်မရှင်ရုံး၊ ကုန်ပစ္စည်း သိုလှောင်ရုံနှင့် သမဝါယမ အရောင်းဆိုင်အဖြစ် အစဉ်အဆက် ဖွင့်လှစ် အသုံးပြုခဲ့သည်ကိုလည်း တွေ့ခဲ့ရပါကြောင်း၊ ယခုအခါ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အဆိုပါ အဆောက်အဦကို စီမံခန့်ခွဲမှု ပြုလုပ်နေသည်ကို တွေ့ရှိနေရပါကြောင်း၊ ယခုလက်ရှိ မြေပြင်မျက်မြင် အခြေအနေအရ ယင်းလူထုရုံကြီးသည် အဘက်ဘက်က ယိုယွင်းပျက်စီးနေပြီး ဥပဓိရုပ်လည်း လုံးဝမရှိတော့ပါကြောင်း၊ လူထုရုံကြီးသည် မြို့လယ်ခေါင်၊ လမ်းဆုံ လမ်းခွ၊ ဈေးအနီး၊ မဟာမြတ်မုနိဘုရားနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အနီးတည်ရှိပြီး အချက်အချာ ကျသည့်နေရာတွင် တည်ရှိနေပါကြောင်း၊ လူထုရုံကြီး အနီးတဝိုက်တွင်လည်း ဈေးဆိုင်ခန်းများ စည်းကမ်းမဲ့စွာ တည်ဆောက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် ယင်းရုံကြီးကိုဖျက်ပြီး မြို့နယ်အတွက် ဘက်စုံ အသုံးပြုနိုင်သော အဆောက်အဦကြီးဖြစ်ရန် လိုလားလျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ပျက်စီးယိုယွင်း နေပြီဖြစ်သော လူထုရုံကြီးအား အသစ် ပြန်လည် တည်ဆောက်ပေးရေးနှင့် အဆောက်အဦ ဘေးရှိ မြေကွက်လပ်များကို အများပြည်သူများ အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးမြန်းပါသည်။
လင်းခေးမြို့နယ်၊ ဝမ်လွိုင်ရပ်ကွက်၊ ဦးပိုင်(၇၀)၊ အကွက်အမှတ် (၁၄၅)ရှိ ဇာတ်ရုံ၊ တစ်နည်းအားဖြင့် လူထုရုံ တည်ရှိသည့် မြေနေရာသည် အလျား ၉၂ ပေ၊ အနံ ၁၀၀ ပေ၊ အနံ ၈၅ x ၇၅ ပေရှိ ဇာတ်ရုံအဆောက်အဦသည် အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိကြောင်း တွေ့ရှိရပါကြောင်း၊ တည်ဆောက်ထားသည့် မြေနေရာသည် ယခင်က ပိုင်ဆိုင်သူ မရှိသည့် မြေလွတ်မြေလပ်ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင် အဆိုပါမြေနေရာတွင် ယာယီတဲနှင့် စာသင် ကျောင်းဆောင် ဆောက်လုပ်ပြီး မူလတန်းကျောင်းအဖြစ် သုံးနှစ်ခန့် ယာယီဖွင့်လှစ် သင်ကြားခဲ့ပါကြောင်း၊ ၁၉၄၅ ခုနှစ်တွင် လင်းခေးမြို့နေ ပြည်သူလူထုတို့စုပေါင်းပြီး ဖျော်ဖြေရေးဇာတ်ရုံကို တည်ဆောက်ခဲ့ပြီး အဆိုပါဇာတ်ရုံတွင် ပြည်သူ့ကုန်ပဒေသာဆိုင် ဖွင့်လှစ်ခြင်း၊ သမဝါယမ ကုန်ပစ္စည်းဆိုင်အဖြစ် အသုံးပြုခဲ့ခြင်းများ လည်း ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုပါနေရာသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ရှိရာ မြေနေရာနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့်အတွက် ၁၉၈၉ ခုနှစ်မှ စတင်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာနမှ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ မှစ၍ နှစ် ၃၀ မြေငှားဂရန် လျှောက်ထားကာ နှစ်စဉ်မြေခွန်များ ပေးဆောင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ယာယီရုံးနှင့် ပညာရေးဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း ယာယီရုံးတို့ကိုလည်း ၂၀၁၄ ခုနှစ်အထိ ခေတ္တရုံးအဖြစ်လည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းလုပ်ကိုင်ရန် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လစဉ်ဆိုင်ခန်း ငှားရန်ခငွေ ကျပ် တစ်သောင်းနှုန်းဖြင့် ငှားရမ်းခဲ့ပြီး ငှားရမ်းခငွေ ၁၀၀ ရာခိုင်နှုန်းကို ပြည်ထောင်စုရန်ပုံငွေ ရငွေစာရင်းဖြင့် ပေးသွင်းခြင်းဖြင့် လည်ေးကာင်း ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ခွင့်ပြုသည့်ကာလ ကုန်ဆုံးသည် ဖြစ်သည့်အတွက် ထပ်မံငှားရမ်းခွင့် မပြုသည်ကို သိရှိရပါကြောင်း၊ အဆိုပါပျက်စီး ယိုယွင်းနေပြီးဖြစ်သော အဆောက်အဦအား ဖျက်သိမ်းခွင့်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေး အတွက် လျာထားဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဇာတ်ရုံတည်ရှိရာ မြေကွက်အတွင်း ဘေးနှစ်ဖက်ရှိ မြေလွတ်များတွင် လင်းခေးမြို့နေဒေသခံ ပုဂ္ဂိုလ်ငါးဦးတို့သည် မိမိစရိတ်ဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ပြီး အဆိုပါ ဆိုင်ခန်းမြေနေရာကို ၃၁-၁၀-၂၀၁၇ မှ ၃၁-၃-၂၀၃၂ အထိ ငှားရမ်းထားရှိပြီး ငွေငှားရမ်းခ ၁၀၀ ရာခိုင်နှုန်းကို ပြည်ထောင်စုရန်ပုံငွေ၊ ရငွေစာရင်းသို့ ပေးသွင်းလျက်ရှိသည်ကို သိရှိရပါကြောင်း၊ လက်ရှိတွင် လင်းခေးမြို့၊ မြို့နေပြည်သူလူထု အသုံးပြုရန်အတွက် နွယ်ဝတီခန်းမကို ဆောက်လုပ်ထားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည့်အပြင် မြို့နေလူထုအတွက် မြို့နယ်အားကစားကွင်းကိုလည်း တည်ဆောက်ထားရှိပြီး အားကစားကွင်းနှင့် ကာယပညာဦးစီးဌာနမှ ကွင်းပြုပြင် ထိန်းသိမ်းခြင်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လင်းခေးမြို့ပေါ်ရှိ ဧရိယာ ဝ.၃၉ ဧကကျယ်ဝန်းသည့် မြေနေရာသည် အစိုးရဌာနဆိုင်ရာများ အစဉ်အဆက် အသုံးပြုခဲ့ပြီး လက်ရှိတွင် လင်းခေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် မြေနေရာရှိ ဟောင်းနွမ်းဇာတ်ရုံ အဆောက်အဦကို ဖျက်ပြီး ဌာနပိုင်ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ဆောက်လုပ်ရန် လျာထား ဆောင်ရွက်ထားပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းဘသိန်း(လင်းခေး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိမေးမြန်းတင်ပြလိုသည့် ရည်ရွယ်ချက်မှာ ယင်းမြေနေရာသည် အများပြည်သူလူထု တစ်မြို့နယ်လုံး အတိုင်းအတာအရ အများနှင့်သက်ဆိုင်သည့် အဆောက်အဦအဖြစ် ပြင်ဆင် ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိကို မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည်ဆိုပါက ဝန်ထမ်းများအတွက်သာဖြစ်မည် ဖြစ်ပါကြောင်း၊ မြေနေရာ အချက်အချာကျပြီး မိမိတို့ ရိုးရာပွဲလမ်းသဘင်များ၊ ရာသီအလိုက် ဖျော်ဖြေရေးပွဲများ ပြုလုပ်သည့် မြို့လယ်တွင်လည်း ဖြစ်နေပါကြောင်း၊ ထို့အပြင် ဈေးသွားဈေးလာများ၊ မော်တော်ယာဉ် ရပ်နားနိုင်ရန် မိမိအနေဖြင့် တင်ပြမေးမြန်းလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်စိုး
မိမိအနေဖြင့် ယင်းမေးခွန်းကို သက်ဆိုင်ပြည်နယ် အစိုးရကိုယ်စား ဖြေကြားသည်အခါ လိုအပ်သည့် အချက်အလက်များ ပြည့်စုံစေရန် ရယူတောင်းခံခဲ့ပါကြောင်း၊ ထို့ကြောင့် ယင်းနေရာသည် မိမိတို့ စတင်ခဲ့သည့် ၁၉၉၂ ခုနှစ် မြေ၏ ရာဇဝင်အရ မြေလွတ်မြေလပ် ဖြစ်ပါကြောင်း၊ သို့သော်လည်း မြို့၏တည်နေရာနှင့် မြေတည်နေရာ အနေအထားအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တည်နေရာ တစ်ဆက်တစ်စပ်တည်း ဖြစ်သည့်အတွက် ၁၉၈၉ ခုနှစ်မှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်တွင် ၎င်းအချိန်ကာလက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ၎င်းမြေလွတ်မြေလပ်ကို ဌာနပိုင်မြေယာအဖြစ် ဂရန်ရယူ လျှောက်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိ မြေရာဇဝင်အရ ဌာနပိုင်မြေဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရ၏ စီမံခန့်ခွဲမှုအတွင်းတွင် ရှိသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအနေနှင့် ထပ်မံတိုးချဲ့လာသည့် ဝန်ထမ်းအင်အားများအတွက် လိုအပ်သော ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရက ၎င်းမြေနေရာတွင် လျာထား သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
