(ဃ)-ကမာရွတ်မြို့နယ်တွင် မီးသတ် စခန်းတစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်နေသည့် သန္ဓေ မီး သတ်စခန်းမြေနေရာတစ်ခုရရှိရေးဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u kyaw minကမာရွတ်မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်းတည်ရှိပြီး လူဦးရေ ၇၅၀၀၀ ခွဲကျော် နေထိုင်လျက် ရှိပါကြောင်း၊ မြို့နယ်အတွင်း ခြောက်ထပ်နှင့်အထက် အဆောက်အဦများ အများစု ပါဝင်သော အိမ်ခြေ တိုက်တာ အဆောက်အဦ ၄၃၀၀ ခန့် ဆောက်လုပ်ထားရှိပြီး လူနေသိပ်သည်းသော မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ကမာရွတ်မြို့နယ်သည် လူနေထိုင်မှု သိပ်သည်း များပြားလာသည်နှင့်အမျှ မြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်အသီးသီးတို့သည် အချိန်ပြည့်နီးပါး မော်တော်ယာဉ်များနှင့် ပိတ်ဆို့ကြပ်တည်းလျက် ရှိပါကြောင်း၊ ထို့ကြောင့် ၁၀ မိနစ်ခန့်လမ်းလျှောက်ရုံနှင့် ရောက်မည့်ခရီးကို မော်တော်ယာဉ်နှင့် နာရီဝက်ခန့်ကြာမှ ရောက်ရှိ နေပါကြောင်း၊ မြို့နယ်အတွင်းရှိ ငါးလမ်းဆုံဖြစ်သော လှည်းတန်းလမ်းမကြီး၊ လှည်းတန်းလမ်းဆုံနှင်‌့ ဆင်မလိုက် လမ်းဆုံတို့တွင် ရန်ကုန်မြို့၏ ပထမတန်း ယာဉ်ကြော ပိတ်သည့်နေရာများ ဖြစ်နေပါကြောင်း၊ ကမာရွတ်မြို့နယ် အတွင်း မီးလောင်မှုနှင့် အခြားသော ဘေးအန္တရာယ် တစ်ခုခု ဖြစ်ပွားခဲ့မည်ဆိုပါက ကယ်ဆယ်ရေးအတွက် မီးသတ်ကားများ အချိန်မီ ရောက်လာနိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်စေမည့်အပြင် မြို့နယ်အတွင်း မီးသတ်စခန်း မရှိသည့်အတွက် အကူရောက်လာမည့် နီးစပ်ရာ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံနှင့် လှိုင်မြို့နယ် မီးသတ်စခန်းများမှ မီးသတ်ကားများ အလျင်အမြန် ရောက်ရှိလာရန်အတွက် ကြီးမားသည့် အခက်အခဲ တစ်ရပ်ဖြစ်စေပါကြောင်း၊ မီးငြိမ်းသတ်မှုအချိန် နောက်ကျသည်နှင့်အမျှ ဆုံးရှုံးမှုတန်ဖိုးကလည်း ကြီးမား လာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊

ငလျင်လှုပ်ခြင်း၊ တိုက်ပြိုခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်း၊ ယာဉ်တိုက်ခိုက်မှုများဖြစ်ပွားခြင်းစသည့် သဘာဝဘေး တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် ရှာဖွေကယ်တင်ရေး လုပ်ငန်းများတွင်လည်း အချိန်နောက်ကျ သည်နှင့်အမျှ ပျက်စီးဆုံးရှုံးမှုများ ပိုမိုများပြား‌ စေမည်ဖြစ်ပါကြောင်း၊ ပစ္စည်းဆုံးရှုံးသည်ထက် တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ ပျက်စီးဆုံးရှုံးရခြင်းကို မည်သည့်ပြည်သူ တစ်ဦး တစ်ယောက်ကမျှ မဖြစ်စေလိုသည်ကို အားလုံးအသိပဲဖြစ်ပါကြောင်း။

ဂျပန်နိုင်ငံက FDMA ဟုခေါ်သည့် Fire and Disaster Management Agency ၏ လက်တွေ့ စမ်းသပ်ချက်များအရ သစ်သားအိမ် တစ်လုံးသည် မီးလောင်ပြီး နောက်ထပ်အိမ်တစ်လုံးကို ကူးရန်အတွက် အချိန် ၈ မိနစ်သာ ကြာမြင့်သည်ကို သိရှိရပါကြောင်း၊ အဆိုပါအချက်သည် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရန်အတွက် အချိန်မြန်ဆန်မှုသည် လွန်စွာပဲ အရေးကြီးကြောင်းကို သိသာထင်ရှားစေပါကြောင်း၊ ကမာရွတ်မြို့နယ်အတွင်း မီးသတ်စခန်း တစ်ခုရှိမည်ဆိုပါက  အချိန်နှောင့်နှေးမှုပြဿနာသည် အထိုက်အလျောက်၊ အလိုအလျောက် ပြေလည်သွားစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမာရွတ်မြို့နယ်တွင် သန္ဓေမီးသတ်စခန်း မြေနေရာတစ်ခုရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soe ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတစ်ရုံးကို ဦးစီးအရာရှိအင်အား ကိုးဦးဖြင့် လည်းကောင်း၊ မြို့နယ်မီးသတ်စခန်းတစ်ခုကို ဒုမီးသတ် ဦးစီးမှူးအင်အား ၁၈ ဦးဖြင့် လည်းကောင်း၊ မီးသတ်ယာဉ် လေးစီးဖြင့်လည်းကောင်း ဖွင်‌့လှစ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ တွင် ဖွဲ့စည်းပုံအရ ခွင့်ပြုမိန့် ကျထားပြီးဖြစ်ပါကြောင်း၊ လက်ရှိ ကမာရွတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးအတွက် မီးသတ် ဒုတပ်ကြပ် တစ်ဦး၊ မီးသတ်တပ်သားနှစ်ဦး ပေါင်းသုံးဦးနှင်‌့ မြို့နယ်မီးသတ်စခန်းအတွက် အင်အား ရှစ်ဦး စုစုပေါင်း ၁၂ ဦးကို မိမိတို့ ခန့်အပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ လက်ရှိကမာရွတ်မြို့နယ်တွင် မီးသတ်စခန်း ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ဝန်ထမ်းများ နေထိုင်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော စမ်းချောင်းမြို့နယ် မီးသတ်စခန်းတွင် ခေတ္တပူးတွဲတာဝန် ချထားပေးလျက်ရှိပါကြောင်း၊ ကမာရွတ်မြို့နယ်တွင် မီးသတ်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် လှည်းတန်းနှင်‌့ ထန်းတပင် လမ်းထောင့်ရှိ စည်ပင်သာယာရေးစက်အတွင်း ယခင်ဈေးဆိုင်ခန်းများ ဖျက်သိမ်းခဲ့သည့် ပေ ၁၂၀ ပတ်လည်ရှိသော မြေနေရာကို အသုံးပြုခွင့် ရရှိရေး တင်ပြ ဆောင်ရွက်ခဲ့သည့်အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့ပြစီမံကိန်းအတွက် လျာထားသော မြေဖြစ်သည့်အတွက် ခွင့်ပြု၍ မရပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းပြန်ကြားခဲ့ပါကြောင်း၊

 ထို့ကြောင့် ကမာရွတ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဆရာစံလမ်းနှင်‌့ ဈေးလမ်းထောင်‌့ မြေကွက်အမှတ်( ၇၈၂/ က နှင်‌့ ခ) ရှိ မီးသတ်ဝန်ထမ်း အိမ်ရာအဟောင်းကို ဖျက်သိမ်းပြီး ကမာရွတ်မြို့နယ် မီးသတ်စခန်း ဆောက်လုပ်နိုင်ရေးအတွက် ဝန်ထမ်းနေအိမ်ပါသော မြို့နယ်မီးသတ်စခန်း ၄၅ ပေ x  ၃၉ ပေ x ၅၃ ပေ ငါးထပ် အဆောက်အဦ ဆောက်လုပ်ရန် ဘဏ္ဍာငွေ ထည့်သွင်း တင်ပြ တောင်းခံခဲ့သည့်အခါ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေကျပ် ၂၂၃.၇၀၂ သန်း ခွဲဝေရရှိပြီး ဖြစ်သည့်အတွက် ဘဏ္ဍာငွေ စည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။