(ဂ)-နမ္မတူမြို့မ ရဲစခန်းနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့ကို ပြုပြင်ပေးနိုင်ရန်၊ ဆေးရုံအချုပ်ခန်း ဆောင်ရွက် ပေးရန်၊ရဲအင်အားတိုးမြှင့်ခန့်ထားပေးရန်၊နမ္မတူ နှင့် ဘော်တွင်းရှိ ရဲဝန်ထမ်းအိမ်ရာများ ပြင်ဆင် ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

nan kham ayeနမ္မတူမြို့မရဲစခန်းတွင် အိုမင်းနေသည့် နှစ်ထပ်ဆောင်တစ်ခုရှိပြီး အပေါ်ထပ်အခန်းသည် အချုပ်ခန်းဖြစ်ပါကြောင်း၊ အဆိုပါ အချုပ်ခန်းကို သစ်သားများနှင့် ပြုလုပ်ထားပြီး ဟောင်းနွမ်းဆွေးမြည့် လျက်ရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၏ ညွှန်ကြားချက်ဖြစ်သည့် အုတ်များနှင့် ကာရံဆောက်လုပ်ရန် အစီအစဉ်ရှိသော်လည်း  မဆောင်ရွက်နိုင်ခင် ကြားကာလတွင် ခိုင်ခံ့သည့် သစ်သားချောင်းများနှင့် အစားထိုး လဲလှယ်ဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်ဟု ဖြေကြားခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နမ္မတူမြို့မ ရဲစခန်း၏ အပြင်ပတ်လည်တွင်ရှိသည့် အကာအရံများကို အုတ်များဖြင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊

ဆက်လက်ပြီး နမ္မတူဆေးရုံတွင် ဆေးရုံတက် အချုပ်သားများ ထွက်ပြေး လွတ်မြောက် သွားသည့်ဖြစ်စဉ် တစ်ခုဖြစ်ခဲ့ပါကြောင်း၊  ဆေးရုံ တက်ရောက်ကုသသည့် အချုပ်သားများ၊ တရားခံများအား  ရဲစခန်းက လုံလောက်သည့် အင်အားထုတ်နုတ်ပြီး လုံခြုံရေး ဆောင်ရွက်ရန်လည်း မဖြစ်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့် ဆေးရုံ တက်ရောက်ကုသရသည့် တရားခံ အချုပ်သားများအတွက် ဆေးရုံအချုပ်ခန်း သီးသန့် သို့မဟုတ် ဆေးရုံတွင်ရှိသည့် အခန်းကို သီးသန့်ခန်းအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊

ထပ်မံ၍ သက်တမ်းကြာမြင့်ပြီး နေထိုင်ရန် လုံးဝမသင့်တော်သည့် ဟောင်းနွမ်းဆွေးမြည့်ပြီး အမြင်တင့်တယ်မှု မရှိသော အ‌ဆောက်အဦများ ရှိနေသည့်  ဘော်တွင်း ရဲစခန်းတွင်လည်း ဘော်တွင်းမိသားစု ရဲဝန်ထမ်းများသည် ၁၀ ပေပတ်လည်ရှိ သွပ်များဖြင့်အပြည့် ကာရံထားသည့် အခန်းကျဉ်းတွင် နေထိုင်ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင်ရှိသည့် ဝန်ထမ်းအိမ်ရာများကို မြေပြင်စစ်ဆေး စာရင်းကောက်ယူပြီး လုပ်ငန်းဦးစားပေး သတ်မှတ်ချက်များနှင့် စီမံချက် ချမှတ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်ဟု လွှတ်တော်တွင် ဝန်ကြီး၏ ဖြေကြားချက်အရ နမ္မတူဘော်တွင်း လိုအပ်ချက်သည် ဦးစားပေး အဆင့်အနေဖြင့် ဖော်ဆောင်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း၊

ရဲအင်အား လုံလောက်မှု မရှိခြင်းနှင့် ပတ်သက်ပြီး သတ်မှတ်ခွင့်ပြုထားသည့် ခွင့်ပြုအင်အားအတိုင်း အင်အား ပြည့်မီစေရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ရေးစီမံချက်များကို ရေးဆွဲပြီး ဖြည့်ဆည်းဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်နေပါသည်ဟု ဖြေကြားမည်ဆိုပါကလည်း ထိုသို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ယုံကြည်ချက်မဲ့ပြီး အနာဂတ် ပျောက်လုနီးပါး ဖြစ်နေသည့် တချို့သော ရဲဝန်ထမ်းများ၏ ဘဝကို မြှင့်တင်နိုင်ခြင်း မရှိဘဲ ရဲအင်အား တိုးချဲ့ခန့်ထားရန် မဖြစ်နိုင်ဘူးဆိုသည့် အရှိတရားကို ပြည်ထဲရေးဌာနက လက်ခံနိုင်ရန်သည် အရေးတကြီး လိုအပ်နေပါကြောင်း၊ သို့မှသာ ချမှတ်ထားသော မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နမ္မတူဘော်တွင်းအတွက် ရဲအင်အား လုံလောက်မှု မရှိသဖြင်‌့ တိုးမြှင့် ခန့်ထားနိုင်ခြင်းရှိ/မရှိ၊ နမ္မတူဘော်တွင်းတွင် ရှိနေသည့် ယိုယွင်းလျက်ရှိသော ရဲဝန်ထမ်းအိမ်ရာများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် နယ်မြေရဲစခန်းရုံးတို့ကို ရဲစံချိန်စံညွှန်းနှင့်အညီ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့မရဲစခန်း အချုပ်ခန်းတွင် အပြင်ဘက်အချုပ်သား ၂၀ ဦးဆံ့သည့် ကျားအချုပ်ခန်း တစ်ခန်းနှင့် မအချုပ်ခန်း တစ်ခန်းပါဝင်ပါကြောင်း၊ နမ္မတူရဲစခန်း၏ အပြင်ပတ်လမ်းများသည် ကာလကြာမြင့်သည့်အတွက် ဆွေးမြည့်နေသော သစ်သားအခင်းများ ပြုပြင်မှုကို ၂၅-၆-၂၀၁၅ ရက်နေ့တွင် (၁) ကြိမ် ပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် လက်ရှိ အခြေအနေအရ မြေပြင်တွင် အမှန်တကယ်ပြုပြင်ရန် လိုအပ်သည့်အပြင် ခိုင်ခံ့မှု အားနည်းသော သစ်သားများအစား သံချောင်း၊ သံဇကာစသည်တို့ဖြင်‌့ ပြုပြင်မွမ်းမံ နိုင်ရေးအတွက်ကို ယခုနှစ် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေမှ ငွေကျပ်သန်း ၄.၆၅၈ သန်းကို ခွင့်ပြုပေးထားပြီး ဖြစ်သည့်အတွက် ပြင်ဆင်နိုင်ရေး စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

နမ္မတူမြို့နယ်ရှိ ပြည်သူ့ဆေးရုံသည် ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်ပြီး နှစ်ထပ်ဆောင် တစ်ဆောင်ရှိကာ လူနာဆောင်များသည်လည်း အခန်းကျယ်များနှင့် ဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးရုံ၏ ခုတင် ၁၀၀ တွင် ၉၆ ခုတင်သာ ထားရှိနိုင်ပါကြောင်း၊ ဆေးရုံတက်ရောက်သည့် အချုပ်သားစာရင်းများအနေဖြင့် ယခင်နှစ် စာရင်းများအရ တစ်နှစ်တွင် ခြောက်ဦးခန့် တက်ရောက်ခြင်း ဖြစ်သည့်အတွက် ဆေးရုံအနေဖြင့် အချုပ်သားများအတွက် သီးသန့်အချုပ်ခန်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့သော်လည်း ဆေးရုံတက်အချုပ်ခန်း တရားခံများကို လုံလောက်သည့် ရဲတပ်ဖွဲ့အင်အားဖြင့် စောင့်ကြပ်ခြင်း၊ လိုအပ်သည့် သက်ဆိုင်ရာ ရဲစခန်းမှူး၊ ဆေးရုံမှူးတို့မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်မှုများကိုလည်း အလေးထား၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရဲအင်အား မလုံလောက်သည့်အတွက် ရဲအင်အား တိုးမြှင့် ခန့်ထားပေးနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးတွင် ဖွဲ့စည်းအင်အား ၄၇.၆၉ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ၏ ဖွဲ့စည်းပုံအင်အား ၄၂.၇၆ ရာခိုင်နှုန်းနှင့် လုပ်ငန်းတာဝန်များ  ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် နမ္မတူဘော်တွင်း ရဲစခန်းတွင် ဖွဲ့စည်းပုံအင်အား ၁၇.၇၃ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ၂၇-၄-၂၀၁၇ ရက်နေ့တွင်ဆင်းသည့် တပ်သားသစ် ၁၀ ဦးထပ်မံဖြည့်တင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၁-၁၀-၂၀၁၆ ရက်နေ့ကစပြီး ဘော်တွင်းစခန်းကို နယ်မြေလုံခြုံရေး အခြေအနေအရ ယာယီ ရုတ်သိမ်းထားရပါကြောင်း၊ ၎င်းဘော်တွင်းစခန်းမှ အရာရှိတစ်ဦးနှင့် အခြားအဆင့် (၄)ဦး စုစုပေါင်း(၅) ဦးကိုလည်း နမ္မတူစခန်းတွင် ထည့်သွင်းပြီး ပူးတွဲတာဝန် ထမ်းဆောင်စေသည့်အတွက် လက်ရှိတွင်ဖွဲ့စည်းပုံ၏ ၂၄.၁၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပါကြောင်း၊ 

နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် နမ္မတူမြို့မရဲစခန်းဝင်းအတွင်းတွင်ရှိပြီး လက်ရှိအဆောက်အဦများတွင် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတွက် ပြုပြင်ရန်လိုအပ်သည့် အခြေအနေ မျိုးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆင့်အလိုက် ပြုပြင်တည်ဆောက်ရမည့် လုပ်ငန်းစဉ်များကို နမ္မတူမြို့မ ရဲစခန်းနှင့် အိမ်ထောင်သည် လိုင်းခန်းများ ပြုပြင်ရေးကို တတိယဦးစားပေးရမည့်နေရာတွင် ထည့်သွင်း တင်ပြဆောင်ရွက် လျက်ရှိပါကြောင်း၊ မဖြစ်မနေ ဆောင်ရွက်ရမည့် နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ဘော်တွင်းနယ်မြေရဲစခန်း အချုပ်ခန်းတစ်လုံးတို့ကို သံကူကွန်ကရစ်ဖြင့် ဆောက်လုပ်ပေးနိုင်ရေးကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် (၁) ကြိမ်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် (၁) ကြိမ် ရန်ပုံငွေများ လျာထားတင်ပြ တောင်းခံခဲ့သော်လည်း ရန်ပုံငွေ စိစစ်ဖြတ်တောက်မှု အရ ရရှိခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ဖြည့်စွက် ရန်ပုံငွေတွင်လည်း ဆက်လက်တင်ပြ တောင်းခံပြီး ရန်ပုံငွေ ခွင့်ပြုချက် ရရှိပါက အလေးထား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်နန်းခမ်းအေး (နမ္မတူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိနေသည့် ရဲစခန်းအသီးသီးက ဖမ်းဆီးထားသော တရားခံ အချုပ်သားများအတွက် လုံခြုံရေးအင်အား အပြည့်အဝ ထုတ်ပေးထားသော်လည်း ယခုထိ ထွက်ပြေးလွတ်မြောက်ခြင်းများ ရှိနေပါကြောင်း၊ ထို့ကြောင်‌့ ၎င်းတရားခံများနှင့် ပတ်သက်သည့် အချုပ်ခန်းကို နမ္မတူတစ်ခုတည်းအနေဖြင့်မေးမြန်းခြင်းမျိုး မဟုတ်ဘဲ တစ်နိုင်ငံလုံးတွင် ရှိနေသည့် မြို့နယ်ပြည်သူ့ ဆေးရုံတိုင်းသည် ဆေးရုံတက် အချုပ်ခန်းများကို မရှိမဖြစ် ထားရှိပေးရန် လိုအပ်ပါကြောင်း၊ အကယ်၍ မရှိဘူး ဆိုလျှင်လည်း ဆေးရုံတက်တရားခံ အချုပ်သားများ ရောက်လာပြီဆိုလျှင် သီးသန့်ခန်း တစ်ခန်းအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် နမ္မတူရဲတပ်ဖွဲ့ဝင်၏ အင်အားသည် လုံလောက်မှု မရှိသည့်အတွက် ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ဆေးရုံများတွင် Net Work များထားရှိရေးနှင့် ပတ်သက်ပြီး မိမိတို့ရှမ်းပြည်နယ်တွင် ပြည်သူ့ဆေးရုံနှစ်ရုံ၊ ခရိုင်အဆင်‌့ ပြည်သူ့ဆေးရုံသုံးရုံနှင်‌့ မြို့နယ်အဆင့်ပြည်သူ့ဆေးရုံ ၆၃ ရုံရှိသည့်အနက် ပြည်နယ်အဆင်‌့ တောင်ကြီးဆေးရုံနှင်‌့ လားရှိုးဆေးရုံ၊ ခရိုင်အဆင့်တွင် တာချီလိတ်ဆေးရုံနှင့် မြို့နယ်အဆင့်တွင် သီပေါနှင့် ကျိုင်းတုံဆေးရုံများတွင်လည်း ဆေးရုံ၏ အချုပ်ထောင်ဖြစ်သည့် Net Work များကို ထားရှိပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရပါကြောင်း၊ ချုပ်သားများ ထွက်ပြေးနိုင်မှုနှင့် ပတ်သက်ပြီး ဆေးရုံတက်တဲ့အခါတွင် ဆေးရုံတိုင်း Net Work များထားရှိရန် လိုအပ်သည်ကို အပြည့်အဝလက်ခံပါကြောင်း၊ သို့သော် လက်ရှိကျန်းမာရေးဝန်ကြီးဌာန၏ ဆောက်လုပ်ထားသည့် ဆေးရုံ၏အခြေအနေနှင့် တက်ရောက် ကုသနေသော လူနာ၏ အခြေအနေများ၊ ဖွဲ့စည်းမှုပေါ်မူတည်ပြီး Net Work ထားရှိမှုက ကျန်းမာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်ပင် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ချုပ်သားတရားခံပေါ် မူတည်ပြီး နမ္မတူတွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်အရလည်း တရားခံ၏ပစ်မှုပေါ် မူတည်ပြီး ချုပ်သားများကို Net Work နှင့်ထားပြီး ကုသရန် အနီးစပ်ဆုံး မြို့နယ်ဆေးရုံများကို ပို့ဆောင်ကုသသည့် လုပ်ငန်းစဉ်ကိုလည်း ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုနမ္မတူဆေးရုံတွင် Net Work မထားနိုင်ခြင်းသည်လည်း ဆေးရုံ၏ အနေအထားအရ ဆောက်လုပ်နိုင်ခြင်း မရှိပါကြောင်း၊ တစ်နိုင်ငံရှိ လုံးမြို့နယ်များ၏ ဆေးရုံများတွင် Net Work ထားရှိမှု အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ သဘောထားပေါ် မူတည်ပြီး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းနှင့် ပတ်သက်၍ စိစစ်ကြည့်သည့်အခါ အမှန်တကယ်လည်းမြေပြင်တွင် အင်အားနည်းပါကြောင်း၊ ထို့ကြောင့် တပ်သားအသစ် ၁၀ ဦးကိုလည်း မိမိတို့မှချက်ချင်း ဖြည့်တင်းပေးခဲ့ပါကြောင်း၊ မိမိတို့လည်း ရရှိထားသည့် အင်အားပေါ်မူတည်ပြီး လိုအပ်လျက်ရှိသော ဒေသများကို မျှဝေဖြည့်တင်းရခြင်း ဖြစ်သည့်အတွက် ထပ်မံစုစောင်း ရရှိပါကလည်း ဖြည့်တင်းနိုင်ရန် စီမံလျှက်ရှိပါကြောင်း၊ သို့သော်လည်း နယ်မြေအခြေအနေ၊ ဖြစ်ပွားမှုအခြေအနေ ၎င်းတို့အပေါ် ချိန်ဆပြီး တစ်နိုင်ငံလုံးအတွက် စဉ်းစားရခြင်း ဖြစ်သည့်အတွက် လက်ရှိဖြည့်တင်း ပေးထားသော တပ်သားသစ် ၁၀ ဦးနှင့်  ဘော်တွင်းမှ (၅) ဦးကို ပထမအဆင်‌့အနေဖြင့် ဖြည့်တင်းပေးထားပြီး ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။