မေးခွန်း အကြောင်းအရာ
ပျော်ဘွယ်မြို့နယ်သည် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ရခိုင်ပြည်နယ်အထိ ဆက်သွယ်ထားသည့် လမ်းဆုံတွင် တည်ရှိသည့် မြို့ဖြစ်ပါကြောင်း၊ မြို့၏ဧရိယာသည် ၂.၈၅ စတုရန်းမိုင် ၁၈၂၆ ဧကခန့် သာရှိပါပြီး မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်၊ အိမ်ခြေ ၆၁၃၂ အိမ်နှင့် အိမ်ထောင်စု ၆၁၆၅၊ ကျား/မလူဦးရေ ၃၀၇၄၈ ဦးခန့် ရှိပါကြောင်း၊ မြို့မြေ ဧရိယာအတွင်း အရှေ့အနောက်၊ တောင်မြောက် လမ်းမကြီး နှစ်ခုအပြင် ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ဘူတာရပ်ဝန်းလည်း တည်ရှိပါကြောင်း၊ ထို့ကြောင့် လူနေအိမ်ခြေအတွက် မြေဧရိယာ လုံလောက်မှု အားနည်းသည့်အတွက် နေ့စဉ်တိုးပွားနေသည့် လူဦးရေစာရင်းမှာ ၂၀၁၆ ခုနှစ် အကုန်အထိ ကျူးကျော် နေထိုင်သူများစာရင်းက သာသနာ့မြေကျူး ၄၁ ဦး၊ ရထားသံလမ်း မြေကျူး ၁၁၉ ဦး၊ လယ်မြေ ကျူး ၃၂၀ ဦး၊ လမ်းမြေကျူး ၁၅ ဦး၊ သမဝါယမမြေ ကျူး ၈၀ ဦး၊ အခြားမြေ ကျူး ၇၄ ဦးနှင့် ၆၄၉ ဦး ရှိပါကြောင်း၊
ထို့အပြင် ပျော်ဘွယ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ၃၇ ဦးရှိပြီး လက်ရှိ ခန့်အပ်ထားသော ဝန်ထမ်းက ၂၉၄၆ ဦး ရှိပါကြောင်း၊ ၎င်း ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ မရရှိသေးသော သူက ၂၆၇ ဦးရှိသဖြင့် ထပ်မံခန့်အပ်မည်ဆိုပါက ဝန်ထမ်း လိုအပ်ချက်က ၁၁၆၅ ဦးရှိပါကြောင်း၊ ထို့ကြောင့် ကျူးကျော်နေသည့် နေအိမ်နေထိုင်သူ ၆၄၉ ဦး၊ ဝန်ထမ်းအိမ်ရာ မရှိသေးသည့် ၂၆၇ ဦးနှင့်ထပ်မံ လိုအပ်လာနိုင်သည့် ဝန်ထမ်း ၁၁၆၅ ဦးတို့အတွက် အိမ်ရာများ ချပေးရန် လိုအပ်ပါကြောင်း၊ ၎င်းတို့အတွက် မြို့ပြမြေအဖြစ် သတ်မှတ်နေရာ ချထားပေးနိုင်ရန် ရှာဖွေသည့်အခါ ပျော်ဘွယ်မြို့၏ ပြည်သာယာရပ်ကွက် အရှေ့ဘက်ခြမ်း၊ ရွှေပြည်မြန်အောင်ရပ်ကွက် မြောက်ဘက်တွင်ရှိသည့် ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်း စီမံဌာနပိုင်မြေ အသုံးမပြုသည့် အစိတ်အပိုင်းကို ဌာန၏ လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်ပြီး မြို့မြေအဖြစ် ခွင့်ပြုပေးလျှင် သင့်လျော်မည်ဟု သိရှိရပါကြောင်း၊ အဆိုပါမြေသည် ဧရိယာ ၃၂၅.၇၉ ဧကရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၁-၁၂- ရက်စွဲပါစာအမှတ်နှင့် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်က အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်း သီးနှံဌာနပိုင်မြေအဖြစ် လွှဲအပ်ခဲ့သော မြေဖြစ်ပါကြောင်း၊ ၂၀၀၈-၀၉ ခုနှစ်မှစပြီး ဝါးဂွမ်း ဧက ၂၀၀ ခန့် စိုက်ပျိုးပါ ကြောင်း၊ ၎င်းကို ကုန်ကြမ်း ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၂-၁၃ ခုနှစ်ကနေစပြီး စက်မှုကုန်ကြမ်း သီးနှံများ စိုက်ပျိုးခြင်း မရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် တိုးပွားလာတဲ့ လူဦးရေများ၊ ဝန်ထမ်းအိမ်ရာ မလုံလောက်မှုများ၊ ကျူးကျော် နေထိုင်သူများအတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ ပြည်သူလူထု၏ စီးပွားဘဝများ တိုးတက် ကောင်းမွန်လာအောင် တည်ဆောက်နိုင်ရန်အတွက် ပြည်သာယာရပ်ကွက် အရှေ့ဘက်အခြမ်းနှင့် ရွှေပြည်ရန်အောင် မြောက်ဘက် အခြမ်းတွင် ရှိသည့် ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း စက်မှုကုန်ကြမ်းအား စီမံဌာနပိုင် အသုံးမပြုသည့် စက်မှုကုန်ကြမ်းသီးနှံ စိုက်ပျိုးမြေဧက ၃၂၅.၇၉ ဧကကနေပြီး သင့်လျော်သည့် မြေကို မြို့မြေအဖြစ် သတ်မှတ် ပေးနိုင်ရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
စက်မှုဝန်ကြီးဌာန အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) ကြီးကြပ်မှု အောက်ရှိ ပျော်ဘွယ် ဝါစိုက်ကွင်းမြေသည် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အရှေ့ဘက်မိုင်တိုင် အမှတ်(၃၁၂)နှင့် (၃၁၃)အကြား၊ ရွှေပြည်ရန်အောင်ရပ်ကွက်၊ ကွင်းအမှတ် (၁၄၉)/တနင်္ဂသီကွင်း၊ ကွင်းအမှတ် (၁၅၀)/ ညောင်လှကွင်းနှင့် ကွင်းအမှတ် (၁၈၈)/ ဘူတာရုံကွင်းတို့တွင် တည်ရှိပြီး စုစုပေါင်း ၃၂၉.၇၉ ဧက ကျယ်ဝန်းသော မြေဖြစ်ပါကြောင်း၊ ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ် လုပ်ငန်း၊ စက်မှုကုန်ကြမ်း စီမံရေးဌာနပိုင် မြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ အခမဲ့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ၂၀၀၈-၀၉ ခုနှစ်မှ ၂၀၁၂-၁၃ ခုနှစ်အထိ ဌာန အစီအစဉ်ဖြင့် မိုးကြို၊ မိုးနှောင်းချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ယခုအခါ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) အား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ကိုကိုမြင့်ကုမ္ပဏီနှင့် ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် (၁/၄၀) အဆင့်မြင့်ချည်များကို အကျိုးတူ စမ်းသပ်ထုတ်လုပ်ခဲ့ရာ အောင်မြင်လျက် ရှိနေပါကြောင်း၊ ယခင်က စက်မှုကုန်ကြမ်း သီးနှံဝါစိုက်ပျိုးခဲ့သည့် ဖော်ပြပါ မြေသည် ဝါစိုက်ပျိုးခြင်း မရှိသည့်အတွက် မြေလွတ်အဖြစ် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် ပျော်ဘွယ်ဝါစိုက်ကွင်းမြေမှ မြေဧရိယာ ၂၂ ဧကအား ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်အရ သီရိဝဏ္ဏဂေါက်ကွင်းအဖြစ် ၂၀၁၄ ခုနှစ် ဧပြီလမှစတင်၍ ယာယီ အသုံးပြုခွင့် ပေးထားခဲ့ပါကြောင်း၊ ယခုအခါ ဝါစိုက်ပျိုးမှု မရှိသည့် ကွင်းအမှတ် (၁၈၈)/ ဘူတာရုံကွင်းမြေ ၃၅.၈၆ ဧကနှင့် ကွင်းအမှတ် (၁၄၉)/တနင်္ဂသီကွင်း၏ တောင်ဘက်တစ်စိတ်တစ်ဒေသ မြေ ၆၆.၇၈ ဧက စုစုပေါင်း ၁၀၂.၆၄ ဧက (ဂေါက်ကွင်းမြေအပါအဝင်) အား လိုအပ်ချက်နှင့်အညီ စွန့်လွှတ်ပေးသွားမည်ဖြစ်ပြီး ကျန် ၂၂၃.၁၅ ဧကကို အထည်စက်ရုံများအတွက် အရည်အသွေး ပြည့်မီသည့် မျိုးပြုပြင်ထားသော ချည်မျှင်ရှည်ဝါများကို တိုးချဲ့စိုက်ပျိုးရန် ချန်လှပ်ထားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဝါစိုက်ကွင်းမြေ ၃၂၅.၇၉ ဧကအနက် (ဂေါက်ကွင်းမြေ အပါအဝင်) ၁၀၂.၆၄ ဧကအား ပျော်ဘွယ်မြို့နယ် မြို့ပြအင်္ဂါရပ်နှင့်အညီ လူမှုစီးပွားရေး ဘဝများကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပျော်ဘွယ်မြို့နယ်သည် ကြက်သွန်၊ ငရုတ်၊ ပဲအမျိုးမျိုးနှင့် နှမ်းထွက်သော ဒေသဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ကုန်သည်များက ကုန်တင်ကားများနှင့် သယ်ယူပို့ဆောင်နေသည့် နေရာဖြစ်ပါကြောင်း၊ မြို့မြေတင်ပြတောင်းခံသည့် နေရာတွင်လည်း မြို့လူထုသည် ကားကြီးကွင်းတစ်ခု လိုအပ်နေပါကြောင်း၊ နောက်တစ်ခုဖြစ်သည့် ဝါးဂွမ်းစိုက်ပျိုးသော်လည်း အမှန်တကယ် ဖြစ်ထွန်းမှု အခြေအနေ မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ စိုက်ပျိုး၍ မရပါကြောင်း၊ ထိုသို့ ၁၀၂.၆၄ ဧကပေးခြင်းထက် ၂၀၀ ခန့်အထိ တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
စက်မှုဝန်ကြီးဌာနအနေဖြင့် အသုံးမလိုသည့်မြေများကို ပြန်လည်လွှဲပြောင်းပေးအပ်လျက် ရှိပါကြောင်း၊ ဧက ၂၀၀ ခန့် တောင်းဆိုခြင်းကိုလည်း မိမိတို့ဘက်မှ ကန့်ကွက်ရန် မရှိပါကြောင်း၊ သို့သော် မိမိတို့ဘက်မှ ပြန်လည်ညှိနှိုင်းပြီး ဝါစိုက်မည့် မြေများလည်း ပြန်လည် ပြုပြင်ဆဲဖြစ်ပါကြောင်း၊ ၎င်းပြုပြင်ဆဲ ဧရိယာထဲမှ မြေကျအဖြစ် သုံး၍ခက်ခဲသော နေရာများကို ပြန်လည်စိစစ်ပြီး ထပ်မံခွဲဝေပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခု လက်ရှိတွင် မြေဧရိယာကို မြေအမျိုးအစား ပြုပြင်သည့် နေရာများကို ပြန်လည်သတ်မှတ်လျက်ရှိပါကြောင်း၊ စက်မှုကုန်ကြမ်းများကလည်း အိန္ဒိယနည်းပညာနှင့် ပူးပေါင်းပြီး ချည်မျှင်ရှည်ဝါအဖြစ် ပြောင်းလဲပြီး ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုလို စိုက်ပျိုးရန်အတွက်လည်း မြေဆီကောင်းရန်နှင့် မြေကျပ်သည့် နေရာများကိုလည်း ရွေးချယ်ပြီး ကားလမ်းနှင့် အဝင်/ထွက် သင့်တင့်သည့် နေရာများကို သတ်မှတ်ပြီး မျှဝေပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
