(စ)-ဘတ်ဂျက် လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်ခွင့် ရစေမည့် ပြုပြင်ပြောင်းလဲမှုများ (Participatory Reforms in the Budget Process) ကို ဆောင် ရွက်နေသည့် အခြေအနေနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၃.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u bo gyiဒုတိယအကြိမ် လွှတ်တော်ကာလအတွင်းတွင် ယခင်စနစ်ဟောင်းများအတိုင်း ဘတ်ဂျက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းပြုမည့်အစား ပြောင်းလဲချိန်တန်ပြီဖြစ်သဖြင်‌့ ဘတ်ဂျက်လုပ်ငန်းစဉ် များတွင် အားလုံးပါဝင်ခွင့်ရစေမည့် ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘတ်ဂျက်လုပ်ငန်းစဉ်ကို ပိုမိုခိုင်မာစေရန် အားလုံးပါဝင်မှုရှိသော All Inclusive နည်းစနစ်ကို အသုံးပြုခြင်းသည် ဒီမိုကရေစီဖော်ဆောင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့၏ ဆုံမှတ်တွင်ရှိသော မူဝါဒ ပြောင်းလဲရေး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ အစိုးရဌာနဆိုင်ရာ အရာရှိများက လုပ်ဆောင်ခဲ့သည့် ဘတ်ဂျက်ရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် လာမည့်နှစ်များ၌ နိုင်ငံသားများနှင်‌့ အရပ်ဖက်အဖွဲ့အစည်းများ တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စေနိုင်ပါကြောင်း၊ အုပ်ချုပ်မှုအဆင့်တိုင်းအတွက် အစိုးရ၏ ဆုံးဖြတ်ချက်များ ပုံဖော်ခွင့် အခွင့်အလမ်းများကို ပွင့်လင်းမြင်သာစွာ လူထုနှင့်ညှိနှိုင်းရပါမည်။

          သို့မှသာလျှင် ၎င်း အချက်အားလုံးသည် ဒီမိုကရေစီဖော်ဆောင်မှုတွင် မရှိမဖြစ်လိုအပ်မည် ဖြစ်ခြင်းကြောင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို အားပေးရုံသာမက Institutional Life ဖွံ့ဖြိုးမှုများကိုပါ လွှမ်းမိုးမှုဖြစ်ပေါ်စေပါကြောင်း၊ အားလုံးပါဝင်ခွင့်ရစေသည့် ဘတ်ဂျက်လုပ်ငန်းစဉ်သည် တာဝန်ယူမှုစနစ်သစ်များဖြင့် အစိုးရ  Institutional များကို အားကောင်းစေရန်၊ လက်ရှိဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချရေး လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေရန်၊ အမှန်တကယ် လိုအပ်သည့် စီမံကိန်းသို့ အစိုးရရန်ပုံငွေများ တိုက်ရိုက်ရောက်ရှိအောင် စွမ်းဆောင်နိုင်ပါကြောင်း၊ ရေရှည်တည်တံ့မည့် သာတူညီမျှအခွင့်အရေး ရရှိစေသော စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အားပေးမြှင့်တင်ရန် အဆိုပါ Institution ဆိုင်ရာ ပြောင်းလဲမှုများ မရှိမဖြစ်လိုအပ်ပါကြောင်း၊ အားလုံးပါဝင်ခွင့်ရစေမည့် ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုသည်မှာ အများပိုင် အရင်းအမြစ်များကို ခွဲဝေခြင်းနှင်‌့ပတ်သက်ပြီး နိုင်ငံသားများကပါဝင်၍ ညှိနှိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်ဟု ကမ္ဘာ့ဘဏ်က အဓိပ္ပာယ်ဖွင်‌့ဆိုထားပါကြောင်း၊  ဘတ်ဂျက်ရေးဆွဲရာတွင် စဉ်းစားသင့်သည့် ပြောင်းလဲမှုများမှာ အစိုးရအနေဖြင့် ဘတ်ဂျက်အကြို ထုတ်ပြန်ချက် (Pre-Budget Statement-PBS) ကို ဘဏ္ဍာနှစ် မစတင်မီ အနည်းဆုံး (၄) လ ကြိုတင်ထုတ်ပြန် သင့်ပါကြောင်း၊ ၎င်းအပေါ် ပြည်သူများမှ ပြန်လာသည့်အမြင်များကို ရယူနိုင်ရန် အစိုးရ၏ အဆိုပြုမှုမစတင်မီ တစ်လကြိုတင်ထုတ်ပြန်သင့်ပါကြောင်း၊ မြန်မာနိုင်ငံ PBS အဖြေထုတ်ပြန်ချက်ကို ရေးသားခဲ့သည့် အတွေ့အကြုံရှိပြီးဖြစ်ပါကြောင်း၊

          စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်၏ ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီအဖွဲ့များနှင့်အတူ လုပ်ကိုင်ခြင်းဖြင့် ကနဦးပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာများကို ဆွေးနွေးမှုဆက်လက် လုပ်ပေးနိုင်မည့် သက်ဆိုင်ရာအရပ်ဖက် အဖွဲှအစည်းများ ပါဝင်သော အဖွဲ့များဖွဲ့ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် စနစ်ဖြင့် ဘတ်ဂျက်ရေးဆွဲ သင့်ပါကြောင်း၊ ရငွေပိုင်းတွင် အမှန်တကယ်မည့်အခွန်များ အခြေအနေကို လည်းကောင်း၊ ငွေလုံးငွေရင်းနှင့် သာမန်အသုံးစရိတ်များ အမှန်တကယ်ဖြစ်စေရန်ကိုလည်းကောင်း၊ မြို့နယ်အလိုက် အဖွဲ့များဖွဲ့စည်း ညှိနှိုင်းသည့်စာရင်းများ ပြုစုရေးဆွဲတင်ပြရပြီး တိုင်းဒေသကြီး/ပြည်နယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့များမှ စာရင်းများပြုစုရေးဆွဲသည့် ဘတ်ဂျက်လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း၊

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကာလအတွင်း ဘတ်ဂျက်လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိမည့် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်သည့်အခြေအနေနှင့် ၎င်း ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

mg mg winနှစ်စဉ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲသည့်နေရာတွင် နိုင်ငံတော်က ဘဏ္ဏာရေးမူဝါဒ များဖြစ်သည့် အခွန်မူဝါဒနှင့် အသုံးစရိတ်မူဝါဒများအပေါ် အခြေခံပြီးရေးဆွဲပါကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးနေကြပြီဖြစ်သည့် မူဝါဒကိုအခြေခံသော ဘတ်ဂျက်ရေးဆွဲခြင်း (Policy based Budgeting) စနစ်ကို ကျင့်သုံးပြီး နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework) ကိုလည်း စနစ်တကျတည်ဆောက်ပြီး ရေးဆွဲလျက်ရှိပါကြောင်း၊ ဘတ်ဂျက်၏ လိုအပ်သောငွေကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက်ကျော်လွန်မှု မရှိစေအောင် ထိန်းသိမ်းပြီး  ပြည်ပ အကူအညီရငွေနှင့် ပြည်ပချေးငွေတို့မပါဝင်သည့် သာမန်အသုံးစရိတ်ဘောင်များ ငွေလုံးငွေရင်း အသုံးစရိတ်ဘောင်များကို ပြည်ထောင်စုဝန်ကြီးဌာနအလိုက်ကို ကြိုတင်သတ်မှတ်ပေးပြီး အဆိုပါဘောင်များအတွင်းမှ ရေးဆွဲတင်ပြစေပါကြောင်း၊

သာမန်အသုံးစရိတ်ဆိုသည်မှာ အစိုးရဌာန၊ အဖွဲ့အစည်းအသီးသီးက နှစ်စဉ်ကုန်ကျရသည့် လစာစရိတ်ချီးမြှင်‌့ငွေ၊ ခရီးသွားလာစရိတ်၊ ပစ္စည်များဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပညာရေးနှင့်လူမှုရေးအသုံးစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်နှင့် သီးသန့်အသုံးစရိတ်တို့ပါဝင်ပါကြောင်း၊

ငွေလုံးငွေရင်းအသုံးစရိတ်တွင် ကုန်ပစ္စည်းထွက်လာရန်အတွက် လုပ်ငန်းစီမံကိန်းများချမှတ်ပြီး ငွေပင်ငွေရင်းမြှပ် လုပ်ကိုင်ရသည့် တည်ဆောက်ရေး ကုန်ကျစရိတ်များ၊ လက်ရှိရှိပြီးသား မတည်ပစ္စည်း၊ လမ်း၊ အဆောက်အဦ၊ ဆည်မြောင်းစသည်တို့ကို တိုးတက်ကောင်းမွန်လာစေရန် ထပ်လောင်း ဖြည့်စွက်ပြီး ပြုပြင်မွမ်းမံသည့် ကုန်ကျစရိတ်များ၊ ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးယာဉ်များ ဝယ်ယူခြင်းတို့အတွက် အသုံးစရိတ်များဖြစ်ပါကြောင်း၊

ကြွေးမြီအသုံးစရိတ်ဆိုသည်မှာ ပြည်တွင်းပြည်ပမှ ကြွေးမြီများကို ပြန်လည်ပေးဆပ်သည့် အသုံးစရိတ်များနှင့် အဖွဲ့အစည်းများမှ ရင်းနှီးငွေတို့ဖြစ်ပါကြောင်း၊ သာမန်နှင့်ကြွေးမြီ အသုံးစရိတ်များမှာ သက်ဆိုင်ရာဌာနများက ယခင်နှစ်မူလခန့်မှန်းခြေ၊ ပြုပြင်ပြီး ခန့်မှန်းခြေ၊ အမှန်စာရင်းများအပေါ် အခြေခံပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အသုံးစရိတ်ဘောင်အတွင်းမှ  ရေးဆွဲခြင်းဖြစ်သည့်အတွက်ကြောင့် အားလုံးပါဝင် ရေးဆွဲရန်မလိုအပ်သည့် အသုံးစရိတ်များသာ ဖြစ်ပါကြောင်း၊

ငွေလုံးငွေရင်းအသုံးစရိတ်က  တည်ဆောက်ရေး၊ ဝယ်ယူရေးစသည့်အသုံးစရိတ်များဖြစ်ပြီး စီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်ရသောစရိတ်များဖြစ်သည့် အတွက်ကြောင့် အားလုံးပါဝင် ရေးဆွဲနိုင်အောင် ဖော်ဆောင်ပေးသင့်သည့် အသုံးစရိတ်များဖြစ်ပါကြောင်း၊ ဘတ်ဂျက် ရေးဆွဲတဲ့နေရာတွင် ဖွံ့ဖြိုးရေးစီမံကိန်းများကို ပွင့်လင်းမြင်သာပြီး လူထုပါဝင်မှုတိုးမြှင့်ပေးရန်နှင့် ဒေသခံပြည်သူများက တင်ပြဆွေးနွေးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အချက်အလက်များကို ပြည်သူများသိရှိ နားလည်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများကို နိုင်ငံတော်သမ္မတ ရုံး၏ ၅-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၆) နှင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊

ထို့အတူ  တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအတွင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားရေး တိုးတက်ရေး၊ ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသည့်  စီမံကိန်းများဖြစ်ရေးအတွက်ကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုများကို အကြိမ်ကြိမ်ဆောင်ရွက်ပြီး အဆင်‌့ဆင့်တင်ပြ စေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြို့နယ်များတွင်ရှိသည့်  ဒေသခံမြို့မိမြို့ဖများကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ပြီး ဖွဲ့စည်းထားသည့်အတွက်ကြောင့် စီမံကိန်းရေးဆွဲသည့်နေရာတွင် မိမိတို့ဒေသ၏ လိုအပ်ချက်များ၊ လိုလားချက်များကို ယခုအခါ ထုတ်ဖော်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊

စီမံကိန်းများရေးဆွဲသည့်အခါ ဒေသခံပြည်သူများ ပါဝင်ရေးဆွဲနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီများ ဖွဲ့စည်းထားရှိပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ နယ်မြေဒေသအလိုက် ကိုယ်စားလှယ်များဖြစ်သည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်း စီမံကိန်းကော်မတီ အစည်းအဝေးများတွင် ဖိတ်ကြားပြီးဆောင်ရွက်ကြရန် ညွှန်ကြားထားရှိပါကြောင်း၊ ယင်းသို့ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ၊ ဒေသန္တရစီမံကိန်းများရေးဆွဲရာတွင် အားလုံး ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊

အပြည်ပြည်ဆိုင်ရာ ဘတ်ဂျက်မိတ်ဖက် အဖွဲ့အစည်း(International Budget Partnership-IBP) သည် နိုင်ငံတကာတွင် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို တိုင်းတာသတ်မှတ်သည့် နေရာတွင် ဘတ်ဂျက်စာစောင် (၈) စောင်အား (၂)နှစ်ကို (၁)ကြိမ် Survey လုပ်ပြီးတိုင်းခြင်းဖြစ်ပါကြောင်း၊ ၎င်းစာစောင်များမှာ ဘတ်ဂျက်မရေးဆွဲမီ ဖော်ပြချက်၊ အစိုးရအဖွဲ့ကတင်ပြသည့် ဘတ်ဂျက်အဆိုပြုလွှာ၊ ဥပဒေပြဋ္ဌာန်းသည့် ဘတ်ဂျက်၊ နိုင်ငံသားများအတွက် ဘတ်ဂျက်၊  နှစ်အတွင်းအစီရင်ခံစာ၊ နှစ်လယ်သုံးသပ်ချက်အစီရင်ခံစာ၊  နှစ်ကုန်အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာတို့ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် Open Budget Survey ကို ၂၀၁၂ ခုနှစ်တွင် ပါဝင်ခဲ့ပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို အလေးထားပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကစ နှစ်စဉ်နိုင်ငံသားများအတွက် ဘတ်ဂျက် (Citizen’ Budget) စာစောင် (၅) စောင်ကို စာစောင်အနေဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့ကတင်ပြသည့် ဘတ်ဂျက်အဆိုပြုလွှာ၊ ဥပဒေပြဋ္ဌာန်းသည့် ဘတ်ဂျက်၊  နိုင်ငံသားများအတွက် ဘတ်ဂျက်၊ နှစ်အတွင်းအစီရင်ခံစာနှင်‌့ နှစ်ကုန်အစီရင်ခံစာတို့ဖြစ်ပါကြောင်း၊

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘတ်ဂျက်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပွင့်လင်းမြင်သာမှုရှိလာ‌အောင် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ International Budget Partnetship- IBP က ၂၀၁၇ ခုနှစ်အတွက် Open Budget Survey-OBS ဆန်းစစ်မှုများကို ကောက်ယူနေပြီဖြစ်ပါကြောင်း၊ Open Budget Survey-OBS ဆန်းစစ်ချက်အရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရလဒ်သည် သုညဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်  (၂) မှတ်ရရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွက် စစ်တမ်းကောက်ယူမှု အဖြေထွက်လာသည့်အခါ မိမိတို့၏ရမှတ်သည် တိုးတက်လာမည်ဟု  ယုံကြည်ပါကြောင်း၊ ကျန်ရှိသည့်ဘတ်ဂျက်စာစောင်များကိုလည်း အများပြည်သူကို ချပြထုတ်ပြန်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ယခုအခါ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်အကောက်ဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့်လည်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ဥပဒေရေးရာနှင်‌့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့်သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အသီးသီးတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

လက်ရှိရေးဆွဲနေသည့် ဘတ်ဂျက်များသည် နှစ်လတ်ဘဏ္ဍာရေး မူဘောင်အရ Top Down ပုံစံဖြင်‌့ ချမှတ်ပေးမှုကို အောက်ခြေမှ   လိုအပ်ချက်များအား ပြန်လည်တင်ပြလာသည့်  Bottom Up ပုံစံဖြင်‌့ ပေါင်းစပ်ပြီး ရေးဆွဲထားသော ဘတ်ဂျက်များဖြစ်ပါကြောင်းနှင်‌့ ဘတ်ဂျက်ပွင့်လင်းမြင်သာမှု၊  စီမံကိန်းများရေးဆွဲရာတွင် ပြည်သူများပါဝင်ရေးဆွဲနိုင်ရေးတို့ကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။