မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတစ်ဝန်းတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိခြင်းများနှင့် ပတ်သက်၍ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများအပြင် ဘဏ်များတွင် ငွေလာရောက် အပ်နှံရာမှ ငွေစက္ကူအတုများ ပါဝင်လာခြင်းနှင့် စပ်လျဉ်း၍လည်း လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရပါကြောင်း၊ ငွေစက္ကူအစစ်နှင့် အတုများနှင့် ပတ်သက်၍ သိသာစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းများကိုလည်း တွေ့ရှိရခြင်း မရှိပါကြောင်း၊ ငွေစက္ကူအတုများနှင့် ပတ်သက်ပြီး ဘဏ်ဝန်ထမ်းများက ငွေအတုဟု ယူဆရသည့် ပိုက်ဆံများအပေါ်ကို အပေါက်ဖောက်ခြင်း၊ တစ်ဝက်ဆုတ်ဖြဲခြင်းများ ပြုလုပ်နေသည်နှင့် ပတ်သက်၍ ၂၅-၅-၂၀၁၇ ရက်နေ့ ဗဟိုဘဏ် ငွေကြေးနှင့်စီမံဌာန ညွှန်ကြားရေးမှူးချုပ်က သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ငွေစက္ကူအတုများကို ဖျက်သိမ်းခွင့်၊ ဖျက်ဆီးခွင့် မပြုထားကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းကို အပ်နှံ ရမည်ဖြစ်ကြောင်း၊ ငွေစက္ကူများတွင် အမှတ်အသား ရေးခြစ်ခြင်းတွေကိုလည်း လုပ်ပိုင်ခွင့်မပြု ကြောင်း အစရှိသဖြင့် ဖြေကြားထားသည်ကို တွေ့ရှိရပါကြောင်း၊
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၃၆ ပုဒ်မခွဲ(င)အရ တရားဝင်ထုတ်ဝေ ထားသော ငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် အသိအမှတ်၊ သတ်မှတ်ခြင်းမပြုဟု ဖော်ပြထားသော်လည်း ပြည်သူများ၏ လက်ဝယ်ရှိ ရိုးသားစွာ ရှာဖွေထားသည့် ငွေကြေးများ တရားမဝင် ငွေစက္ကူများ ရောနှော ပါဝင်နေမှုအပေါ် နစ်နာကြေး တစ်စုံတစ်ရာ သို့မဟုတ် ထိုက်သင့်သော နှုန်းထားတစ်ခုကို မရှိဘဲ ဖျက်ဆီးခံနေရခြင်းသည် တရားဝင် ရှာဖွေထားသည့် ငွေကြေးတွေကို တရားမဝင် ငွေစက္ကူအဖြစ်သို့ ပြောင်းလဲခံနေရခြင်းဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် ငွေစက္ကူအတုများ ပျံ့နှံ့နေခြင်းကြောင့် ရိုးသားစွာ ရှာဖွေလုပ်ကိုင် စားသောက် နေရသော ပြည်သူများ၏ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေခြင်းခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဗဟိုဘဏ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့် မည်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းမှုများ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ငွေစက္ကူအတုများ ပျံ့နှံ့နေသည်ဟု ဖော်ပြခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မှတ်တမ်းများအရ ငွေစက္ကူအတုအဖြစ် အပ်နှံထားသည့် ပမာဏသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၅၀၀၀ တန် ၁၃၄၃ ရွက်၊ ၁၀၀၀၀ တန် ၉၅၇ ရွက် စစ်ဆေးပြီး အတုဟု အတည်ပြု လက်ခံထားရှိသည်ကို တွေ့ရှိရသည့်အတွက် လှည့်လည်သုံးစွဲ လျက်ရှိသော ရွက်ရေ စုစုပေါင်း ၁၃၅၃ သန်းနှင့်နှိုင်းယှဉ်ပါက ဝ.၀၀၀၅၄ ရာခိုင်နှုန်းသာရှိပါကြောင်း၊
ငွေစက္ကူအတုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဌာန ထုတ်ပြန်ခဲ့သော လုပ်ထုံးလုပ်နည်းများမှာ ဘဏ်ခွဲ/ဘဏ်ရုံးခွဲ/ဘဏ်ငွေတိုက်ခွဲများတွင် ပေးသွင်းသော ငွေစက္ကူ သို့မဟုတ် ငွေအကြွေများမှ အတုများကို စစ်ဆေးတွေ့ရှိပါက ပေးသွင်းသူကို ငွေစက္ကူအတု သို့မဟုတ် ငွေအကြွေ အတုနှင့်တကွ သက်ဆိုင်ရာ ရဲဌာနသို့ လိုအပ်သလို စုံစမ်းစစ်ဆေးမှုပြုလုပ် နိုင်ရန် ပို့အပ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၃၆ ပုဒ်မခွဲ(င)အရ တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုဟု အတိအလင်း ဖော်ပြထားချက်သည် တရားဝင် ထုတ်ဝေသည့် ငွေကြေးများကို လုံးဝအာမခံချက် ပြုခြင်းသာ့ဖြစ်ပါကြောင်း၊
ပြည်တွင်းသုံးငွေ ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၆၂ တွင် ဗဟိုဘဏ်က သာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့် ရှိသည်။ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူနှင့် ဒင်္ဂါးများသည် နိုင်ငံတော် တစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ် တည်ရှိစေရမည်ဟု ဖော်ပြထားပါကြောင်း၊ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေသည့် ငွေစက္ကူများသာလျှင် တရားဝင်ငွေ များဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၂ တွင် မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း မပြုလုပ်ရဟု ပြဋ္ဌာန်းထား သည့်အတွက် ငွေစက္ကူအတုများသည် မူလကပင် တရားမဝင်ဖြစ်ပြီး ပြစ်မှုမြောက် သက်သေခံဖြစ်ပါကြောင်း၊ ပုဒ်မ ၁၀၁ တွင်လည်း မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်း မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည့်အတွက် သိလျက်နှင့်သုံးစွဲခြင်းသည် ပြစ်မှုမြောက်ပါကြောင်း၊
ငွေစက္ကူအတုများနှင့်ပတ်သက်ပြီး ဘဏ်များအပေါ်မှာ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်း နှင့်စပ်လျဉ်း၍ ငွေစက္ကူအတုများ လာရောက်ပေးသွင်းမှု တွေ့ရှိပါက ပေးသွင်းသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာတို့ကို မှတ်သားပြီး ငွေစက္ကူအတုကို မှတ်တမ်းအပြည့်အစုံနှင့် လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် နီးစပ်ရာ ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ ပို့အပ်ရန်ဟူ၍ ညွှန်ကြားထားတာလည်း ရှိပါကြောင်း၊ ငွေစက္ကူအတုများ နှင့်ပတ်သက်ပြီး ကောလဟလမဖြစ် ပေါ်စေရေးနှင့် ငွေကြေးကဏ္ဍ တည်ငြိမ်မှု မပျက်ပြားစေရေးအတွက် အခါအားလျော်စွာ ဘဏ်များမှ တာဝန်ရှိသူများအား ငွေစက္ကူအတုနှင့် အစစ်တို့ကို ခြားနားချက်များ၊ ထူးခြားချက်များကို ရှင်းလင်း ပြသပြီး အကယ်၍ ဘဏ်များအနေနှင့် ငွေစက္ကူအတုများ လက်ခံရရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာနမှ ထုတ်ပြန်ထားသော ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပါကြောင်း၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသည့် ငွေစက္ကူများ၏ ခိုင်မာလုံခြုံမှုအတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေးမြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သော ၅၀၀၀ ကျပ်တန်ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သော ၁၀၀၀၀ ကျပ်တန်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် လည်းကောင်း လုံခြုံရေးအဆင့်အတန်း ပိုမိုတိုးမြှင့် ထုတ်ဝေခဲ့ပါကြောင်း၊ လုံခြုံရေးအဆင့်အတန်းမြှင့် တင်ထားသည့် ငွေစက္ကူပုံစံသစ်များသည် အရည်အသွေး ပိုမိုကောင်းမွန်သည့်အတွက် ငွေစက္ကူအတုများကို ပုံစံဟောင်း ငွေစက္ကူများတွင်သာ တွေ့ရှိရပါကြောင်းနှင့် လုံခြုံရေးအဆင့် အတန်းမြှင့်တင် ထားသော ငွေစက္ကူများကို အတုတွေ့ရှိမှုမှာ မရှိသလောက် နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လုံခြုံရေး အဆင့်မြှင့် တင်ထားသော တုပရန်ခက်ခဲသည့် ငွေစက္ကူမျာကိုသာ ထုတ်ဝေလျက်ရှိပါကြောင်း၊
ပြည်သူလူထုအနေနှင့် သိရှိနိုင်ရန် ငွေစက္ကူထုတ်ဝေစဉ်ကပင် လုံခြုံရေးဆိုင်ရာ ထူးခြားချက်များကို သတင်းစာ၊ မီဒီယာတို့တွင် ဖော်ပြထားသည်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တွင်လည်းဖော်ပြထားပါကြောင်း၊ ပြည်သူများအနေဖြင့် ငွေစက္ကူ၏ လုံခြုံရေး ထူးခြားချက်များကို သိရှိ လေ့လာပြီး ငွေစက္ကူအတုများ မိမိလက်ဝယ်သို့ မရောက်ရှိစေခြင်းဖြင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မေလ ၂၄ ရက်နေ့အထိ ငွေစက္ကူအတုများကို နယ်စပ်မှ ခုနစ်ကြိမ်၊ ပြည်တွင်း တုပမှု ခြောက်ကြိမ် ဖမ်းဆီးရရှိပြီး ငွေစက္ကူအတု ဖြန့်ဝေသူများနှင့် ထုတ်လုပ်သည့် စက်များကိုပါ ဆက်လက်စုံစမ်း ဖော်ထုတ်ပြီး တရားစွဲဆိုတင်ပို့ခြင်း၊ ပြည်ပမှ ထုတ်လုပ်သည့် ငွေစက္ကူအတုများ ပြည်တွင်းသို့ သယ်ဆောင်၊ ဖြန့်ဖြူး၊ သုံးစွဲမှုမရှိစေရေးအတွက် ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ တရားရုံးမှ အမိန့်ချမှတ်ပြီးသော ငွေစက္ကူအတုများကို တရားရုံး ပြီးပြတ်ချက်နှင့် အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ အပ်နှံပြီး၊ အပ်နှံထားသော ငွေစက္ကူအတုများကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်တွင် အပြီးသတ် ဖျက်ဆီးရေး ကော်မတီဖွဲ့စည်း အတည်ပြုချက် ရယူကာ ဖျက်ဆီးမှုများပြုလုပ် လျက်ရှိပါကြောင်း၊
ငွေစက္ကူအစစ်၏ ထူးခြားချက်သည် ကျစ်လစ်သိပ်သည်းခြင်း၊ ကြမ်းခြင်း၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် နို့နှစ်ရောင်အဖြစ် တွေ့မြင်ရပြီး ရာသီဥတုနှင့် ရေစိုမှုဒဏ် ခံနိုင်စေရန် ပြုလုပ်ထားသည့်အပြင် ငွေစက္ကူအရွယ်အစား၊ နံပါတ်စဉ်၊ အက္ခရာ၊ ရေစာ၊ လုံခြုံရေးကြိုးများ၊ ပုံနှိပ်နည်းစနစ်နှင့် အခြားလျှို့ဝှက်ချက်များကို တုပနိုင်ခြင်း မရှိစေရန် ကာကွယ်ထားပါကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်း၌ ငွေစက္ကူအတုများ ထုတ်လုပ်၊ ဖြန့်ဖြူးသုံးစွဲမှုမရှိစေ ရေးနှင့် ပြည်ပမှ ငွေစက္ကူအတုများ ဝင်ရောက်လာမှု မရှိစေရေးတို့အတွက် အစီအမံများရေးဆွဲ၍ အရှိန်အဟုန်ဖြင့် စုံစမ်းစစ်ဆေးဖမ်းဆီးခြင်း၊ ငွေစက္ကူအတုနှင့် အစစ် ခွဲခြားနိုင် ရေးအတွက် ပြည်သူလူထုအား အသိပညာပေးခြင်း၊ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် တရားရုံး၊ ဥပဒေရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးဖြိုးဇေယျာသော်(ခ)ဦးဇေယျာသော်(ဇမ္ဗူသီရိ) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိအနေဖြင့် သိမ်းဆည်းခံလိုက်ရသည့်ငွေစက္ကူတွေအတွက် ခိုင်လုံသည့် အထောက်အထား အချက်အလက် တစ်ခုခုကို ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ ထု့ိကြောင့် ဘဏ်ကို အပ်နှံသည့်အခါ ငွေစက္ကူအတုများ ပါဝင်လာ၍ သိမ်းဆည်းမည်ဆိုပါက သိမ်းဆည်းခံရသူကို တိကျခိုင်လုံသည့် အထောက်အထားတစ်ခုခု ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိခဲ့ပါက ယခင်ကကဲ့သို့ ဖျက်ဆီးပစ်ခြင်းမျိုး မပြုလုပ်လျှင်လည်း ငွေစက္ကူအတုဟူသည့် စာသားကို ထင်ထင်ရှားရှားရိုက်နှိပ်ပြီး ပြန်လည်ပေးအပ်နိုင်သည့် အစီအစဉ် ရှိ/မရှိဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ဝေသည့် ညွှန်ကြားချက်အရ ငွေစက္ကူအတုကိုတွေ့ရှိပါက ဘဏ်များသည် ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် နီးစပ်ရာရဲစခန်းသို့ ပို့အပ်ရမည်ဟု ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ ညွှန်ကြားချက်တွင်လည်း ငွေစက္ကူအတုအား လာရောက် အပ်နှံသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ အတုလက်ခံသည့် Casher၊ ဘဏ်တာဝန်ခံများက လက်မှတ်ရေးထိုးထားသည့် မှတ်တမ်းများနှင့်အတူ ရဲစခန်းကို အပ်နှံရမည် ဖြစ်ပါကြောင်း၊ ဆက်လက်စုံစမ်းရန်အတွက် ငွေစက္ကူအတုလာရောက် အပ်နှံသူအား လည်း မှတ်တမ်းမှတ်ရာပေးမည်ဖြစ်ပါကြောင်း၊ ဘဏ်များအနေဖြင့်လည်း ညွှန်ကြားချက်အရ ထိုသို့သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
