(ခ)-မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှငွေရေးကြေးရေး နှင့်ပတ်သက်သော အစီရင်ခံစာများ ၂၀၁၅-၂၀၁၆၊ ၂၀၁၆၊ ၂၀၁၇၊ ၆လ တစ်ကြိမ် အခါအားလျော်စွာ ၃လပတ်အစီရင်ခံစာအားအစိုးရအဖွဲ့၊ပြည်ထောင်စု လွှတ်တော်၊ အများပြည်သူသို့ တင်ပြထုတ်ပြန်နိုင် ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၃.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u kan myintဗဟိုဘဏ်၏ အဓိကရည်ရွယ်ချက်မှာ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊ ရှင်သန်သော စီးပွားရေး ဖွံ့ဖြိုးမှု ရရှိစေရန် အစိုးရ၏ အထွေထွေစီးပွားရေး မူဝါဒများကို အထောက်အကူပြုရေးပင် ဖြစ်ပါကြောင်း၊ ၎င်းငွေကြေးမူဝါဒ၏ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ မူဝါဒများ ချမှတ်ဆောင်ရွက်မှု နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင် အနည်းဆုံးနှ စ်ကြိမ် အစီရင်ခံတင်ပြရပါကြောင်း၊ အဆိုပါအစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ခြင်း၊ ဗဟိုဘဏ် ဥက္ကဋ္ဌက ငွေရေးမူဝါဒ၊ ငွေရေး ကြေးရေးစနစ်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ ရည်ရွယ်ချက်များ လုပ်ငန်းတာဝန်များ နှင်‌့စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံစာတင်ပြရခြင်း၊ ဗဟိုဘဏ်သည် ငွေရေးမူဝါဒနှင့် ငွေရေးကြေးရေးဆိုင်ရာ တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ သတင်းအချက်အလက်များကို အများပြည်သူသိရှိရန် ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာခြင်းစသည့် ရည်ရွယ်ချက်များ တာဝန်ခံမှုနှင့် သတင်းအချက်အလက်များ ထုတ်ပြန်မှုတို့နှင့်ပတ်သက်၍ အစိုးရအဖွဲ့ ပြည်ထောင်စု လွှတ်တော်၊ အများပြည်သူသို့ တင်ပြထုတ်ပြန်နိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

khin saw ooမြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ငွေရေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာများကို ပြည်ထောင်စု အစိုးရအဖွဲ့နှင်‌့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး ပြည်သူများ သိရှိနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website ဖြစ်သော (www.cbm.gov.mm) တွင် ထုန်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊

အစီရင်ခံစာများသည် ပြည့်စုံမှန်ကန်သော ကိန်းဂဏန်းများအပေါ် မူတည်ပြီး ရေးသားရခြင်း၊ အရေးကြီးသော မက်ကရိုစီးပွားရေး အချက်အလက်များ ပါဝင်သည့်အတွက်  ငွေရေးကြေးရေးကဏ္ဍ တစ်ခုတည်းကသာမဘဲ အခြားကဏ္ဍများ၏ ကိန်းဂဏန်း အချက်အလက်များကိုပါ ရယူရခြင်းကြောင့် အများပြည်သူကို တင်ပြသည့်အခါ အချိန်ကာလတစ်ခုခြားပြီး တင်ပြရခြင်းကြောင့် အစီရင်ခံစာ တင်ပြမှု နောက်ကျရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက်  အစီရင်ခံစာများကို အချောသတ် ပြုစုလျက်ရှိသည့်အတွက် မကြာမီတင်ပြ သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစီရင်ခံစာများကို နှစ်ချုပ်စာရင်းပြီးပါက ပြုစုတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး တစ်နှစ်လျှင် ၂ ကြိမ် တင်ပြနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ထိုကဲ့သို့တင်ပြရာတွင် ပထမ ၆ လအတွက် အစီရင်ခံစာကိုသာ ယင်းဘဏ္ဍာရေး နှစ်အတွင်း၌ တင်ပြနိုင်မည်ဖြစ်ပြီး နှစ်ချုပ်အစီရင်ခံစာကို နောက်ဘဏ္ဍာရေးနှစ်မှသာ တင်ပြနိုင်မည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် လစဉ်စာရင်းပိတ်လျှင်  ကြားကာလ (time lag) ၁ လခန့်ရှိပြီး နှစ်ချုပ်စာရင်းပိတ်လျှင် time lag ၃ လ၊ ၄ လခန့်ရှိပါကြောင်း၊ မြန်မာတစ်ပြည်လုံး Network အတိုင်းအတာြ ဖစ်သည့်အတွက် စာရင်းအင်းများ စုစည်းရာတွင် ယခုကဲ့သို့ time lag ရှိခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃ လပတ် ငွေရေးကြေးရေး စာရင်းအင်း စာစောင်ကို မိမိတို့ ထုတ်ပြန်လျက်ရှိပါကြောင်း၊ မိမိတို့၏ Website တွင်လည်း တင်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ငွေရေးကြေးရေး စာရင်းအင်းများနှင့်လည်း သိရှိလေ့လာသူများသည် မိမိတို့ Website တွင် ကြည့်ရှုနိုင်ပါကြောင်း၊ ဗဟိုဘဏ်သည် ငွေရေးကြေးရေးနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး တစ်နှစ်လျှင်နှစ်ကြိမ် ထုတ်ပြန်အစီရင်ခံခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။