မေးခွန်း အကြောင်းအရာ
ဝန်ထမ်းအဖြစ်မှ အလုပ်ထုတ်ပယ် ခံရသော၊ အလုပ်နုတ်ပယ် ခံရသော ၁၀ နှစ်နှင့်အထက် ဝန်ထမ်းများအား အခြားသော ဝန်ထမ်းများနည်းတူ ပင်စင်လစာ ခံစားခွင့် ပေးထားသည်ကို လေ့လာကြားသိ ရပါကြောင်း၊ သို့သော် အပြစ်တစ်စုံ တစ်ရာမရှိဘဲ မိမိသဘောဖြင့် မိမိနုတ်ထွက် သွားသော ဝန်ထမ်းများအား ပင်စင်လစာ ခံစားခွင့် မပေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ယင်းကိစ္စ နှင့်ပတ်သက်ပြီး ဝန်ထမ်းများ၏ တန်းတူအခွင့်အရေး မဟုတ်ဘဲ မညီမျှသော အခွင့်အရေး တစ်ခုသာ သတ်မှတ်ပေးထားသည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ မိမိသဘောဖြင့် မိမိနုတ်ထွက်သွားသော ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းဘဝကို စွန့်လွတ်ရခြင်းမှာ ထိုစဉ်က ရရှိသော လစာနှင့် မိမိ၏မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်ခြင်း၊ မမျှော်လင့်ဘဲ ကျန်းမာရေး ချို့တဲ့ခြင်း၊ အချို့အထက် အရာရှိများက ၎င်းဝန်ထမ်းများအား မခံမရပ်နိုင်အောင် ဆက်ဆံခြင်းကြောင့် မခံနိုင်ခြင်း၊ အချို့ အထက်အရာရှိများက ၎င်းဝန်ထမ်းများအား မိမိသဘောဖြင့် မိမိနုတ်ထွက် ပေးပါရန် စေခိုင်းခြင်း၊ အမိန့်ပေးခြင်းတို့ကြောင့် နှုတ်ထွက်စာ တင်လိုက်ရသည့် အကြောင်းအရင်း တရားများ၊ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် တွေ့ရမည်ဖြစ်ပါကြောင်း၊
ယခင်အစိုးရလက်ထက်၌ ယင်းဝန်ထမ်းများအား ပင်စင်လစာ ခံစားခွင့်ပေးရန် ဝန်ထမ်းများ၏ နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိ၍ မပေးနိုင်သည်မှာ လက်ခံရမည် ဖြစ်သော်လည်း ယနေ့ အစိုးရသစ် လက်ထက်၌့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သည့် နေရာတွင် ယခုတင်ပြသော ဝန်ထမ်းများ၏ အရေးအရာကို ထည့်သွင်းစဉ်းစားပြီး မိမိသဘောဖြင့် မိမိနုတ်ထွက်သွားသော ၁၀ နှစ်အထက် ဝန်ထမ်းများအား အခြားသော ဝန်ထမ်းများ နည်းတူ ပင်စင်လစာပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ဝန်ထမ်းများအား ရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့် ခံစားခွင့်ပြုခြင်း၊ အရေးယူ အပြစ်ပေးခြင်း၊ မငြိမ်းစား ခံစားခွင့်ပြုခြင်း စသည့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တစ်ပြေးညီ လိုက်နာကျင့်သုံးနိုင်ရန် အလို့ငှာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၅) ဖြင့် ၈-၃-၂၀၁၃ ရက်နေ့တွင် လည်းကောင်း၊ အဆိုပါဥပဒေ ပုဒ်မ ၇၆ ပုဒ်မခွဲ(က)အရ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၁၄) ဖြင့် ၂၆-၃-၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၄၂) ဖြင့် ၉-၁၂-၂၀၁၆ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားခံစား ခွင့်ပြုခြင်း နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၆ တွင် သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်၊ လျှော့ပေါ့ပင်စင် ဟူ၍ ပင်စင်ခုနစ်မျိုးကို ပြဋ္ဌာန်းထားပြီးဖြစ်ရာ ၎င်းတို့အနက် သတ်မှတ်ချက်များနှင့် ညီညွတ်သော ပင်စင်တစ်မျိုးမျိုးကို ဝန်ထမ်းက တောင်းခံပါက ခံစားခွင့်ပြုနိုင်မည်ဖြစ်ပါကြောင်း၊
ဝန်ထမ်းအဖြစ်မှ အလုပ်ထုတ်ပယ်ခံရသော သို့မဟုတ် အလုပ်နုတ်ပယ်ခံရသော စကားရပ်များသည် ယခင်ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေး ရက်စွဲ ယခု နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပြစ်ခြင်း စကားရပ်များကို ရည်ညွှန်းခြင်း ဖြစ်မည်ဆိုပါက အဆိုပါ ဝန်ထမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၂၅၁ တွင် ရာထူးမှ နုတ်ထွက်သည့် ဝန်ထမ်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းခံရသည့် ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက် အတွက် ပင်စင်လစာကိုဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေ ခံစားခွင့်မရှိ ဟု သတ်မှတ်ပြဋ္ဌာန်း ထားရှိသည့်အတွက် ရာထူးမှ နုတ်ထွက်သည့် ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်အတွက် ပင်စင်လစာကို ဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေ၊ ခံစားခွင့်မရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော ပင်စင်စနစ်သည် ထည့်ဝင်ကြေးမဲ့စနစ် (Non Contributory System) ဖြစ်ပြီး ရန်ပုံငွေ ထူထောင်ထားခြင်း မရှိသော ပင်စင်အကျိုးခံစားခွင့်စနစ် (Unfunded Defined Benefit System) ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပင်စင်စနစ်သည် နိုင်ငံတော်ရသုံး မှန်းခြေဘတ်ဂျက်မှ တိုက်ရိုက်ကျခံသည့် စနစ်ဖြစ်၍ နိုင်ငံတော် ရသုံးမှန်းခြေ ဘတ်ဂျက် အခြေအနေအပေါ် အခြေခံပြီး ပင်စင်ခံစားခွင့် ပေးခြင်းဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းခဲ့တဲ့ မိမိသဘောဖြင့် မိမိနုတ်ထွက်သွားသည့် ၁၀ နှစ်နှင့်အထက် ဝန်ထမ်းများအား အခြားသော ဝန်ထမ်းများနည်းတူ ပင်စင်ခံစားခွင့် ပြုနိုင်ရန် နိုင်ငံတော်ရသုံးမှန်းခြေ အခြေအနေအပေါ် အခြေခံနေသည့်အတွက် ပင်စင်လစာ ခံစားခွင့်ပေးပါရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
