(ဇ)-မာန်အောင်မြို့နယ်၊မောင်းမကံကျေးရွာအုပ်စု၊ ကံထောက်ကျေးရွာအနီးရှိကံထောက်လျှိုပိတ်ဆည် ကိုယခုဘဏ္ဍာရေးနှစ်ကာလအတွင်းတည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ

u tin nuမာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ် အရှေ့ဘက်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဖြစ်ပါ ကြောင်း၊  စတုရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး အရှေ့အနောက် ၂၂ မိုင်၊ တောင်မြောက် ၁၈ မိုင်နှင့် ကျွန်း တစ်ပတ်လုံးသည် ၅၁ မိုင် ၄ ဖာလုံရှိပြီး ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်၊ ကျေးရွာ ပေါင်း ၁၃၇ ရွာရှိပြီး လူဦးရေ ၆၅၀၀၀ ကျော်နေထိုင်သည့် ကျွန်းကြီး တစ်ကျွန်းဖြစ်ပါကြောင်း၊ မာန်အောင် ကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိကာ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂၀၀ ကျော် ရွာသွန်း သည့် ကျွန်းတစ်ကျွန်း ဖြစ်ပါကြောင်း၊ သို့သော် မိုးရာသီတွင် မိုးများစွာရွာသွန်းသော်လည်း နွေရာသီ တွင် ရေအလွန်ရှားသည့် မြို့နယ်တစ်ခုဖြစ်သည့်အတွက် နွေရာသီရောက်ပြီဆိုပါက ပြည်သူများအနေဖြင့် ရေရှား သည့်ဒဏ်ကို အလူးအလဲ ခံကြရပါကြောင်း၊ မိမိနှင့် မြို့နယ်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များအနေဖြင့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ကျောက်ဖြူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနမှ အရာရှိများနှင့်အတူ မောင်းမကန်ကျေးရွာအုပ်စု၊ ကန်ထောင့်ကျေးရွာအနီးရှိ ကန်ထောင့်လျှိုပိတ်ဆည် လုပ်နိုင်မည့်နေရာကို ကြည့်ရှုခဲ့ပါကြောင်း၊ အဆိုပါ လျှိုပိတ်ဆည်သာ တည်ဆောက်နိုင်မည် ဆိုပါက မာန်အောင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာပေါင်း ၄၂ ရွာ၊ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်တွင် နေထိုင်သော အိမ်ထောင်စုပေါင်း ၅၉၀၀ ကျော်၊ လူဦးရေ ၂၅၀၀၀ တို့သည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိကြမယ့်အပြင် လယ်မြေဧက ၃၀၀၀ ကျော်ကိုလည်း နွေရာသီတွင် စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊

ကန်ထောက်လျှိုပိတ်ဆည်ကို ဆောင်ရွက်ပေးနိုင်ပါက မာန်အောင်ကျွန်းပေါ်တွင် နေထိုင်ကြသော ပြည်သူ ထက်ဝက်ကျော်အနေဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိကြမယ့်အပြင် ကျေးလက်ပြည်သူများသည်လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ပြီး လူမှုဘဝများ ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ လျှိုပိတ်ဆည်အား ယခု ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး၊ ဦးလှကျော်
အဖြေ
ဖြေကြားချက်

u hla kyawရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့နယ်သည် သောက်သုံးရေ ရရှိရေးအတွက် လျှိုပိတ်တည်ဆောက်ပေးရန် အဆိုပြုသည့်နေရာတွင် မာန်အောင်-ကံထောက်ကျေးရွာ၏ အနောက်တောင်ဘက် ၃ ဖာလုံခန့် အကွာ၊ ရေနံချောင်းပေါ်တွင် တည်ရှိပါကြောင်း၊ မာန်အောင်မြိုနယ်သည် ဘင်္ဂလားပင်လယ်အတွင်း တည်ရှိသော ရေပတ်လည်ဝိုင်းနေသည့် ကျွန်းဖြစ်ပါကြောင်း၊ မိုးရာသီတွင် မိုးရေချိန်လက်မ ၂၀၀ ကျော် ရွာသွန်းသော်လည်း နွေရောက်သည်နှင့် သောက်သုံးရေ ရှားပါးခက်ခဲသော ဒေသဖြစ်သည့်အတွက် သောက်သုံးရေ သိုလှောင်ထိန်းသိမ်း ထားနိုင်မည့် လျှိုပိတ်ဆည် တစ်ခု တည်ဆောက်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ ရေနံချောင်းပေါ်တွင် လျှိုပိတ်ဆည်‌တည်ဆောက် ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများကြောင့် ထူးကဲမိုးရေချိန်များနှင့် ရွာသွန်းလေ့ရှိသည့် ဒေသဖြစ်ခြင်းကြောင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို ဦးစွာဆောင်ရွက်ရမည့် အခြေအနေ ရှိပါကြောင်း၊ အခြား လိုအပ်သည့် မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်နိုင်မှုရှိ/မရှိ ဆန်းစစ်လေ့လာခြင်းနှင့် ပြည်သူများ၏ ဆန္ဒသဘောထား ရယူခြင်းစသည့် လုပ်ငန်းများကို အနည်းငယ် အချိန်ယူဆောင်ရွက်မည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ လိုအပ်သည့် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ပြီးနောက် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အမှန်တကယ် ရှိလာသည့်အခါ ဒီဇိုင်းပုံစံပြုစုပြီး စီမံကိန်းအတွက် ကုန်ကျစရိတ်ကို တွက်ချက်၍ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း ပြည်နယ်အစိုးရအဖွဲ့၏ တိုင်းဒေသကြီးနှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာရန်ပုံငွေ ရရှိသည့်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သွားမည်ဖြစ်ပါကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြား ချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။