(ဆ)-မန္တလေးမြို့အပြင်ဘက်သို့ အိမ်ရာများတိုးချဲ့ ဆောက်လုပ်နေထိုင်မှုကြောင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိလယ်ယာမြေများ ပျက်စီးဆုံးရှုံးလာခြင်း အပေါ် သက်ဆိုင်ရာမှအမြန်ဆုံး ထိရောက်စွာ အ ရေးယူဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

thaung htay linnပုသိမ်ကြီးမြို့နယ်သည် မန္တလေးခရိုင်အတွင်း နယ်မြေဧရိယာကျယ်ဝန်းပြီး လယ်ယာ၊ ဥယျာဉ်၊ ခြံမြေ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော မြို့နယ်ဖြစ်ပါကြောင်း၊  မန္တလေးခရိုင်အတွင်းရှိ ကျန်ခြောက် မြို့ နယ်နှင့် ထိစပ်လျက်ရှိပြီး မြို့ပြ လူဦးရေနှင့် အိမ်ခြေများ တိုးပွားလာခြင်းကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်း မြေယာများ ဝယ်ယူကာ အိမ်ရာများဆောက်လုပ်နေထိုင်မှု ပိုမိုများပြားလာပါကြောင်း၊

လူဦးရေများပြား တိုးတက်လာပါက လယ်ယာမြေများ လျော့ပါးလာခြင်းကို နားလည်နိုင်သော်လည်း  မြေယာကို ရည်ရွယ်ချက် ရှိရှိနှင့် ဈေးကစားရန် ဆောင်ရွက်လာခြင်းအပေါ် ဥပဒေ၊ နည်းဥပဒေများနှင့် လယ်ယာမြေများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အဖိုးတန် လယ်ယာမြေများကို တရားဝင်၊ တရားမဝင် အိမ်ရာတိုးချဲ့ ရောင်းဝယ်နေထိုင်လာမှုများကြောင့် ယခုအချိန်တွင် မိမိတို့ မြို့နယ်နှင့် မန္တလေးမြို့ကြား၌ ပြည်ထဲရေး အမည် မပေါက်သေးသော ရပ်ကွက်ကြီးများ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ မြေဈေးကစားလိုသူများ၊ မြေပွဲစားများသည် လယ်သမားများ မက်မောလောက်သည့် ငွေကြေးနှင့်ဝယ်ယူပြီး မြို့ပြမှ ဝင်ငွေ နည်းပါးသူနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ဥပဒေမဲ့ အကွက်ရိုက် ရောင်းချခြင်း၊ မြေကွက်ကျယ်များကို တာဝန်ရှိသူတချို့နှင့် ပူးပေါင်း၍ အခြားနည်းသုံးစွဲခွင့်များ လျှောက်ထားရယူကြခြင်း၊ လယ်ယာမြေအပေါ် တရားမဝင် ဆောက်လုပ်နေထိုင်မှုများကို အရေးယူ ဆောင်ရွက်ရာတွင်လည်း ဝင်ငွေနည်း မိသားစု၊ အငြိမ်းစား မိသားစုများသာ ဥပဒေအရ အရေးယူခံရခြင်း၊ အဆိုပါ ရပ်ကွက်များတွင် ဒုစရိုက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကြောင့် တရားဥပဒေစိုးမိုးရေးပိုင်းတွင်လည်း အားနည်းလျက်ရှိခြင်း၊  မြို့နယ်အတွင်းရှိ လယ်ယာမြေများအပါအဝင် မန္တလေးမြို့ရှိ စီးပွားရေး အများစု ကျောက်အရောင်း အဝယ်၊ သစ်အရောင်းအဝယ်၊ လယ်ယာမြေ အရောင်းအဝယ် လုပ်နေသူများကို နောက်ကွယ်မှ ရည်ရွယ်ချက်ရှိရှိ ငွေကြေးထောက်ပံ့သော ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများ ရှိ/မရှိ စသည့်အချက်များကို ပြည်ထောင်စု ဝန်ကြီးနှင့်တကွ  သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သင့် ပါကြောင်း၊  

သို့ပါ၍ မန္တလေးမြို့အပြင်ဘက်သို့ အိမ်ရာများတိုးချဲ့ ဆောက်လုပ်နေထိုင်မှုကြောင့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ နိုင်ငံတော်အတွက် အဖိုးတန် လယ်ယာမြေများ ပျက်စီးဆုံးရှုံးလာခြင်းအပေါ် သက်ဆိုင် ရာမှ အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပြီး ကာကွယ်စောင့်ရှောက် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawမန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၉ အုပ်စု၊ ကွင်းပေါင်း ၂၁၅ ကွင်း၊ လယ်မြေဧရိယာ ၂၇၈၁၈ ဧက၊ ယာ/ကိုင်း/ဥယျာဉ်ဧရိယာ ၂၆၃၈၈ ဧက၊ စုစုပေါင်း အသားတင် စိုက်ပျိုးနိုင်သည့် လယ်ယာမြေ ဧရိယာ ၆၁၇၇၄ ဧကရှိပါကြောင်း၊ အဆိုပါ လယ်ယာမြေအပေါ် ၂၀၁၅-၂၀၁၆ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)(ခ)အရ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားပြီး ခွင့်ပြုမိန့်ရရှိပြီးဖြစ်သော လယ်ယာမြေဧက ၃၄.၉၁ ဧကနှင့် ယာ/ကိုင်း/ဥယျာဉ် မြေဧရိယာ ၆၄၈.၂၄ ဧက ပါဝင်ပါကြောင်း၊

 တိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်အပါအဝင် မြို့နယ်များတွင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ရရှိသူများအနေုဖြင့် ခွင့်ပြုသည့် နေ့ရက်မှ ခြောက်လအတွင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု မရှိသည့် မြေများကို လယ်ယာမြေဥပဒေပုဒ်မ ၃၁ နှင့်အညီ အရေးယူ ဆောင်ရွက်သွားနိုင်ရန် မြို့နယ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့နှင့် ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ခွင့်ပြုမိန့်ရရှိပြီး ခြောက်လအတွင်း ဆောင်ရွက်မှုမရှိသည့် ကိစ္စရပ်များကို သီးခြားအမှုတွဲဖွင့်လှစ်ပြီး လယ်ယာမြေဥပဒေပုဒ်မ ၃၁ နှင့်အညီ အရေးယူဆောင်ရွက် သွားနိုင်ရန် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့အနေဖြင့် ဆက်လက်စီမံ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊

 တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လယ်ယာမြေများအပေါ် အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိဘဲ စည်းကမ်းမဲ့၊ ဥပဒေမဲ့ ဝင်ရောက်ကျူးကျော်ခြင်း၊ အကွက်ရိုက်ခြင်း၊ အဆောက်အဦ ဆောက်လုပ် အသုံးပြုနေမှုတွေအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး တာဝန်နှင့် လုပ်ပိုင်ခွင့် ပေးထားသည့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေက အဓိက ဆောင်ရွက်ရန် ဖြစ်ခြင်းကြောင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသို့ အကြောင်းကြား ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် လယ်ယာမြေဥပဒေ၊ နည်း ဥပဒေနှင့်အညီ စည်းကမ်းဖောက်ဖျက်သူ မည်သူမဆို အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှု ရှိစေရန်အတွက် မြို့နယ်တွေအတွင်း လယ်ယာမြေများအပေါ် ခွင့်ပြုမိန့် မရှိဘဲ ဆောင်ရွက်နေခြင်းကို စာရင်းကောက်ခြင်း၊ စီမံချက်ရေးဆွဲပြီး ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းများကို ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအနေဖြင့် နေပြည်တော်ကောင်စီ / တိုင်းဒေသကြီး / ပြည်နယ် /ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကို လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့် ရရှိထားသည့် မြေဧရိယာတွေအပေါ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေး တင်ပြရန်နှင့် စစ်ဆေးတွေ့ရှိချကများကို စိစစ်ချက်(ပုံစံ-၁၆)၊ မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရန် နှစ်စဉ်ညွှန်ကြား ဆောင်ရွက်ထားရှိပါကြောင်း၊  လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ရရှိသူများအနေဖြင့် လုပ်ငန်းအမျိုးအစား ဥပဒေနှင့်ညီညွတ်စွာ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားရန် မူလအဆိုပြုလုပ်ငန်းကိုသာ ဆောင်ရွက်ရန်နှင့် မူလတင်ပြ လုပ်ငန်းမှအပ အခြား လုပ်ငန်းများလွဲပြောင်းဆောင်ရွက်ခြင်းမပြုရန် ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း စတင်အသုံးပြုရန်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၁၊ နည်းဥပဒေ ၉၁ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်သွားနိုင်ရန် လယ်ယာမြေ စီမံခန့်ခွဲမှုအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်သွားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးပြီဖြစ်သည့်အတွက် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်လည်း ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့များကို ဆက်လက်ညွှန်ကြားဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊

          လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရဘဲ အခြားနည်း သုံးစွဲခြင်း မပြုရန် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(ဆ)တွင် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများအနေဖြင့် စနစ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ လိုက်နာရန် ပျက်ကွက်မည်ဆိုပါက လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ တွင်ပါရှိသော (က) သတ်မှတ်ထားသည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊ (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖယ်ရှားခြင်းစသည့် အမိန့်များကို ချမှတ်နိုင်ပြီး အဆိုပါအမိန့်များကို လိုက်နာခြင်း မရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ တရားရုံးတွင် ဦးတိုက်လျှောက်ထား၍ ပြစ်မှု ထင်ရှားပါက လယ်ယာမြေဥပဒေပုဒ်မ ၃၅ တွင် ဖော်ပြပါရှိသည့်အတိုင်း အနည်းဆုံး ခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊

          မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများပျက်စီးဆုံးရှုံးမှုမရှိစေရန် လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်းအသုံးပြုနေခြင်းများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ မြို့နယ် များသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့်လည်း လယ်ယာ မြေများအပေါ် ခွင့်ပြုမိန့် မရှိဘဲ အခြားနည်း အသုံးပြု ဆောင်ရွက်နေသည့် ကိစ္စရပ်များအား လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၉ အရ အရေးယူ ဆောင်ရွက်သွားရန် ခရိုင်၊ မြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များထံသို့ အသိပေး အကြောင်းကြား စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသောင်းဌေးလင်း(ပုသိမ်ကြီး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြေဈေးကစားလိုသူများအနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လယ်ယာမြေကို အခြားနည်းဖြင့် လျှောက်ထားပါကြောင်း၊ လျှောက်ထားသည့် ခေါင်းစဉ်က လယ်ယာသုံးစက်ကိရိယာ၊ ဂိုဒေါင် အစသဖြင့် လျှောက်၍  ခြောက်လအတွင်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့များနှင့် သွားရောက် စစ်ဆေးရာတွင် ထွန်းစက်လေးနှစ်စီး၊ သုံးစီးတို့ ဂေါ်ပြားလေး လေး၊ ငါးချောင်းတို့ အစသဖြင့် လယ်ယာနှင့် ပတ်သကသော စက်ပစ္စည်းများကို ခင်းကျင်းပြသထားပါကြောင်း၊ နောက်ပိုင်းတွင် လူနေအိမ်များ ဖြစ်လာပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေအပေါ် အခြားနည်းသုံးစွဲခွင့်ကို ထိထိရောက်ရောက် ရှိပြီးသား ဥပဒေ၊ နည်းဥပဒေနှင့် ကြပ်ကြပ်မတ်မတ် စိစစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လိုအပ်ခြင်းမရှိပါက  လုံးဝချထားပေးခြင်း မပြုရန် မေးမြန်းလိုပါကြောင်း၊ ထု့ိကြောင့် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် အပေါ် ဆက်လက်စောင့်ကြည့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းကိုမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပေါ်ပေါက်လာချိန်တွင် လယ်ယာမြေကို စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် ယင်းလယ်ယာမြေကို အရင်းအနှီးပြုပြီး စိုက်ပျိုး ထုတ်လုပ်သော တောင်သူ လယ်သမားများကို အခွင့်အလမ်းပေးသည့်အနေဖြင့် ပုဒ်မ ၃၀ အရ လယ်ယာမြေကို ရောင်း၊ ငှား၊ ပေါင်နှံ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရခဲ့ပါကြောင်း၊ ထို့နည်းတူ ပုံစံ(၇)ဖြင့် ရောင်း၊ ငှား၊ ပေါင်နှံကိစ္စကို ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းတွေ ရခဲ့ပါကြောင်း၊

လယ်ယာမြေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနည်းသုံးစွဲရန် ခွင့်ပြုပေးရာတွင်  အရင်းခံကျသည်မှာ မြို့နယ်အဆင့်ဖြစ်ပါကြောင်း၊  မြို့နယ်အဆင့်၏ စိစစ်ထောက်ခံမှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊  တိုင်းလယ်စစ်အဖွဲ့များ၏ ထောက်ခံချက်ဖြင့် ဗဟိုကို တင်ပြ ဆောင်ရွက်ရပါကြောင်း၊ ဗဟိုအနေဖြင့်လည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ မူသဘောအရ လယ်ယာကဏ္ဍတွင် အခြားနည်းသုံးစွဲမည်ဆိုပါက သုံးစွဲမည့်လယ်ယာမြေသည် စိုက်ပျိုးထုတ်လုပ်မှု အတွက် အမှန်တကယ်မဖြစ်ထွန်းနိုင်မည့် မြေအတန်းအစားဖြစ်ရန် ဖြစ်ရန်လိုပါကြောင်း၊ ထိုသို့ မြေ အတန်းအစားဖြစ်/မဖြစ်ဆိုသည်ကို သက်ဆိုင်ရာအောက်ခြေက တင်ပြလိုက်ရသည့်အပေါ် စိစစ်ရခြင်း ဖြစ်ပါကြောင်းနှင့် (၁) လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍနှင့် ဆက်နွယ်သည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းများဆိုပါက လျှောက်ထားသည့် ဧရိယာ အပေါ်မှာ ချင့်ချိန်စိစစ်ပြီး ခွင့်ပြုပေးရသည့်အခြေအနေရှိပါကြောင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် အတွက် အဓိကအဆင့်သည် မြို့နယ်အဆင့်ဖြစ်သည့်အတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးက လွှတ်တော်ကိုယ်စား လှယ်တော်များ၏ ပူးပေါင်းကူညီမှုလည်း များစွာလိုအပ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။