မေးခွန်း အကြောင်းအရာ
မိမိတို့မြို့နယ်အတွင်းရှိ ချောင်းများ၏ ကမ်းဘေးဝဲ/ယာတွင် ကိုယ်ထူကိုယ်ထ ရေဆင်းမြောင်းများဖြင့် စပါး၊ ဆီထွက်သီးနှံများနှင့် ကြက်သွန်ဖြူသီးနှံတို့ကို တစ်နှစ်လျှင် နှစ်သီးစား စိုက်ပျိုးလျက် ရှိပါကြောင်း၊ ယခုအခါ ချောင်းများသည် မိုးကြီးပြီး ရေကြီးရေလျှံ ဖြစ်ပေါ်လာသည့်အတွက် သဲများဖုံးလွှမ်းမှုများ နှစ်စဉ် ကြုံတွေ့နေရပါကြောင်း၊ မြောင်းပေါင်များ ရေတိုက်စားခြင်း၊ လယ်မြေများ ပျက်စီးဆုံးရှုံးခြင်းများ ကြုံတွေ့နေပြီး လယ်သမားများသည်လည်း လယ်ယာမဲ့များ ဖြစ်လာရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွှတ်တော် နားရက်အတွင်း ကျေးရွာလူထုနှင့်တွေ့ဆုံပွဲများတွင် လယ်သစ်၊ ယာသစ်၊ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာစေရန်၊ တစ်နည်းအားဖြင့် ဆင်းရဲမှုလျော့ချနိုင်ရန် အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး လူထုဆန္ဒနှင့်အညီ ဖြစ်နိုင်ချေ နေရာများကို ကွင်းဆင်းကြည့်ရှုကာ အောက်ပါကျေးရွာများတွင် တာတမံများ၊ ရေလှောင်ကန်များ၊ အသေးစား သို့မဟုတ် အလတ်စား ပြုလုပ်ပြီး ရေသွင်းမြောင်းများဖြင့် တစ်နှစ်ကို နှစ်သီးစား စိုက်ပျိုးနိုင်မည်ဟု ယူဆပါကြောင်း၊
(၁) ရင်းကဲကျေးရွာ ရှဉ်ချောင်းတမံ ဧက ၁၀၀ ကျော်ခန့်၊ (၂) တောင်ဘို့ကြီးကျေးရွာ အရှောကြီးချောက်တမံ ဧက ၁၂၀ ခန့်၊ (၃) လယ်ဦးကျေးရွာ ရေလှောင်ကန်ဧက ၇၀ ကျော်၊ (၄) ကြန်တောကျေးရွာ ဆူးချောက်ရေလှောင်တမံ ဧက ၁၂၀ ကျော်၊ (၅) တေးကျေးရွာ-စံကျေးရွာမြောင်းမှ ဆက်ရန် အုတ်ဖို-မိုးကောင်းသောက် လယ်ဧက ၁၂၀ ခန့်၊ (၆) တပြင်းကျေးရွာ၊ ထိန်းချောင်းရေလှောင်တမံ လယ်ဧက ၂၀၀ ခန့်၊ (၇) အနိမ့်ကျေးရွာ ယောချောင်းမှ ပင်ထောင်ချောင်းသို့ ရေသွင်းမြောင်းအရှည် ငါးမိုင်၊ လယ်ဧက ၃၅၀ ခန့်၊ (၈) မြောက်မကျင်းကျေးရွာရှိ ပလွေးကန်အတွင်း ယောချောင်းရေမှ ပိုက်ဖြင့် ရေသွင်းစိုက်ပျိုးမြေဧက ၃၀၀ ခန့်၊ (၉) ပိန္နဲကျေးရွာရှိ ပိန္နဲတမံ စိုက်ပျိုးဧက ၅၀၀ ကျော် စုစုပေါင်း စိုက်ပျိုးနိုင်မယ့်မြေဧက ၁၉၆၀ ခန့် ရှိပါကြောင်း၊
အထက်ပါတာတမံများ၊ ရေလှောင်ကန်များ တည်ဆောက်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးခြင်း၊ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းတို့အပြင် ချောင်းဘေးပျက်စီးသွားသော လယ်ယာမြေများ အစားထိုးဖြစ်ပေါ်လာပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ခြင်းကြောင့် နိုင်ငံတော်အစိုးရမှ အသေးစား သို့မဟုတ် အလတ်စား တာတမံများ၊ ရေလှောင်ကန်များ၊ ရေသွင်းမြောင်းများ တည်ဆောက်နိုင်ရေးအတွက် စက်ယန္တရားများ၊ ဆည်မြောင်း အင်ဂျင်နီယာများနှင့် လိုအပ်သည့် ဘဏ္ဍာငွေများကို ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သည့်နှစ်တွင် မည်သည့်တမံ တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးရေနှင့် သောက်သုံးရေများ ရရှိရန် ဆည်ငယ်၊ ကန်ငယ်များ ပြုပြင်တည်ဆောက်လျက်ရှိပါကြောင်း၊ အလားတူပင် အခြား ရေရရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသတွင်းရရှိနိုင်သော ရေအရင်းအမြစ် ပမာဏများအရ ဖြစ်မြောက်နိုင်စွမ်း ရှိမှုအပေါ် အခြေခံပြီးလည်းကောင်း၊ ကုန်ကျစရိတ်နှင့် အကျိုးဖြစ်ထွန်းမှု (Cost and Benefit) အခြေအနေကို ချိန်ဆတွက်ချက်ပြီး အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လယ်မြေဧရိယာဧက ၅၀၀ ကျော် အကျိုးပြုနိုင်သော ဆောမြို့နယ်၊ ပိန္နဲကျေးရွာရှိ ပိန္နဲတမံသည် ဒေသက ထိန်းသိမ်းထားသော တမံတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါတမံကို ရေသိုလှောင်နိုင်ရန် အတွက် တာပေါင်မြှင့်သည့် လုပ်ငန်း၊ ရေထုတ်ပြွန်ရေပိုလွှဲ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း၌ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းကိုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
ထို့အပြင် မြောက်မကျင်းကျေးရွာရှိ ဒေသကထိန်းသိမ်းထားသော ပလွေးတမံကို တာပေါင်မြှင့်ခြင်းလုပ်ငန်း၊ ရေထုတ်ပြွန်ရေပိုလွှဲ စနစ်တကျ ထည့်သွင်းသည့် လုပ်ငန်းကိုလည်း ယခင်နှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် မူလရေသောက်ဧရိယာ ၉၀ ဧကကို စိုက်ပျိုးရေ ကောင်းမွန်စွာ ပေးဝေနိုင်ခဲ့သည့် အခြေအနေ ဖြစ်ပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြချက်အရ အကျိုးပြုဧက ၃၀၀ အထိ လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်ပြီး ရေပေးဝေနိုင်ရေးအတွက် ပလွေးတမံအတွင်း ယောချောင်းမှရေကို ပိုက်ဖြင့် သွယ်ယူရန်ကိစ္စနှင့် ပတ်သက်၍ ကွင်းဆင်း လေ့လာခဲ့ပါကြောင်း၊ ယောချောင်း၏ ကြမ်းပြင်အမှတ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (RL - ၁၀၅၀) ပေခန့် ဖြစ်ပါကြောင်း၊ ပလွေးကန်၏ ကြမ်းပြင်အမြင့်အမှတ်က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (RL -၁၁၀၉) ပေခန့် ဖြစ်သည့်အတွက် ပလွေးကန်သည် ယောချောင်းထက် ၅၉ ပေခန့် မြင့်နေသည့်အတွက် နည်းပညာပိုင်းဆိုင်ရာ သုံးသပ်မှုအရ ဆောင်ရွက်ရန် မဖြစ်နိုင်ပါကြောင်း။
ထို့အတူ ရင်းကဲကျေးရွာအနီးတွင် ရှဉ်ချောင်းတမံ တည်ဆောက်ပြီး စိုက်ပျိုးရေးဧက ၁၀၀ ကျော် ကို ရေပေးဝေမည့် ကိစ္စနှင့်ပတ်သက်ပြီး စိစစ်တွေ့ရှိမှုနှင့်စပ်လျဉ်း၍ ဆည်ရေပေးဝေမည့် လယ်ယာမြေများသည် တစ်ဆက်တစ်စပ်တည်း မရှိဘဲ မြေပြင် အနိမ့်အမြင့် မတူညီသည့် ကုန်းမြင့်ဧရိယာများဖြစ်ခြင်း၊ ရေပေးတူးမြောင်းများ ဆောက်ရာတွင်လည်း မြေမျက်နှာပြင် အနိမ့်အမြင့် အနေအထားအရ တည်ဆောက်ရန် ခက်ခဲခြင်းများ၊ ဆည်ရေသောက် ဧရိယာ နည်းပါးသည့် အခြေအနေများ ရှိပါကြောင်း၊ ထို့အတူ လယ်ဦးကျေးရွာအနီး ရေလှောင်ကန် တည်ဆောက်ပြီး လယ်မြေ ၇၀ ဧကကို ရေပေးဝေ စိုက်ပျိုးမည့် ကိစ္စနှင့်ပတ်သက်ပြီး စိစစ်ခဲ့ပါကြောင်း၊ အဆိုပါ တမံသည် ခင်ပုတ်ချောက်ရိုးပေါ်တွင် တည်ဆောက်ရမည်ဖြစ်ပြီး ခင်ပုတ်ချောက်ရိုးသည် ရေဆင်းဧရိယာ နည်းပါး၍ မိုးရွာသွန်းသည့်အချိန်တွင်သာ ရေစီးဆင်းပြီး ကျန်ရှိအချိန်များတွင် ရေစီးဆင်းမှု မရှိသည့်အတွက် စီးဝင်ရေ နည်းပါးပြီး အကျိုးပြုဧက ၇၀ ခန့်သာရှိပါကြောင်း၊ ထို့ကြောင့် စီမံကိန်း ကုန်ကျစရိတ်နှင့် ရလာမည့် အကျိုးအမြတ် အနေအထားအရ လက်ရှိအခြေအနေတွင် ဆောင်ရွက်ရန် မသင့်တော်သေးပါကြောင်း၊
တောင်ဘို့ကြီးကျေးရွာ၊ အရှောကြီးချောက်တမံ တည်ဆောက်ရန် နေရာသည် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာ အရှေ့မြောက်ဘက်နှစ်မိုင်ခန့် ဆောလောင်းရှည်ကားလမ်း အရှေ့ဘက်သုံးဖာလုံခန့်အကွာ အရှောကြီးချောက်ပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါချောက်၏ ရေဆင်း ဧရိယာသည် နှစ်စတုရန်းမိုင်ခန့်ရှိပြီး တမံတည်ဆောက်မည့် နေရာ၏ အောက်ခံမြေသည် ကျောက်သားလွှာ ဖြစ်ပါကြောင်း၊ မြင့်မားမတ်စောက်သည့် တောင်ကြောအတွင်းဖြစ်သည့်အတွက် ရေဝပ်ဧရိယာ ကျဉ်းမြောင်းပါကြောင်း၊ ရေသောက်နိုင်သည့် လယ်မြေ ၇၀ ဧကခန့်နှင့် ယာမှလယ်ပြောင်း ၃၀ ဧကခန့်သာရှိသည့်အတွက် တမံတည်ဆောက်ရန် မသင့်လျော်ပါကြောင်း၊
ကြန်တောကျေးရွာ၊ ဆူးချောက်ရေလှောင်တမံသည် ရေဆင်းဧရိယာ ၁.၅ စတုရန်းမိုင် ရှိပါကြောင်း၊ ရေဝပ်ဧရိယာ ကျယ်ပြန့်သော်လည်း ရေဝပ်ဧရိယာအတွင်းရှိ တောင်သူခုနစ်ဦး၏ လယ်မြေ ၆ ဧကခန့် ရေနစ်မြုပ်မည်ဖြစ်ပြီး ရေသောက်နိင်သည့် လယ်မြေဧက ၂၀ ခန့်သာရှိပါကြောင်း၊ ယာမှ လယ်ကို ပြောင်းစိုက်မည်ဆိုပါက ဧက ၅၀ ခန့်သာ ရရှိသည့်အတွက် ရေသောက်ဧက နည်းပါးခြင်းတို့ကြောင့် ဆောင်ရွက်ရန် မသင့်လျော်ကြောင်းလည်း နည်းပညာပိုင်းအရ စိစစ်ရရှိပါကြောင်း၊
ထို့အတူ တပြင်းကျေးရွာ၊ ထိန်းချောင်းရေလှောင်တမံ တည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ ထိန်းချောင်းသည် ရေဆင်းဧရိယာ ၁၀ စတုရန်းမိုင် ခန့်ရှိပါကြောင်း၊ မိုးတွင်းအခါမှာသာ ရေဆင်းပြီး နွေအခါ ရေစီးဆင်းမှု မရှိပါကြောင်း၊ တမံတည်ဆောက်ဖို့ လျာထားသော နေရာတွင်ရှိသည့် အောက်ခံမြေသည် ကျောက်သားမြေဖြစ်ပြီး ကျောက်လွှာများသည် ငိုက်၍ လျောဆင်းနေခြင်း၊ ရေသိုလှောင်နိုင်သည့် ဧရိယာနည်းပါးခြင်းနှင့် တမံရေယိုစိမ့်မှု များပြားနိုင်ခြင်းတို့ကြောင့် တမံ တည်ဆောက်ရန် မသင့်လျော်ပါကြောင်း၊
ထို့အတူ အနိမ့်ကျေးရွာ ယောချောင်းမှ ပင်ထောက်ချောင်းကို ရေသွင်းမြောင်းအရှည် ဖောက်လုပ်ရန် မြောင်းအရှည် ငါးမိုင်ခန့် ရှိမည်ဖြစ်ပါကြောင်း၊ ရေသောက်နိုင်သည့် ဧကသည် မြောက်မကျင်းရွာမှ ဧက ၁၀၀ ခန့်၊ ကျောက်မကျေးရွာမှ ၁၀ ဧကခန့်နှင့် အနိမ့်ကျေးရွာမှ ယာမှ လယ်ပြောင်း ဧက ၁၉၀ ခန့် စုစုပေါင်းဧက ၃၀၀ ခန့်ရှိပါကြောင်း၊ ယောချောင်းမှ ရေစတင် သွယ်ယူမည့် နေရာသည် ကျောက်ဆောင်ကမ်းပါးအောက် ရေကြောင်း ပြောင်းလဲမှု နည်းပါးသော နေရာတွင် သွယ်ယူရမည်ဖြစ်ပြီး ရေသွင်း အဆောက်အဦနှင့် ရေသွင်းမြောင်းကို အခိုင်အမာ တည်ဆောက်ပေးရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ တေးကျေးရွာ-စံကျေးရွာမြောင်းမှ ဆက်ပြီး မြောင်းသစ် ဖောက်လုပ်ရန်မှာ မြောင်းအသစ်သည် အလျား ၁.၅ မိုင်ခန့်ရှိမည် ဖြစ်ပါကြောင်း၊ ဝက်ခေါင်းချောက် အပါအဝင် ချောက်ရိုး ငါးခုခန့်ကို ဖြတ်သန်း၍ ဖောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် စံကျေးရွာ (သုံးရာတော) မြောင်းပေါ်ရှိ လဟော်ချောက် ရေသွယ်လျှောက်ကို ပြုပြင်ဆောင်ရွက်မှသာ မြောင်းသစ်ထဲကို စိုက်ပျိုးရေ လုံလောက်စွာ ရရှိမည့် အခြေအနေဖြစ်ပါကြောင်း၊ ၎င်းတူးမြောင်းအသစ် ဖောက်လုပ်ပေးခြင်းအားဖြင့် လယ်မြေဧက ၅၀ နှင့် အုတ်ဖိုမြောင်းသောက် လယ်မြေ ၁၃၅ ဧကတို့ကို စိုက်ပျိုးရေပေးဝေ လာနိုင်မည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ မကွေတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းရှိ တမံများတည်ဆောက် ပြုပြင်ခြင်းနှင့် ရေပေးမြောင်းများ တူးဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသမှ ထိန်းသိမ်းထားသော ပိန္နဲတမံနှင့် ပလွေးတမံအား ဌာနအနေဖြင့် လိုအပ်သလို ပြုပြင်တည်ဆောက် ပေးသွားမည် ဖြစ်ပါကြောင်း၊ အသစ်တည်ဆောက်ရမည့် တမံငါးခုသည် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခဲ့မှုအရ တည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်း မရှိခြင်း၊ စီမံကိန်း ကုန်ကျစရိတ်နှင့် အကျိုးအမြတ် စိစစ်ချက်အရ ဆောင်ရွက်ရန် သင့်လျော်မှု မရှိပါကြောင်း၊ အသစ်တူးဖော်ပေးမည့် တေးကျေးရွာနှင့် စံကျေးရွာရှိ ရေပေးမြောင်းနှင့် အနိမ့်ကျေးရွာရှိ ယောချောင်းမှ ပင်ထောက်ချောင်းကို ရေသွယ်မြောင်းများတွင် စူးစမ်းလေ့လာ တိုင်းတာမှုများဆောင်ရွက်ပြီး ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိသဖြင့် ဒီဇိုင်းပြုစုရေးဆွဲပြီး ခန့်မှန်းကုန်ကျငွေ တွက်ချက်ကာ လိုအပ်ရန်ပုံငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ပေါ် အခြေခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။
