မေးခွန်း အကြောင်းအရာ
လင်းခေးမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော တိန်းချောင်း၏ အရှေ့ဘက်ကမ်းတွင် ကျေးရွာများ တည်ရှိခဲ့ပြီး လယ်ယာ၊ ဥယျာဉ် ခြံမြေများနှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေ ခဲ့ကြပါကြောင်း၊ ၁၉၇၆ ခုနှစ်ပတ်ဝန်းကျင် ကာလတွင် ပြည်တွင်းစစ်ကြောင့် ဖြတ်လေးဖြတ် စီမံချက်များ ချမှတ်ခဲ့ပြီး ကျေးရွာများအား တိန်းချောင်း၏ အနောက်ဘက်ကမ်းသို့ အတင်းအကြပ် ရွှေ့ပြောင်းခြင်းခံခဲ့ရပါကြောင်း၊ ထိုစီမံချက်အကျိုးဆက်များ အဖြစ် ကျေးရွာနေ ပြည်သူလူထုများသည် မိမိတို့၏လယ်ယာ၊ ခြံမြေ၊ အိုးအိမ်၊ နေရာဒေသများကို စွန့်ခွာကာ ယခင်အစိုးရများမှ ချမှတ်ပေးခဲ့သည့် တိန်းချောင်းအနောက်ဘက် ကမ်းနေရာများကို ရွှေ့ပြောင်း နေထိုင်လုပ်ကိုင် စားသောက်ခဲ့ရပါကြောင်း၊ သို့သော် ကျေးရွာတောင်သူများအနေဖြင့် တိန်းချောင်း အရှေ့ဘက်ကမ်း ကိုသာ နေ့စဉ်နှင့်အမျှ ကူးသန်း သွားလာလုပ်ကိုင် စားသောက်နေရဆဲ ဖြစ်ပြီး တိန်ချောင်းကို ကူးသန်းသွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် နိုင်ငံတော် အနေဖြင့် မည်သို့ ကူညီပံ့ပိုးနိုင်မည်ကိုသိရှိလိုပါကြောင်း၊
ထို့ကြောင့် လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု မအွန်လောင်းကူးတို့ဆိပ်နှင့် ပုန်းထွန်း ကျေးရွာတွင် လိုအပ်လျက်ရှိသော တိန်းချောင်းကူးတံတား နှစ်စီးကို တည်ဆောက်ပေးနိုင်ပါရန်နှင့် ပြည်သူလူထု အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ပါရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ မှ မည်သို့ဆောင်ရွက် ပေးနိုင်မည်နည်းနှင့် မည်သည့်ကာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လင်းခေးမြို့နယ်၊ မအွန်လောင်း ကျေးရွာအုပ်စုနှင့် လွိုင်လုံ ကျေးရွာအုပ်စုသို့သွားလာနိုင်ရန် ယခုအချိန်တွင် စက်လှေနှင့် ပြုလုပ်ထားသည့်ဖောင်ကို အသုံးပြုနေရသည့် အနေအထားဖြစ်နေသည်ကို သိရှိရပါကြောင်း၊ ယင်းအခက်အခဲအတွက် မအွန်လောင်းကူးတို့ဆိပ်တွင် ကွန်ကရစ် တံတားတစ်စင်းတည်ဆောက်မည်ဆိုပါက အရှည် ၃၃၀ ပေ၊ အကျယ် ၁၄ ပေ တည်ဆောက်ရန် ငွေကျပ် ၄၉၅ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ကျေးရွာပေါင်း ၄၀ ရွာ၊ အိမ်ခြေ ၃၀၅၃နှင့် လူဦးရေ ၁၅၀၀၀ ကျော်အတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း၊
လင်းခေးမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ပုန်းထွန်ကျေးရွာအုပ်စုကို ဆက်သွယ်သွားလာရန် ယခုအချိန်တွင် သစ်ထွင်းလှေများနှင့် လူကူးဝါးတံတားများ အသုံးပြုနေရသည်ကို သိရှိရ ပါကြောင်း၊ ယင်းအခက်အခဲအတွက် နန့်တိန်းချောင်းကူးကွန် ကရစ်တံတားတစ်စင်း တည်ဆောက် မည်ဆိုပါက အရှည် ၂၆၅ ပေ၊ အကျယ် ၁၄ ပေ တည်ဆောက်ရန် ငွေကျပ် ၃၉၇.၅ သန်း ကုန်ကျမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာငါးရွာ၊ အိမ်ခြေ ၃၆၀ ကျော်၊ လူဦးရေ ၁၈၀၀ ကျော်ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ၈၉၂.၅ သန်း ဖြစ်ပါကြောင်း၊
ယခင်နှစ်တွင် လင်းခေးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ခွင့်ပြုရန်ပုံငွေကျပ် ၁၈၉ သန်းကျော်၊ ကျောက်ချောလမ်း နှစ်မိုင်တစ်ဖာလုံနှင့် ကွန်ကရစ်တံတား ၂၅ ပေ တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လင်းခေးမြို့နယ်၊ မအွန်လောင်းကူးတို့ ဆိပ်ခံကွန် ကရစ်တံတား တစ်စင်းနှင့် နန့်တိန်းချောင်းကူးတံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတွင် ပါဝင်ခြင်း မရှိခဲ့သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ညှိနှိုင်းပြီး ဦးစားပေး လျာထားချက်အပေါ်မူတည်ကာ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
