မေးခွန်း အကြောင်းအရာ
စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းတွင်တည်ရှိပြီး မြို့နယ်၏ အနောက်မြောက်ဘက်မှ အရှေ့တောင်ဆုံးထိ မုန်းချောင်းက ဖြတ်သန်းစီးဆင်းပါကြောင်း၊ စေတုတ္တရာမြို့၏အထက် နှစ်မိုင်ခန့်အကွာတွင် မုန်းချောင်း ရေလှောင်တမံကြီး တည်ဆောက် ထားပါကြောင်း၊ စေတုတ္တရာမြို့၏ အောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် မုန်းချောင်းကိုပိတ်ပြီး ကြီးအုံကြီးဝတမံကြီး တည်ဆောက်ထားရှိပါကြောင်း၊ ၎င်းတမံနှစ်ခု၏ ရေဝပ်ဧရိယာတွင် ရွာ ၃၁ ရွာနှင့် လယ်ယာ၊ ဥယျာဉ်၊ ခြံမြေ ဧက ၇၀၀၀ ခန့် နစ်မြုပ်ခဲ့ပါကြောင်း၊ ကြီးအုံကြီးဝတမံရေဝပ် ဧရိယာအဖြစ် စေတုတ္တရာမြို့၏ တောင်ဘက်သုံးမိုင်အကွာ မြေနီကုန်းကျေးရွာမှ ကြီးအုံကြီးဝတမံအထိ ၁၇ မိုင်ခန့် သတ်မှတ်ထားပါကြောင်း၊
၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကြီးအုံကြီးဝတမံကို စတင်ပိတ်ခဲ့ရာတွင် ရေမြုပ်ဧရိယာ မပါဝင်သည့် စေတုတ္တရာမြို့အနီး ပတ်ဝန်းကျင်ရှိ လယ်ယာဧက ၁၂၀၀ ခန့် နှမ်းခင်း၊ ပဲခင်း၊ စပါးခင်းများနစ်မြုပ် ပျက်စီးခဲ့ပါကြောင်း၊ တမံစတင်ပိတ်သည်မှ ပြီးခဲ့သည့်နှစ် ၂၀၁၆ ခုနှစ်အထိ မိုးတွင်းကာလရောက်တိုင်း စေတုတ္တရာဝန်းကျင် လယ်ယာမြေများသည် တမံရေပြင်ကြီးအောက်တွင် နစ်မြုပ်ပြီး နှစ်စဉ်သီးနှံများလည်း ပျက်စီးခဲ့ပါကြောင်း၊ ဒေသခံဆင်းရဲသား တောင်သူများသည် လုပ်ကိုင်စားသောက်စရာ မြေမရှိသည့်အတွက် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အဆင်အပြေမှုများ ရှိနေကြပါကြောင်း၊ တောင်သူများသည် ပညာမတတ်ခြင်း၊ ငွေအရင်းအနှီး မရှိခြင်းတို့ကြောင့် လယ်ယာဟာသူတို့၏ ဘဝသည် လယ်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက် တတ်ကြပါကြောင်း၊ ယခုကဲ့သို့ ခြောက်နှစ်ခန့် လယ်ယာများနစ်မြုပ်၊ သီးနှံများအကြိမ်ကြိမ်ပျက်စီး၊ ပုံစံ(၇) ထုတ်မပေး၍ ချေးငွေများလည်း မရရှိခြင်း၊ နိုင်ငံတော် အကျိုးအတွက် စီမံကိန်းများ လုပ်ဆောင်ရာတွင် ပြည်သူများအတွက် ပြန်လည်ကုစား လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် ကြီးအုံကြီးဝတမံ ပိတ်မှုကြောင့် ရေမြုပ်ဧရိယာတွင် မပါဝင်ဘဲ စေတုတ္တရာမြို့ဝန်းကျင်ရှိ လယ်ယာမြေများ နှစ်စဉ် မိုးတွင်းကာလ ရောက်သည့်အခါတိုင်း တမံရေပြင်ကြီး အောက်နစ်မြုပ်၍ ဒေသခံတောင်သူများ စားဝတ်နေရေး အဆင်မပြေမှုများအား ဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေး အစားထိုးမြေယာ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကြီးအုံကြီးဝရေလှောင်တမံသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း တည်ရှိပါကြောင်း၊ မုန်းချောင်းရေလှောင်တမံမှ စီးဝင်သည့်ရေများကို ထိန်းညှိသိုလှောင်ပြီး ရေအားလျှပ်စစ် ကီလိုဝပ် နာရီ သန်းပေါင်း ၃၇၀ ထုတ်လုပ်နိုင်ရေးအတွက် အောက်ဘက်တွင်ရှိသည့် မဲဇလီရေလွှဲဆည်၏ ဆည်ရေသောက် ဧရိယာ ၈၂၆၂၃ ဧကမှာ မိုးစပါး၊ နွေစပါးစိုက်ပျိုးရေ ပိုမိုလုံလောက်စွာပေးနိုင်ရန်အတွက် ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မတ်လတွင် စီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးခဲ့ပါကြောင်း၊ ကြီးအုံကြီးဝရေလှောင်တမံ၏ ရေဝပ်ဧရိယာအတွင်း ကျရောက်သော ကျေးရွာ ၁၈ ရွာတွင်ရှိသည့် အိမ်ထောင်စု ၁၂၉၄ စုအတွက် အိမ်ထောင်စု တစ်စုလျှင် သုံးဧကနှုန်းဖြင့် ယာမြေ ၃၈၈၂ ဧက ဖော်ထုတ်ပေးနိုင်ရန် ယာမြေဖော်ထုတ်ခ တစ်ဧကကို ကျပ် ၂၀၀၀၀ နှုန်းနှင့် စုစုပေါင်းကျပ် ၇၆၆.၄ သိန်းကို သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် အိမ်ထောင်စုများသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊
စေတုတ္တရာမြို့နယ်နှင့် အနီးဝန်းကျင်တွင်ရှိသည့် လယ်ယာမြေများသည် ပုံမှန်မိုးရွာသွန်းမှု အခြေအနေတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်ခြင်းမရှိသော်လည်း ၂၀၁၅-၁၆ ခုနှစ် မိုးရာသီကာလ ရာသီဥတုဖောက်ပြန်မှု ဖြစ်စဉ်များကြောင့် မုန်းနှင့် ကြီးအုံကြီးဝ တမံများသည် ရေဆင်းဧရိယာအတွင်း၊ မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ကန်အတွင်းရေမှတ်များသည် မူလရေ သိုလှောင်နိုင်သော ပမာဏထက် လျှင်မြန်စွာ ကျော်လွန်မြင့်တက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ရေပိုလွှဲအထက်မှ အမြင့်ပေများစွာ ရေကျော်ကျမှု ဖြစ်ပေါ်ခဲ့သည့် အချိန်တွင် ကြီးအုံကြီးဝ ရေလှောင်တမံ၏ ရေဝပ်ဧရိယာမှာ ရေထောက်ပြီး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မျိုးစပါးနှင့် ပဲတီစိမ်းမျိုးများ၊ ဓာတ်မြေသြဇာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်နှင့် ထောက်ပံ့ ပေးအပ်ခဲ့ရပါကြောင်း၊ ယခုလို မိုးရာသီကာလ ထူးကဲမိုးရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်စဉ်များပေါ် အခြေခံပြီး လေ့လာသုံးသပ် တွက်ချက်ပြီးနောက် မုန်းနှင့်ကြီးအုံကြီးဝ ရေလှောင်တမံ၏ ရေဝပ်ဧရိယာများတွင် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် မုန်းချောင်းရေလှောင်တမံမှာ အကျယ် ၂၂၀ ပေ အကူရေပိုလွှဲတစ်ခုကို ထပ်မံတည်ဆောက်ခဲ့ပါကြောင်း၊ ကြီးအုံကြီးဝရေလှောင်တမံတွင် တည်ရှိသည့် အကူရေပိုလွှဲကို မူလအကျယ် ၂၅၀ မှ ၄၅၀ ပေအထိ တိုးချဲ့တူးဖော်ခြင်းအပြင် ဒေသနေပြည်သူလူထု၏ တောင်းဆိုချက်အရ ထပ်မံတိုးချဲ့လာသည့် အကျယ်ပေ ၂၀၀ ကို မူလအမြင့် ၅ ပေမှ ထပ်မံနှိမ့်ချပြီး တူးဖော်ခဲ့ခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်း ရှိခဲ့သည့်အလျောက် မိုးရာသီကာလများတွင် ရေကြီးနစ်မြုပ်မှုများ လျော့ပါးသက်သာစေမည့် အခြေအနေများ ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်သည့်အတွက် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများကြောင့် မိုးရာသီကာလ အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ကြီးအုံကြီးဝရေလှောင်တမံ၏ ရေဝပ်ဧရိယာနှင့် ဆက်စပ်လျက်ရှိသော စေတုတ္တရာမြို့ အနီးဝန်းကျင် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းမှ လျော့ပါးသက်သာစေမည့် လုပ်ငန်းအစီအမံများကို မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ စေတုတ္တရာမြို့ဝန်းကျင် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ရခြင်း ကိစ္စနှင့်ပတ်သက်ပြီး မိုးရွာသွန်းမှု ဖြစ်စဉ်ကြောင့် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာမည်ဆိုပါကလည်း အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့် ပတ်သက်ဆက်စပ်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးရှင်းပြသွားသည့် မုန်းတမံနှင့် ကြီးအုံကြီးဝတမံသည် ရေအားလျှပ်စစ် ထွက်ရှိပြီး နိုင်ငံတော်အတွက် ကျေးဇူးကြီးမားသကဲ့သို့ အောက်ဘက်က ပွင့်ဖြူ၊ စလင်း၊ စကုအစရှိသော နယ်မြေဒေသများအတွက် လယ်ဧကများစွာကို စိုက်ပျိုးရေပေးဝေနိုင်သည့် အကျိုးကျေးဇူး ရှိပြီဖြစ်သော်လည်း မိမိတို့မြို့နယ်၊ စေတုတ္တရာမြို့နယ်အတွင်း လယ်/ယာတစ်ဧကမှ စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ဧက ၇၀၀၀၊ ၈၀၀၀ ကျော်သာ နစ်မြုပ် ပျက်စီးသွားခြင်း ဒဏ်ကိုခံစားရပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်လျှင်လည်း စေတုတ္တရာမြို့နယ် ကျေးရွာ ၁၂၀ တွင် ရွာသုံးရွာသာ ရေအားလျှပ်စစ်က မီးအလင်းပေးနိုင်သည့် အနေအထားရှိပါကြောင်း၊ သို့သော် နိုင်ငံတော် အတွက်၊ အကျိုးကျေးဇူး ရှိဖြစ်စေသည့် လယ်ယာမြေများ၊ မိမိတို့ဘဝများ နစ်နာထိခိုက်မှုအတွက် တစ်စုံတစ်ရာ ဝမ်းနည်းကြေကွဲမှု မရှိသော်လည်း မိမိအနေဖြင့် မုန်းတမံနှင့် ကြီးအုံကြီးဝတမံ ရေအားလျှပ်စစ်စက်ရုံများမှ နိုင်ငံတော်အတွက်ရရှိသည့် လျှပ်စစ်ဓာတ်အားခများမှဖြစ်စေ၊ နိုင်ငံတော်သမ္မတကြီး၏ အထူးရန်ပုံငွေမှဖြစ်စေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရန်ပုံငွေမှဖြစ်စေ နှစ်စဉ်နှစ်တိုင်း ထိခိုက်နစ်နာ ဆုံးရှုံးကြရသည့် တောင်သူများအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကိုလည်း တစ်ဆက်တည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
သဘာဝကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များတွင် အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပြီးစီးဆောင်ရွက် ပေးသွားခြင်း ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းခဲ့သည့် သက်ဆိုင်ရာ နယ်မြေအတွက်ကိုလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခြားသောဆက်စပ် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ပေါင်းစပ် ဆောင်ရွက်ပေးနိုင်မည်ဆိုသည့် ကိစ္စကိုလည်း ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
