(ခ)-ဒက္ခိဏသီရိမြို့နယ်ကိုင်းပလွေးသစ်တောကြိုး ဝိုင်း၊ စိန်တစ်လုံးသရက်ဇုန်စီမံကိန်းအတွက် သိမ်း ယူခဲ့သည့် အဖွဲ့အစည်းများညှိနှိုင်းကာ ဥပဒေ၊နည်း ဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အ စီအစဉ် ရှိ/ မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

thant zin tunနေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်တွင် ကိုင်း/ပလွေ သစ်တောကြိုးဝိုင်း၊ ကွင်းအမှတ်(၁၊ ၂၊ ၃၊ ၈၊ ၉ နှင့် ၁၉) တို့ကို ဖျက်သိမ်းပြီး စိန်တလုံး သရက်ဇုန် စီမံကိန်းကို ပြီးခဲ့သည့် အစိုးရက ၂၀၁၁ ခုနှစ်တွင် အကောင် အထည်ဖော်ခဲ့ပါကြောင်း၊ ယခင်ဗဟိုအဖွဲ့အစည်း၏ လုပ်ကိုင်ခွင့်ပြုခြင်းဖြင့်လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုခြင်းဖြင့် လည်းကောင်း၊ ရွှေကဲရင်းကျေးရွာအုပ်စု ကွင်းအမှတ်( OSS- ၂၀၈၁၊ ၂၀၈၂၊ ၂၀၈၃၊ ၂၀၈၄၊ ၂၀၈၅၊ ၂၀၈၆၊  ၂၀၈၇၊ ၂၀၈၈ နှင့် ၂၀၈၉) များအဖြစ် သတ်မှတ်ကာ ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်း  ၆၉ ဦးအား လုပ်ကိုင် ခွင်‌့ပြုခဲ့သည်ကို သိရှိရပါကြောင်း၊ လုပ်ကိုင်ခွင့်ပြုခဲ့သော ဧရိယာ စုစုပေါင်းမှာ ၄၇၇၂.၀၀ ဧက ဖြစ်ပါကြောင်း၊   ခွင်‌့ပြုသော လုပ်ငန်း အမျိုးအစားများမှာ ဟင်းသီးဟင်းရွက်၊ သရက်၊ မွေးမြူရေးနှင့် ကျွန်းစသည်တို့ ပါဝင်ပါကြောင်း၊ ၂၀၁၁ ခုနှစ် စိန်တလုံးသရက်ဇုန်စီမံကိန်း အကောင်အထည် မဖော်ခင် အချိန်က အဆိုပါ မြေများပေါ်တွင် ဒေသခံတောင်သူများ လုပ်ကိုင်နေသော လယ်ယာမြေများ ရှိခဲ့ပါကြောင်း၊ ဒေသခံတောင်သူများသည် အဓိကအားဖြင့် ကြံစိုက်ပျိုးကြပြီး ၂၀၀၅ ခုနှစ်အထိ မြန်မာ့ကြံလုပ်ငန်းသို့ နှစ်စဉ်တင်သွင်း ခဲ့ရပါကြောင်း၊ လုပ်ကိုင်ခွင်‌့ရ ပုဂ္ဂလိကနှင်‌့ ကုမ္ပဏီ အဖွဲ့အစည်းများအနက် အချို့အား မူလလုပ်ကိုင်နေသူ ဒေသခံတောင်သူများအား ထိုက်သင်‌့သော နစ်နာကြေးနှင့် ထောက်ပံ့ကြေးများ ပေးခြင်း၊ အချို့အား နစ်နာကြေးနှင့် ထောက်ပံ့ကြေးပေးမှု မရှိခြင်းနှင့် အချို့သည် နစ်နာကြေး၊ ထောက်ပံ့ကြေးပေးမှု မရှိသည့်အပြင် တရားစွဲဆို ထောင်ကျစေခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊

အဆိုပါ စီမံကိန်းကြောင့် ဒေသခံတောင်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေ အမြောက်အများ သိမ်းဆည်းခံရခြင်းကြောင့် ကျေးလက်နေ ဒေသခံပြည်သူများ၏ လူမှုဘဝများကို များစွာ ဆင်းရဲဒုက္ခ ရောက်စေခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် ပုဂ္ဂလိကတို့၏ စီမံကိန်း အကောင်အထည်ဖော်မှုမှာ ၃၀၂၃.၉၁ ဧက ဖြစ်ပြီး ဆောင်ရွက်ရန် ကျန်ရှိသော ဧရိယာမှာ ၁၇၄၈.၈၉ ဧက ဖြစ်ပါကြောင်း၊ အဆိုပါ စာရင်းဇယားနှင်‌့ အကောင်အထည်ဖော် ပြီးစီးမှု ဧရိယာမှာ လက်ရှိမြေပြင်တွင် ဖော်ပြပါထက် လျော့နည်းနိုင်ပါကြောင်း၊

ထို့ကြောင့် သိမ်းဆည်းခံ မြေများနှင်‌့ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းအနေဖြင့် အကျိုးသက်ဆိုင်သူ မူလလုပ်ကိုင်ခဲ့သည့် တောင်သူများ နစ်နာမှု မရှိစေရေးအတွက် လုပ်ကိုင်ခွင်‌့ရ သိမ်းယူခဲ့သည့် ပုဂ္ဂလိကနှင့် ကုမ္ပဏီ အဖွဲ့အစည်းများနှင်‌့ ညှိနှိုင်းကာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အဆိုပါ စီမံကိန်းသည် ဒေသအတွက် အကျိုးပြု၊ မပြု နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရ/မရတို့ကို စိစစ်၍ လိုအပ်သော အရေးယူဆောင်ရွက်မှုများ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ရန် ကျန်ရှိသော ဧရိယာရှိမြေများနှင်‌့ သိမ်းဆည်းမခံခဲ့ရ၍ ယနေ့တိုင် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများအား ဒေသခံတောင်သူများကို တရားဝင် လယ်ယာမြေ လုပ်ကိုင်ခွင့် သို့မဟုတ် သစ်တောဦးစီးဌာနနှင်‌့ အကျိုးတူ လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ စသည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawနေပြည်တော် ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရာသီရိမြို့နယ်များတွင် ၂၀၁၁ ခုနှစ်ကစပြီး စိန်တလုံး သရက်သီးဇုန် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုင်း/ပလွေသစ်တောကြိုးဝိုင်းဧရိယာမှ အကွက်အမှတ်(၂)နှင့် (၃)ကို သစ်တောဧရိယာအဖြစ်မှ ပယ်ဖျက်၍ လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်တွင် ကိုင်းသစ်တော ကြိုးဝိုင်းမှ အကွက် အမှတ်(၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၄၊ ၁၈ နှင်‌့ ၂၀) တို့ကို သစ်တော ဧရိယာအဖြစ်မှ ပယ်ဖျက်၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

နေပြည်တော်၊ စိန်တလုံးသရက်သီးဇုန် ဧရိယာအတွင် လုပ်ပိုင်ခွင့်ချထားမှုနှင်‌့ အကောင်အထည်ဖော်နိုင်မှုကို  စိစစ်တွေ့ရှိသည့် အနေအထားမှာ ဒက္ခိဏသီရိမြို့နယ်ရှိ စိန်တလုံး သရက်သီးဇုန် ဧရိယာအတွင်း၌ စိုက်ပျိုးရေး လုပ်ငန်းများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့က ပုဂ္ဂလိက/ကုမ္ပဏီ(၄)ခုမှ ဧရိယာ ၃၇၇.၁၉ ဧက ထိုစဉ်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကြိုတင်ခွင့်ပြု ပုဂ္ဂလိကတောင်သူ ၄၄ ဦ၊ ဧရိယာ ၁၆၆၂.၉၂ ဧက၊ မြေလွတ်၊ မြေလပ်နှင်‌့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပုဂ္ဂလိကတောင်သူ ၂၂ ဦး၊ ဧရိယာ ၇၈၂.၇၉ ဧက၊ စုစုပေါင်းပုဂ္ဂလိက/ကုမ္ပဏီ ၇၀ ကို ဧရိယာ ၂၈၂၂.၉၀ ဧက အသီးသီး လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း၊ ဧရိယာ ၁၇၉၁.၉၃ ဧက ဖော်ထုတ် ဆောင်ရွက်ခဲ့သည့် အတွက် ဧရိယာ ၁၀၃၀.၉၉ ဧက ဖော်ထုတ်လုပ်ကိုင် ဆောင်ရွက်ရန် ကျန်ရှိနေပါကြောင်း၊ မွေးမြူရေး လုပ်ငန်းအတွက် ကုမ္ပဏီ ၁ ခုကို ၂၄.၉၀ ဧက လုပ်ကိုင်ခွင့် ပြုခဲ့ရာတွင် ယင်းကုမ္ပဏီအနေဖြင့် ဖော်ထုတ်လုပ်ကိုင်မှု မရှိသေးပါကြောင်း၊

ဥတ္တရသီရိမြို့နယ်ရှိ စိန်တလုံးသရက်ဇုန်(၁) ဧရိယာအတွင်း စိုက်ပျိုးရေး လုပ်ငန်းအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က ပုဂ္ဂလိက တောင်သူပေါင်း ၇ ဦး၊ ဧရိယာ ၃၁၀ ဧက၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကြိုတင် လုပ်ကိုင်ခွင့်ပြုသော ပုဂ္ဂလိကတောင်သူပေါင်း ၃၉ ဦး၊ ဧရိယာ ၁၇၃၆.၀၄ ဧက၊ မြေလွတ်၊ မြေလပ်နှင်‌့မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ပုဂ္ဂလိက တောင်သူပေါင်း ၄၅ ဦး၊ ဧရိယာ ၂၀၅၅.၈၁ ဧက စုစုပေါင်း ပုဂ္ဂလိကတောင်သူ ၉၁ ဦး၊ ဧရိယာပေါင်း ၄၀၁၁.၀၀ ဧက လုပ်ပိုင်ခွင့်ပြုခဲ့ရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ ဧရိယာပေါင်း ၃၃၂၉.၅၉ ဧက ဖော်ထုတ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဧရိယာ ၇၇၂.၂၆ ဧက ဆောင်ရွက်လုပ်ကိုင်ရန် ကျန်ရှိပါကြောင်း၊

ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်(၂)ခုပေါင်းတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် စုစုပေါင်းဧရိယာ ၆၉၂၄.၇၂ ဧက၊ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဧရိယာ ၅၁၂၁.၅၀ ဧက ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဧရိယာ ၁၈၀၀ ကျော် ဖော်ထုတ်ရန် ကျန်ရှိပါကြောင်းနှင်‌့ မွေးမြူရေး လုပ်ငန်းအတွက် ကုမ္ပဏီတစ်ခုကို ချထားပေးသည့် ဧရိယာ ၂၄.၉၀ ဧကသည် ဖော်ထုတ်ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊

စိန်တလုံးသရက်သည် ပြည်တွင်း၌ တွင်ကျယ်စွာ စားသုံးပြီး ပြည်ပတင်ပို့မှုအနေဖြင့် လက်ရှိ အခြေအနေတွင် စင်္ကာပူနိုင်ငံကို အဓိကထား တင်ပို့လျက် ရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ပြီး ပို့ကုန် အမည်သစ် အတွက် ရရှိရေးကို ဆောင်ရွက်သည့် နေရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဌာနတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စိန်တလုံးသရက်၏ မူရင်းဒေသသည် မြန်မာနိုင်ငံ ဖြစ်သည့်အတွက် မှတ်တမ်းတင် ထားရှိနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိန်တလုံးသရက်ဇုန် ဖွံ့ဖြိုးတိုးတက် အောင်မြင်လာသည်နှင့်အမျှ ယင်းနှင့် ဆက်စပ်လျက်ရှိသော လယ်ယာ အခြေခံ စက်မှု လုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ရာ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊

နေပြည်တော် စိန်တလုံး သရက်ဇုန်အတွက် မြေနေရာ စတင်ရှာစဉ်ကပင် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများကိုလည်း ကွင်းဆင်းလေ့လာစိစစ်ပြီး သစ်တောဧရိယာအတွင်း စိုက်ပျိုး လုပ်ကိုင်လျက်ရှိသော လက်ငုတ် ဧရိယာများကို စိစစ်တွေ့ရှိပါက ယင်းဧရိယာများကို ချန်လှပ်ပြီး သစ်တောဧရိယာများကိုသာ စိန်တလုံးသရက်ဇုန် စီမံကိန်းဆောင်ရွက်ရန် သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နေပြည်တော် စိန်တလုံးသရက်ဇုန်သည် လက်ငုတ် စိုက်ပျိုးမှု မရှိသော သစ်တောဧရိယာအတွင်း ကျူး၍ စိုက်ပျိုးထားမှုများနှင့် လွတ်ကင်းမှု ရှိသည့် မြေဧရိယာဖြစ်ပါကြောင်း၊

ယင်းဧရိယာများနှင့် ဆက်စပ်တည်ရှိနေသော သစ်တောဧရိယာများအတွင်းရှိ စိုက်ပျိုးမြေများအတွက် သစ်တောဦးစီးဌာနနှင့် အကျိုးတူ စိုက်ပျိုးလုပ်ကိုင်လိုပါက သက်ဆိုင်ရာဌာနကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ တင်ပြ ဆောင်ရွက်သွားရန် တင်ပြအပ်ပါကြောင်း၊ အတည်ပြုပြဋ္ဌာန်းခဲ့ပြီးသော ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အမှန်တကယ် ရင်းနှီးမြှုပ်နှံ ဖော်ထုတ်စိုက်ပျိုး လုပ်ကိုင်အသုံးပြုကြမည့် ပုဂ္ဂလိကရှိ ကုမ္ပဏီများသာမက ကျေးလက်ဒေသနေ တောင်သူလယ်သမားများနှင့် မိသားစုများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း ခွင့်ပြုပေးနိုင်ရန် အဘက်ဘက်မှ အသေးစိတ် ထည့်သွင်းပြဋ္ဌာန်း ဆောင်ရွက်ထားပြီး ဖြစ်သည့်အလျှောက် ပုဒ်မ ၂၂ ၌ ဤဥပဒေမပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများနှင့် ပတ်သက်ပြီး ပုဒ်မခွဲ(ဂ) တွင် မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြု ခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ(ဃ)တွင် မူလခွင့်ပြုကာလအတိုင်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊

လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံ တောင်သူလယ်သမားများနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ(ခ) တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးသော မြေဧရိယာအပေါ်၌ ယခင်ကတည်းက လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသည့် ဒေသခံတောင်သူ လယ်သမားများ၏ စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့် ရရှိထားခြင်း မရှိသည့်တိုင် နစ်နာမှု မရှိစေရန်အတွက် ယင်းတို့၏ ဆန္ဒအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ(ဂ) တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ချထားပေးသည့် မြေဧရိယာအပေါ်တွင် ယခင်ကတည်းက လုပ်ကိုင်ခွင့် ရရှိထားပြီးသော တောင်သူလယ်သမားများရှိပါက ယင်းတို့နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်စေရမည်ဟုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်ညှိနှိုင်း အစည်းအဝေး၌ စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုပြီး၊ သတ်မှတ်ကာလ လေးနှစ် ပြည့်မြောက်ပြီးသည်အထိ စိုက်ပျိုးလုပ်ကိုင်မှုမရှိသော ဧရိယာများကို ဥပဒေနှင့်အညီ ပြန်လည် ရုပ်သိမ်းနိုင်ရန်အတွက် ဆုံးဖြတ်ချက် ချထားပြီးလည်းဖြစ်ပါကြောင်း၊  လုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းရေး လုပ်ငန်းကိုလည်း စနစ်တကျ ဆောင်ရွက်သွားနိုင်ရန်အတွက် မြေပြင်တွင် အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်ထားသော မြေများအတွက် စနစ်တကျတိုင်းတာပြီး လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပြင်ဆင်ထုတ်ပေးရေးတို့အတွက် ဗဟိုကော်မတီမှ  နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့များသို့ အကြောင်းကြား ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသန့်ဇင်ထွန်း (ဒက္ခိဏသီရိ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒေသခံတောင်သူများက သရက်စိုက်ကွင်းလယ်ယာမြေနှင်‌့ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြစာများနှင့်ပတ်သက်ပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး ကော်မတီက စစ်ဆေးမှုများ ရှိနေပါကြောင်း၊ မြို့နယ် လယ်ယာမြေနှင်‌့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်သော်လည်း မြို့နယ် လယ်ယာမြေနှင်‌့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေဖြင့် စစ်ဆေးခြင်း မဟုတ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် တောင်သူကိုယ်စားလှယ်များက ပါဝင်စစ်ဆေးခွင့် မရပါကြောင်း၊ မိမိတို့ သိလိုသည့် အချက်အလက်များ တောင်းခံရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီက မိမိတို့ကို ပေးလည်းမပေးပါကြောင်း၊ လုပ်ပိုင်ခွင့်ဧရိယာက အကောင်အထည် ဖော်ပြီးစီးမှုများနှင့် ပတ်သက်ပြီး မှန်ကန်မှု ရှိ/မရှိ၊ မြေလွတ်၊ မြေလပ်နှင်‌့မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(ခ)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဒေသခံမူလ လုပ်ကိုင်ခဲ့သော တောင်သူများနှင့် ညှိနှိုင်းပြီး နစ်နာမှု မရှိစေရန် ထောက်ပံ့ကြေးများ ပေးနိုင်ရန် မိမိတို့က မရသည့်အတွက် ယင်းကိစ္စများအတွက် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ၏ မြို့နယ်အတွင်း ဆောင်ရွက်နေသော ကိစ္စများအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက် ခွင်‌့ရရှိစေရန် ညွှန်ကြားပေးနိုင်မှု ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လယ်ယာမြေနှင့် အခြားမြေကို သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းထားပါကြောင်း၊ ဗဟိုကော်မတီက ၂၀၁၆ ခုနှစ် မေလတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရားမျှမျှတတ ဖြစ်စေရန် ဖြစ်ပါကြောင်း၊ နောက်တစ်ခါ အသိမ်းခံရမည့် မူလပိုင်ရှင်များထံ ဥပဒေနှင့်အညီ ပြန်ရောက်အောင် ဖွဲ့စည်းနိုင်မည်ဖြစ်ပါကြောင်း၊ မပါဝင်ပါက ညွှန်ကြားချက်ကို ကိုင်ပြီး ပြီးခဲ့လက ယင်းကော်မတီ၏ အစီရင်ခံစာမှာပင် ဒုသမ္မတ(၂)ကိုယ်တိုင် ပြောထားသည်များ ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်ရမည်ဖြစ်ပါကြောင်း၊ မပါဝင်ရ ဟု ဆိုပါက သက်ဆိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်က ယင်းကိစ္စမျိုးတွင် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ခွင်‌့ရှိသည်ဟု ပါဝင်ပြီးဖြစ်ပါကြောင်း၊

လယ်ယာမြေနှင့်အခြားမြေကို သိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က ပြီးခဲ့သည့် ဇွန်လဆန်းတွင် မိမိတို့အစည်းအဝေး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနှင့်စပ်လျဉ်းပြီး စနစ်တကျ မြေပြင်အခြေအနေကို မိမိတို့ ပြန်လည်စိစစ်ပြီး ပြန်လည်ပေးအပ်နိုင်မည့် အခွင့်အလမ်း ရှိသည့် မြေများကို ပြန်လည်ပေးအပ်မည်ဖြစ်ပါကြောင်း၊ ဗဟိုမြေစစ်ကိုလည်း တင်ပြပြီး ဆက်လက်စီမံခန့်ခွဲဆောင်ရွက်သွားရန် စိစစ်ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။