မေးခွန်း အကြောင်းအရာ
၂၀၀၄ ခုနှစ်က အင်ကြင်း-သပိုးဆည်တည်ဆောက်ရန်အတွက် ဆည်မြောင်းဦးစီးဌာနက တစ်ကြောင်းထိုး ဖောက်သွားသည့် စိုင်ပြင်-နှောနတ်နန်းလမ်း ဖြစ်ပါကြောင်း၊ မိုးရာသီ၌ ဒီပဲယင်းမြို့နယ် စိုင်ပြင်-နှောနတ်နန်းလမ်း အခြေအနေသည် အလွန်ဆိုးရွားပါကြောင်း၊ ယခု ဆယ်စုနှစ် တစ်ခုကျော်သည်အထိ ၎င်းလမ်းကို မြေဖို့ခြင်း၊ ကျောက်ခင်းခြင်း၊ ကျောက်ဖို့ခြင်း ပြင်ဆင်ခြင်းများ လုံးဝ မရှိခဲ့ပါကြောင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် နှောကျေးရွာ ငါးအုပ်စုက ကျေးရွာနေ ပြည်သူလူထုက စုပေါင်းပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ရန်ပုံငွေများ ပျောက်ပျက်သွားပြီး မအောင်မြင်ခဲ့ပါကြောင်း၊ လမ်းမှာ ၁၃ မိုင်ဖြစ်သော်လည်း ပျက်စီးနေသဖြင့် နာရီဝက်ခန့် သွားရမည့်ခရီးကို ၆ နာရီ၊ ၇ နာရီမှ ၈ နာရီအထိ သွားနေကြရပါကြောင်း၊
ခြောက်သွေ့ရာသီတွင် မိုးတွင်းကဖြစ်ခဲ့သော ကျင်း၊ ချိုင့်များသည် တစ်လမ်းလုံး တစ်ဆက်တစ်စပ်တည်း ရှိနေသည့်အတွက် ဆိုင်ကယ်များအတွက် ပြဿနာ မရှိနိုင်သော်လည်း ကားများအတွက် မြေကြီးနှင့် မလွတ်ဘဲ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ပြုပြင်ဆောင်ရွက် ပေးသင့်ပါကြောင်း၊ စိုင်ပြင်-နှောနတ်နန်းလမ်းအတွင်းရှိ လမ်းမှာ ချောင်းကြီး၊ ချောင်းငယ်များလည်း မရှိသည့်အတွက် တံတားကြီး၊ တံတားငယ်များလည်း ဆောက်လုပ်ရန် မလိုအပ်ပါကြောင်း၊ စိုင်ပြင်-နှောနတ်နန်းလမ်းကို အဓိကထားပြီး ပြင်ဆင်လိုက် မှသာ လမ်းပန်း ဆက်သွယ်ရေးအတွက် ပိုပြီး ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ဆည်လယ်နတ်နန်း၏ မြောက်ဘက် သရက်ရွာမှ သွားပါက မိမိတို့ ဒီပဲယင်းမြို့အထိ လည်း သွား၍ရပါကြောင်း၊ ဆည်လယ်ဒါ၏ အနောက်ဘက်တွင် ဆည်တောမှ ရေဦးမြို့နယ် အိုက်၊ သဲသောင်ပြင်၊ ပလူပဝ ဘက်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊
ပလူပဝရွာတွင် ကနီနယ်၊ ဝန်မနားရွာမှ တောင်မြောက်ခရိုင်ချင်း ဆက်သွယ်ထားသော အမှတ်(၄) ခရိုင်ချင်း ဆက်သွယ်ထားသော လမ်းမကြီးနှင့်လည်း ချိတ်ဆက်မိသွားပြီး ပျဉ်း-ကိုင်း-ကလေးဝ ဆက်သွယ်ထားသော လမ်းကို ရောက်ရှိပြီး ချိတ်ဆက်မိမည်ဖြစ်ပါကြောင်း၊ ဆည်လယ်-နှောနတ်နန်းလမ်း၏ အနောက်တောင်ဘက်ရှိ ပိတ်ချင်းတော-ဆပ်လူးမှ ကနီမြို့နယ်ထဲကို ရောက်မည်ဖြစ်ပါကြောင်း၊ ဆည်လယ် -နှောနတ်နန်းလမ်း၏တောင်ဘက် အင်ကြင်း၊ သပိုးမှ ဘုတလင်မြို့ မောက်တက်၊ ကူတော်တို့ကို မြို့နယ်ချင်းဆက်လမ်းများမှာ ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း၊
စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုများမှာ နှောကျေးရွာအုပ်စု ၁၇ ရွာရှိ မိဘပြည်သူများ၏ အဓိက စိုက်ပျိုးသော ထွက်ကုန် ပဲစိမ်းငုံ၊ ဇီး၊ နှမ်း၊ မြေပဲတို့ကို ဈေးကွက်ရှိရာ စိုင်ပြင်-မုံရွာသို့ ပို့ဆောင်သည့်အခါ ဝန်ဆောင်စရိတ်များလည်း လျော့ကျသွားမည်ဖြစ်ပြီး ဈေးကွက်သို့ အချိန်နှင့် တစ်ပြေးညီ ကုန်ပစ္စည်းများ ရောက်ရှိသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအရလည်း ပိုမိုသက်သာ လွယ်ကူစွာဖြင့် လူနာများကို စိုင်ပြင်၊ ဘုတလင်၊ မုံရွာဆေးရုံများကို အလျင်အမြန် ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ဘုတလင်မြို့နယ်ထဲရှိ ဝက်ပုတ်၊ နှောပင်ကြီး၊ ချောင်းမိတို့၊ မတိုင်ကျင်း စသည့် ကျေးရွာများမှ မိဘပြည်သူများလည်း ၎င်းလမ်းကို ဆက်သွယ်အသုံးပြုနေရပါကြောင်း၊ ပညာရေး ဝန်ထမ်းများ အပါအဝင် ဌာနပေါင်းစုံမှ ဝန်ထမ်းများအားလုံးလည်း သွားရောက် တာဝန်ထမ်းဆောင်ရာ တွင် ပို၍ အဆင်ပြေချောမွေ့သွားမည်ဖြစ်ပါကြောင်း၊
သို့ပါ၍ သက်ဆိုင်ရာလမ်းဦးစီးဌာနမှ စိုင်ပြင်-နှောနတ်နန်းလမ်း ၁၃ မိုင် လမ်းကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆည်လယ်-နှောနတ်နန်းလမ်းမှ ဆည်တောကိုဖြတ်ပြီး ခရိုင်ချင်းဆက်လမ်းအထိ ကျောက်ချောလမ်းကို တစ်ပါတည်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်-မူးဘောင်-နှောနတ်နန်းလမ်းသည် အရှည် ၁၃ မိုင်၊ ၂၅ ပေ အကျယ်ရှိသော တစ်ကြောင်းထိုးမြေသားလမ်းဖြစ်ပါကြောင်း၊ အင်ကြင်း-သပိုးဆည် ဆောက်လုပ်စဉ်အခါက ဆည်မြောင်းဦးစီးဌာနက ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပွင့်လင်းရာသီအတွင်း သွားလာရေး ခက်ခဲပြီး မိုးရာသီတွင် ရေဝပ်ခြင်း၊ တန်ပိုယာဉ်များ သွားလာခြင်းကြောင့် ချိုင့်ခွက်ကြီးငယ်များဖြစ်ပေါ်သည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရ ပါကြောင်း၊ အဆိုပါ လမ်းအရှည် ၁၃ မိုင်ကို မြေသားတာ ပေါင်တင်ခြင်းနှင့် ဂျင်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ငွေကျပ်သန်းပေါင်း ၃၁၂.၇၈ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊
နှောနတ်နန်း-သစ်ယာအိုက် Rural Main Cannel တူးမြောင်းလမ်းသည် အရှည် ၁၄ မိုင်ရှိ မြေသားလမ်းဖြစ်ပြီး ကျောက်ချောလမ်း ခင်းမည်ဆိုပါက ငွေကျပ် ၈၇၉.၃၄ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း၊ ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၈၅၁ အိမ်နှင့် လူဦးရေ ၁၅၀၀၀ ကျော်အတွက် အကျိုးပြုမည့်လမ်းဖြစ်ပါကြောင်း၊
ဒီပဲယင်းမြို့နယ်အတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခင်နှစ် ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ၃၇၆.၁၁ သန်းဖြင့် ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၂ မိုင်၊ ကွန်ကရစ် တံတားနှစ်စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရွှေဒါးကန်-မူးဘောင်မ-အုန်းတပင် ကတ္တရာလမ်း ၁ မိုင် လျာထားခွင့်ပြုချက် ရရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်ပြင်-နှောနတ်နန်းလမ်း ၁၃ မိုင်အပြင် ခရိုင်ချင်းဆက် လမ်းအထိ လမ်းပိုင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်း ဖြစ်ပါကြောင်း၊ အခြားဝန်ကြီးဌာနပိုင် သို့မဟုတ် အခြားအဖွဲ့အစည်းပိုင်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပထမဦးစွာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ လမ်းလွှဲအပ်လိုကြောင်း အဆိုပြုတင်ပြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောထားမှတ်ချက် တောင်းခံလာချိန်တွင် အဆိုပါလမ်းကို ဝန်ကြီးဌာန၏ မူဝါဒနှင့် ကိုက်ညီမှု ရှိ/မရှိစိစစ်ပြီး ကိုက်ညီမှုရှိပါက လွှဲပြောင်းလက်ခံ ဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်ရပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်းအဖြစ် လွှဲပြောင်းလက်ခံဆောင်ရွက်မည်ဆိုပါက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဒီပဲယင်းမြို့နယ်၊ ကျေးလက်လမ်းနှစ်လမ်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခင်နှစ် ဘတ်ဂျက်တွင် ပါဝင်ခြင်းမရှိသော်လည်း မြို့နယ်အတွင်း အခြားကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၂ မိုင်၊ ကွန်ကရစ်တံတားနှစ်စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရွှေဒါးကန်-မူးဘောင်မ-အုန်းတပင်လမ်း တက္တရာခင်းခြင်း ၁ မိုင်အတွက် ငွေကျပ် ၁၇၄.၃၉ သန်းဖြင့်လည်းကောင်း၊ ဆည်ကြီးတော၊ အောင်သာယာကျေးရွာနှစ်ရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်း၊ တွင်းနက်နှစ်တွင်း တူးဖော်ခြင်းအတွက် ငွေကျပ် ၃၇ သန်းဖြင့် လည်းကောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းအတွက် အင်ကြင်းသပိုးကျေးရွာအတွက် ငွေကျပ် ၄၃.၈၄ သန်း၊ အောင်စီမြေကျေးရွာအတွက် ငွေကျပ် ၃၇.၂၇ သန်း စုစုပေါင်း ငွေကျပ် ၈၀.၈၆၅ သန်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခု တင်ပြပါလမ်းနှင့်စပ်လျဉ်းပြီး နှစ်အလိုက် တိုင်းဒေသကြီး၏ ဦးစားပေးလျာထား ချက်အပေါ်မူတည်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက်စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
