(ဃ)-ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ 33/11 K.V,3MVA ဓါတ်အားခွဲရုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက် ပေးနိုင်ခြင်းရှိ/ မရှိနှင့် N.E.P စီမံချက် အတိုင်း လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၈.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u myint ngweကျောက်ကြီးမြို့နယ် မုန်းမြို့သို့ ဖြူးဓာတ်အားခွဲရုံမှ ၂၀-၇-၂၀၁၅ ရက်နေ့တွင် လျှပ်စစ်သွယ်တန်း နိုင်ခဲ့ပါကြောင်း၊ သွယ်တန်းထားသော လျှပ်စစ်ဗို့အားလိုင်းမှာ 11 KV ဖြစ်ပြီး ရယူထားသော လျှပ်စစ်ဓာတ်အားခွဲရုံ အမည်မှာ 33/11 KV 10 MVA ဖြူးဓာတ်အားခွဲရုံ ဖြစ်ပါကြောင်း၊ ဖြူးမြို့လျှပ်စစ် ဓာတ်အားခွဲရုံမှ မုန်းမြို့ အမှတ်(၄) ရပ်ကွက် ထရန်စဖော်မာအထိ အလျား ၁၈.၇၃ မိုင်ကွာဝေးပါကြောင်း၊

မုန်းမြို့တွင် လျှပ်စစ်ဌာနပိုင် မြေနေရာနှင့် လျှပ်စစ်ဌာနပိုင် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ သုံးလုံးရှိပြီး ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးပိုင် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံးလည်း ရှိပါကြောင်း၊ ၃၁-၁၂-၂၀၁၆ ရက်နေ့အထိ လက်ရှိမီးသုံးစွဲသူဦးရေမှာ ၁၀၅၈ ဦးရှိပါကြောင်း၊ မုန်းဒေသအတွင်း ကျေးရွာအုပ်စု ၁၃ အုပ်စုနှင့် ကျေးရွာအပေါင်း ၄၉ ရွာရှိပြီး မီးသုံးစွဲနိုင်မည့် လူဦး‌ရေမှာ ၈၉၀၀ ခန့်ရှိပါကြောင်း၊ နိုင်ငံတော် NEP စီမံချက်အရ မုန်းဒေသအတွင်း မီးလင်းနိုင်ရေးအတွက် မုန်းမြို့၌ 33/11 KV 3 MVA ဓာတ်အားခွဲရုံတစ်လုံး လိုအပ်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တောင်းဆိုနေကြ ပြီဖြစ်ပါသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မုန်းမြို့၌ 33/11 KV 3 MVA ဓာတ်အားခွဲရုံအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် NEP စီမံချက်အတိုင်း လုပ်ဆောင် နိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingကျောက်ကြီးမြို့နယ် မုန်းမြို့တွင် ရပ်ကွက်ခြောက်ခုနှင့် ကျေးရွာပေါင်း ၄၈ ရွာရှိပါကြောင်း၊ လက်ရှိတွင် ရပ်ကွက် အားလုံးနှင့် သောင်လယ်ကျေးရွာအနီးရှိ ဒိုးတန်းကျေးရွာ၊ သာစည်ကျေးရွာတို့ရှိ စုစုပေါင်း မီးသုံးသူဦး‌ရေ ၁၀၆၅ ဦးအား ဖြူးမြို့ရှိ 33/11 KV 10 MVA ဓာတ်အားခွဲရုံမှ မုန်းမြို့သို့ 11 KV ဓာတ်အားလိုင်း ၁၈.၇၃ မိုင် တည်ဆောက်၍ ဝန်ကြီးဌာနပိုင် 11.4 KV 200 KVA ထရန်စဖော်မာ လေးလုံးနှင့် ကိုယ်ထူကိုယ်ထ 200 KVA ထရန်စဖော်မာနှစ်လုံး စုစုပေါင်းခြောက်လုံးဖြင့် ဓာတ်အားဖြန့်ဖြူး ပေးထားလျက်ရှိပါကြောင်း၊ မုန်းမြို့အား မီးလင်းရန်နှင့် ကျန်ရှိသော ကျေးရွာများအနက်မှ သောင်လယ်ကျေးရွာရှိ သောင်လယ်ကျေးရွာ၊ နွယ်တန်းကြီးကျေးရွာ၊ ရစ်ကစ်ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ မုန်းကျေးရွာအုပ်စုရှိ ရေအိုးစင်ကျေးရွာ၊ လိန်ပင်ကျေးရွာ၊ စည်ပင်သာကျေးရွာ၊ ‌ညောင်ပင်သာကျေးရွာအုပ်စုရှိ ကရင်ကျကျေးရွာစသည့် ကျေးရွာရှစ်ရာ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP ၏ ပထမအဆင့်ဖြင့် 11 KV ဓာတ်အားလိုင်းနှင့် 11.4 KV ထရန်စဖော်မာများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျေးရွာများက ၎င်းတို့ကျေးရွာအတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

လက်ရှိ NEP ၏ ပထမအဆင့်တွင် ပါရှိသော ကျေးရွာများအား ဓာတ်အားရရှိရန် လိုအပ်သော ဓာတ်အားလိုင်း ပစ္စည်းများနှင့် ဓာတ်အားခွဲရုံ ပစ္စည်းများအား ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ရန် နိုင်ငံတကာ တင်ဒါခေါ်ယူကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပစ္စည်းများရရှိပါက တည်ဆောက်ရေး လုပ်ငန်းများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက် နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်နေခြင်း ဖြစ်ပါကြောင်း၊ မုန်းမြို့ရှိ မီးလင်းရန်ကျန်ရှိသော ကျေးရွာများအား လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ရန် 33/11 KV 10 MVA ဓာတ်အားခွဲရုံ ဖြူးခွဲရုံမှ 33 KV ဓာတ်အားလိုင်းအသစ် ချိတ်ဆက် တည်ဆောက်၍ မုန်းမြို့၌ ရပ်ကွက်အမှတ် (၅) ရှိ လျှပ်စစ်ရုံးဝန်းအတွင်း 33 KV ဓာတ်အားခွဲရုံ တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာန၏ ၂၀၁၇-၁၈ မှ ၂၀၂၁-၂၂ ငါးနှစ်စီမံချက်တွင် ထည့်သွင်းရေးဆွဲ ထားပါကြောင်း မုန်းမြို့တွင် 33 KV ဓာတ်အားလိုင်း ၁၆ မိုင် နှင့် 33/11 KV 5 MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ရန် လိုအပ်သောဘတ်ဂျက် ရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၁၄၇၆.၂၅ ဖြစ်သည့်အတွက် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။