မေးခွန်း အကြောင်းအရာ
နတ်မောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၃၅ ရွာရှိပြီး မြို့နယ်၏ အကျယ်အဝန်းမှာ ၈၉၁.၆၀ စတုရန်း ဖြစ်ပါကြောင်း၊ နတ်မောက်မြို့၏ အရှေ့ဘက်တွင် မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့များ တည်ရှိပြီး အနောက်ဘက်တွင် မကွေးမြို့၊ တောင်ဘက်တွင် မြို့သစ်မြို့၊ မြောက်ဘက်တွင် ရေနံချောင်း၊ ကျောက်ပန်းတောင်းမြို့များနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါကြောင်း၊ ယခုအချိန်အထိ မြို့ပေါ် ၇ ရပ် ကွက်နှင့် ဘုန်းတော်ပြည့်ကျေးရွာအုပ်စုတွင် ဘုန်းတော်ပြည့်ကျေးရွာ တစ်ရွာတည်းသာ မီးလင်းပြီး ဖြစ်ပါကြောင်း၊
ရွာမွန်ကျေးရွာအုပ်စု၊ ရွာမွန်ရွာတွင် နက်မောက်မြို့နယ်၏ အလယ်ခေါင်တွင် တည်ရှိပါကြောင်း၊ ၎င်းကျေးရွာတွင် ပ.ပ.န တပ်ပင်မ စစ်လက်နက်ပစ္စည်း ထိန်းသိမ်းရေးတပ် တည်ရှိပြီး ၎င်းစစ်တပ်မှ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပေးမည်ဆိုပါက နတ်မောက်မြို့နယ် အနှံအပြားရှိ ကျေးရွာများတွင် လျှပ်စစ်မီး ရရှိနိုင်ပါကြောင်း၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာ အနီးတွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်မည်ဆိုပါက နတ်မောက်-ရွာမွန်လမ်း၊ ရွာမွန်-ကျောက်ပန်းတောင်းလမ်း၊ ရွာမွန်-ဆည်ကြီး ခရိုင်ချင်းဆက်လမ်း၊ ရွာမွန်-ပျော်ဘွယ်လမ်းဘေးရှိ ရွာပေါင်း ၅၀ မှ အိမ်ထောင်စုပေါင်း ၆၀၀၀ ခန့်၊ လူဦးရေ ၃၀၀၀၀ ခန့် အကျိုးဖြစ်ထွန်းနိုင်ပြီး ထိုမှတစ်ဆင့် နီးစပ်ရာ ကျေးရွာများသို့လည်း ဓာတ်အားလိုင်းများ ဆက်သွယ်၍ ဆောင်ရွက်မည်ဆိုပါက နတ်မောက်မြို့နယ် (မြောက်ပိုင်း)ရှိ ကျေးရွာများတွင် ဓာတ်အား ရရှိမည် ဖြစ်ပါကြောင်း၊
နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာ အနီးတွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ခု တည်ဆောက်မည်ဆိုပါက ဓာတ်အား ဆက်သွယ်ရမည့် နည်းလမ်းနှစ်သွယ် ရှိပါကြောင်း၊ ပထမလမ်းသည် ၆၆ ကေဗွီ ဓာတ်အားလိုင်းကို မြို့သစ်မြို့အနီး ခွင့်ပြုမိန့် ရရှိပြီးမှ ၂၆ မိုင်ခန့် ဓာတ်အားလိုင်း တည်ဆောက်၍ ရရှိနိုင်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၃၀၀၀ ဖြစ်ပါကြောင်း၊ ဒုတိယလမ်းသည် ၆၆ ကေဗွီဓာတ်အားလိုင်းကို နတ်မောက်မြို့နယ်၊ ရွာမွန်ပင်မ စစ်လက်နက် ပစ္စည်းတပ်မှ ၅ မိုင်ခန့်ဓာတ်အားလိုင်း တည်ဆောက်၍ ရရှိနိုင်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၁၀၀၀ ကျော်ခန့် ဖြစ်ပါကြောင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာအနီးတွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခဲ့ပါက ၁၁ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်၍ ကားလမ်းဘေးရှိ ကျေးရွာပေါင်း ၅၀ နှင့် ဓာတ်အား ဖြန့်ဖြူးမည် ဖြစ်ပါကြောင်း၊
နတ်မောက်မြို့နယ်၊ ရွာမွန်စစ်တပ်တွင် လျှပ်စစ်မီတာလိုင်း ခုနစ်လိုင်းရှိပြီး ပထမလိုင်းသည် ရွာမွန်ကျေးရွာသည် ဈေးသာကျေးရွာအထိ ၁၂ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းစေမည့်ရွာ ခြောက်ရွာ၊ ရွာမွန်ကျေးရွာမှ ဆယ်တန်းကျေးရွာ အနီးအထိ ၅.၅ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းစေမည့် ကျေးရွာ ခုနစ်ရွာ၊ ဆယ်တန်းကျေးရွာမှ ဖက်သန်းတောင်ကျေးရွာအထိ ၁၀ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းစေမည့်ရွာ ခုနစ်ရွာ၊ ဆရာအင်းကျေးရွာမှ ဆည်ကြီးကျေးရွာအထိ ၁၀ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းမည့်ရွာ ကိုးရွာ၊ ရွာမွန်ကျေးရွာမှ ဆည်ခေါင်း ရွာတော်ကျေးရွာအထိ ၁၄ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းမည့်ရွာ ခြောက်ရွာ၊ ဆည်အင်းကျေးရွာမှ ဆုံကုန်းကျေးရွာအထိ ၁၂ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းစေမည့်ရွာ ခုနစ်ရွာ၊ ဈေးသာကျေးရွာမှ ဝက်ချုပ်ကျေးရွာအထိ ၁၀ မိုင်တည်ဆောက်ပါက အကျိုးဖြစ်ထွန်းမည့်ရွာ ရှစ်ရွာဖြစ်ပါကြောင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်မည်ဆိုပါက ဓာတ်အားခွဲရုံ တည်ဆောက်မည့်နေရာအတွက် ၁.၅ ဧကကိုလည်း ရွာမွန်ကျေးရွာမှ ဦးလှိုင်ထွန်းအောင်က လှူဒါန်းပြီးဖြစ်ပါကြောင်း၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် မီးလင်းနိုင်ရေးအတွက် နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာအနီးတွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘတ်ဂျက်နှစ်တွင် စတင် အကောင်အထည် ဖော်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ လက်ရှိဓာတ်အား ရရှိနေသော ပင်မစစ်လက်နက် ပစ္စည်းတပ် ဓာတ်အားခွဲရုံအား ၁၃၂ ကေဗွီ ချောက်ပင်မ ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၆၄.၂ မိုင် ကွာဝေး၍ ချိတ်ဆက်တည်ဆောက် ဓာတ်အား ရယူထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ၆၆ ကေဗွီ ဓာတ်အားလိုင်းပေါ်တွင် လက်ရှိဝန်အားက အလွန်များပြားနေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွာမွန်ကျေးရွာရှိ ၆၆ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ လက်ရှိ ဓာတ်အား ရယူလိုသော ရွာမွန်ကျေးရွာသို့ ၆၆ ကေဗွီလိုင်း ထပ်မံချိတ်ဆက်ပါက မူလဝန်အား များနေသော လိုင်းအပေါ်တွင် ထပ်မံဝန်အားများလာမည် ဖြစ်သည့်အတွက် ဓာတ်အားရရှိခဲ့လျှင်ပင် ရရှိမည့်ကျေးရွာမှာ ဗို့အားကျဆင်းခြင်း၊ မူလလျှပ်စစ်ဓာတ်အား ရရှိနေသည့်နေရာတွင် ထပ်မံဗို့အားကျဆင်းခြင်း၊ ဗို့အား ကျဆင်းခြင်းများကြောင့် Losses များခြင်း ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် နည်းပညာအရ သင့်လျော်မှု မရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
မြို့သစ်မြို့နှင့် နတ်မောက်မြို့တို့ကို ဗို့အားကောင်းမွန်စွာဖြင့် ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန် ရည်ရွယ်၍ တောင်တွင်းကြီး ပင်မဓာတ်အားခွဲရုံ မှတစ်ဆင့် ၆၆ ကေဗွီလိုင်း ၁၇.၅ မိုင် အသစ် တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာ၊ ကံကြီးကျေးရွာအနီးတွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တိုးချဲ့တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၃၆၀၃ သန်းခန့်ဖြစ်ပြီး ဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် ပါဝင်လျက်ရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု ကံကြီးကျေးရွာတွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက အဆိုပါခွဲရုံမှတစ်ဆင့် ရွာမွန်ကျေးရွာသို့ ဓာတ်အားချိတ်ဆက် ရယူနိုင်ရန် ၆၆ ကေဗွီ ဓာတ်အားလိုင်း နောက်ထပ် ၂၆ မိုင်၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး လိုအပ်သည့် ရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၄၀၉၈.၅၁၈ ခန့် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငါးနှစ်အတွင်း ဆောင်ရွက်မည့် စီမံချက်တွင် ထည့်သွင်း လျာထားတာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် စီစဉ် ထားရှိပါကြောင်းနှင့် ရန်ပုံငွေ ခွင့်ပြုချက်ကို တောင်းခံကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
