မေးခွန်း အကြောင်းအရာ
၁၉၉၂ ခုနှစ်တွင် မတူပီမြို့၌ အသေးစားနတ်မောင်ချောင်း ရေအားလျှပ်စစ်ကို ပြီးစီးဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ၎င်းနတ်မောင်ချောင်းရေအားလျှပ်စစ်က အိမ်ခြေ ၃၀၀ ခန့်ကိုသာ မီးပေးနိုင်ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၀၇ ခုနှစ်တွင် ဘုံကလာရေအားလျှပ်စစ်ကို တည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် ၎င်းဘုံကလာ ရေအား လျှပ်စစ်သည် စစ်ဗျူဟာနှင့် တပ်ရင်းများအတွက်သာ အဓိကရည်ရွယ်ပြီးတည်ဆောက်သည့်အတွက် အစပိုင်းတွင် မြို့ကိုလျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် မြို့တွင်းကိုလုံးဝမီးမပေး နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့မတူပီမြို့သည် ကိုယ်ထူကိုယ်ထဖြင့် မီးစက်၊ ဆိုလာမီးစသည်တို့ဖြင့် အသုံးပြုလျက်ရှိပါကြောင်း၊ ထို့ကြောင့် မတူပီမြို့သည် မဟာဓတ်အားလိုင်းရရှိရေးနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ်တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလာမင်းထန်က မေးမြန်းထားပြီးဖြစ်ပါကြောင်း၊ သို့သော် ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့တွင် မဟာဓာတ်အားလိုင်းရရှိပြီးနောက်ပိုင်း တစ်ဆက်တစ်စပ်တည်း နိုင်ငံတော၏ ငွေလုံးငွေရင်းကိုချပေးမည်ဟု ကတိကဝတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ပေမဲ့ ၂၀၁၇ ခုနှစ် ၁ လပိုင်းတွင် မင်းတပ်မြို့၌ မဟာဓာတ်အားလိုင်း ရရှိပြီးဖြစ်သည့်အတွက် ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်တွင် မီးရရှိရေးအတွက် များစွာမျှော်လင့်ခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် Survey လုပ်ရန် ကျပ်သန်း ၅၀ သာ ကျသည့်အတွက် မိမိတို့၏ မျှော်လင့်ချက်များက များစွာယုတ်လျော့ပျက်စီးသွားခဲ့ပါကြောင်း။
မတူပီမြို့တွင် လျှပ်စစ်မီးမရရှိသည့်အတွက် အဓိကလိုအပ်ချက်ဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းတွင် ကားဝပ်ရှော့ကအစ လည်ပတ်နိုင်ရန် အခက်အခဲများစွာ ဖြစ်စေပါကြောင်း၊ မတူပီမြို့ကို Cabinet က ခရိုင်မြို့အဆင့်တိုးမြှင့်ရန်ု ဆုံးဖြတ်ထားသည်ဟု ကြားသိရပါကြောင်း၊ သို့သော် မီးမရရှိသည့်အခါ ရုံးပိုင်းဆိုင်ရာလည်ပတ်နိုင်ရန်အတွက် သော်လည်းကောင်း၊ အခြားအတွက်သော်လည်းကောင်း များစွာအခက်အခဲ ရှိသည့်အတွက် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအဆင်ပြေချောမွေ့စေရန်အတွက် 66 KV မဟာဓာတ်အား လိုင်းကို အမြန်ဆုံးသွယ်တန်းနိုင်ရန်အတွက် နိုင်ငံတော်မှငွေလုံးငွေရင်းချပေးနိုင်ပါရန် အစီအစဉ်ရှိ/ မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။
မင်းတပ်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်ခဲ့သည့်အတွက် ၃၁-၁-၂၀၁၇ ရက်နေ့တွင် မင်းတပ်မြို့ ကို မဟာဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်ထားပြီးဖြစ်ပါကြောင်း၊ မတူပီ်မြို့ကို မဟာဓာတ်အားလိုင်းနှင့် ဆက်လက်ဓာတ်အားပေးနိုင်ရန်အတွက် လက်ရှိလျှပ်စစ်ဓာတ်အားရောက်ရှိပြီးဖြစ်သော မင်းတပ်မြို့မှတစ်ဆင့် မတူပီသို့ 66 KV ဓာတ်အားလိုင်းတည်ဆောက်ခြင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ခြင်းကို ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကုမ္ပဏီအား Turn Key စနစ်ဖြင့် လုပ်ငန်းအပ်နှံခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၁၂၇၀၀ ခန့်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၅၆ သန်းကျော် ရရှိပေးချေခဲ့ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ကျပ်သန်းပေါင်း ၃၈၁ သန်းပေးချေခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ရန်ပုံငွေ ခွဲဝေခွင့်ပြု ရရှိငွေမှာ ကျပ်သန်းပေါင်း ၅၀ ဖြစ်သည့်အတွက်ဖြစ်ပါကြောင်း။
ထို့ကြောင့် ယခုအခါ Survey တိုင်းတာခြင်းနှင့် ခွဲရုံအတွက် Layout Plan ရေးဆွဲခြင်း၊ Design ရေးဆွဲခြင်းများ ဆောင်ရွက်နေနိုင်သည့်အဆင့်သာ ဆောင်ရွက်နေနိုင်ပါကြောင်း၊ 66 KV မင်းတပ်-မတူပီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းအတွက် ထပ်မံလိုအပ်နေသော ရန်ပုံငွေမြောက်များစွာကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတင်ပြခြင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များတွင်လည်း စဉ်ဆက်မပြတ် တောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေလုံလောက်စွာရရှိသည့်နှစ်များတွင် စီမံကိန်းများကို ပြီးစီးအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် မိမိတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်ကို လျှပ်စစ် ဓာတ်အား ယခုထက်ပိုမို တိုးတက်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
