မေးခွန်း အကြောင်းအရာ
ဗန်းမောက်မြို့နယ်တွင် လူဦးရေ ၁၁၀၀၀၀ ကျော်ရှိပြီး ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၄၇ ခု၊ ကျေးရွာပေါင်း ၂၂၁ ရွာရှိပါကြောင်း၊ ဗန်းမောက်မြို့နယ်သည် ကုန်းတွင်းပိုင်းမြို့နယ်ဖြစ်ပြီး ဗန်းမောက်-အင်းတော်လမ်းမှတစ်ဆင့် နိုင်ငံအနှံ့ကိုသွားလာနိုင်သည့်အပြင် တစ်မြို့နယ်လုံးအားထားရာ အရေးပါသော လမ်းတစ်ခုဖြစ်ပါကြောင်း၊ ဗန်းမောက်-မံစီလမ်းသည် ဗန်းမောက်အနောက်ဘက်ခြမ်းတွင်ရှိပြီး ရွာ ၁၃၀ ကျော် အတွက် ဗန်းမောက်မြို့နယ်သို့ လာရာလမ်း၊ အားထားရာလမ်းလည်းဖြစ်ပါကြောင်း၊ ကသာ-ဗန်းမောက်-မံစီ လမ်းသည် ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနတာဝန်ခံရသော လမ်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတားများ ခေတ်မီတိုးတက်လာစေရေး၊ တံတား ဆောက်လုပ်ရေး ကဏ္ဍစနစ်ကျန၍ ခေတ်မီစွာဖွံ့ဖြိုးတိုးတက်လာစေရေး၊ လမ်း၊ တံတားများကို အာဆီယံအဆင့်(၃) အနိမ့်ဆုံး ဆောင်ရွက်ပြီးမှ ထိုမှတစ်ဆင့် မြှင့်တင်နိုင်ရေးအတွက် ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တံတားများ တည်ဆောက်ရာတွင် စနစ်ကျမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှုများရှိပြီး ခေတ်မီနည်းစနစ်များ အသုံးပြုကာ နိုင်ငံ့ဘဏ္ဍာကို အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်ပါကြောင်း။ ယခင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည့်အတွက် လုပ်ငန်းများစစ်ဆေးသည့်အခါ အခက်အခဲ များဖြစ်ရပါကြောင်း၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ဘတ်ဂျက်စောင့်ကြည့်ရေးလုပ်ငန်းကို မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက် ခဲ့စဉ်က မိုင်တိုင်များ၊ ဖာလုံတိုင်များ ပြည့်စုံစွာစိုက်ထူထားခြင်းမရှိသည့်အတွက် တံတားများအား စိစစ် သည့်အခါတွင် တံတားအမှတ်အသားများမရှိ၊ မည်သည့်တံတားဆောင်ရွက်သည်ကိုမသိရှိနိုင် ဖြစ်ခဲ့ရပါကြောင်း၊ ယခုနှစ်များတွင်လည်း မိုင်တိုင်၊ ဖာလုံတိုင်များ တချို့နေရာများတွင်သာရှိပြီး တံတားအမှတ်အသားများ ပြည့်စုံစွာ ရေးထိုးထားခြင်းမရှိသည့်အတွက် မေးမြန်း၍ စိစစ်ရသည်များလည်း ရှိခဲ့ရပါကြောင်း၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပါက သာမန်ပြည်သူများပင် သိရှိနိုင်သော အခြေအနေဖြစ်ပါကြောင်း။
တံတားများဆောင်ရွက်ပြီးစီးမှုမှတ်တမ်း၊ ဆောင်ရွက်ရန်ကျန်ရှိသောမှတ်တမ်းများကို ပြည့်စုံစွာရှိပါက ဘတ်ဂျက် ရေးဆွဲရေးလုပ်ငန်းများမှာ လွယ်ကူလျင်မြန်တိကျစွာဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တံတားများ တည်ဆောက်ရာတွင် အာဆီယံအဆင့်မီဆောက်လုပ်ရမည်ဖြစ်သလို CGS စနစ် ကီလိုမီတာအဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်သည့်အခါတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော မိုင်တိုင်၊ ဖာလုံတိုင်များ သေချာကျနစွာစိုက်ထူထားပြီး တစ်ဆင့်ချင်းပြောင်းလဲသွားပါမှ အဆင်ပြေချောမွေ့စေမည်ဖြစ်ပါကြောင်း၊ ယခုနှစ် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် Drawing Estimate BP ၊ BQ များကို အရည်အသွေးစစ်ကော်မတီသို့ တင်ပြခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရာတွင် အခက်အခဲများစွာ ဖြစ်ခဲ့ရပါကြောင်း။
လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနှင့် လမ်းပိုင်းများ တိကျ မှန်ကန်စေရေးအတွက် အင်းတော်-ဗန်းမောက်-မံစီလမ်းပေါ်ရှိ မိုင်တိုင်၊ ဖာလုံတိုင်များအား ကွန်ကရစ်တိုင် များအဖြစ် စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိနှင့် တံတားများအား နံပါတ်များရေးထိုး၍ မှတ်တမ်းတင်ထားရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်က သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် အင်းတော်-ဗန်းမောက်-မံစီလမ်း (ကသာ-အင်းတော်-မံစီလမ်း)သည် မိုင် ၃၇/၀ မှ ၇၆/၆ အထိ ၃၉ မိုင် ၆ ဖာလုံရှိပြီး ကီလိုမီတာအားဖြင့် ၅၉.၂ ကီလိုမီတာမှ ၁၂၂.၈ ကီလိုမီတာအထိ ၆၃.၆ ကီလိုမီတာဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းများတွင် လမ်းအကွာအဝေး ဖော်ပြချက်အား ယခင်က မိုင်/ဖာလုံတိုင်များ စိုက်ထူခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကစပြီး FPS စနစ်မှ SI စနစ်သို့ ပြောင်းလဲ သတ်မှတ်နိုင်ရန် ညွှန်ကြားခဲ့သည့်အတွက် ကီလိုမီတာတိုင်များအား အစားထိုးစိုက်ထူနေကြပြီဖြစ်ပါကြောင်း၊ အင်းတော်-ဗန်းမောက်-မံစီလမ်း(ကသာ-အင်းတော်-မံစီလမ်း)တွင် မိုင်/ဖာလုံတိုင်များအစား ကီလိုမီတာတိုင် ၆၅ တိုင်အား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တင်ဒါအောင်မြင်သောကုမ္ပဏီများမှ ၂၁ တိုင်နှင့် ဌာနမှ ၄၄ တိုင်အား ကွန်ကရစ်တိုင်များဖြင့် စနစ်တကျ စိုက်ထူဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။
အင်းတော်-ဗန်းမောက်-မံစီလမ်း (ကသာ-အင်းတော်-မံစီလမ်း) ဗန်းမောက်မြို့နယ် မိုင်တိုင် ၃၇/၀ မှ ၇၆/၆ အထိ ၃၉ မိုင် ၆ ဖာလုံအတွင်းတွင် ကွန်ကရစ်တံတား ၉၆ စင်း၊ ဘေလီတံတားသုံးစင်း၊ သစ်သားတံတား ၃၃ စင်း စုစုပေါင်း ၁၃၂ စင်းရှိပါကြောင်း၊ တံတားများအား နံပါတ်များရေးသား၍ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းများ ပေါ်ရှိ ရေပြွန်မှအစ တံတားကြီးအထိ တံတားအခြေပြဇယားတွင် ဘဏ္ဍာရေးနှစ်အလိုက် စနစ်တကျပြုစုထားရှိ ပါကြောင်းနှင့် တံတားများအားလုံး နံပါတ်များရေးဆွဲထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
