(ဃ)-နမ္မတူမြို့နယ်၊နမ့်တောင်ကုန်းကျေးရွာအုပ်စု၊ နားကျဲကျေးရွာအနီးရှိ နားကျဲဘေလီ တံတားအား ကွန်ကရစ်တံတားအဖြစ် ပြောင်းလဲဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒသမနေ့ (၇.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

daw nan kham ayeနားကျဲဘေလီတံတားသည် အရှည် ၁၁၀ ပေ၊ အကျယ် ၁၂ ပေရှိသော နှစ်လွှာတစ်ထပ် တံတားဖြစ်ပါကြောင်း၊ ယင်းတံတား၏ ကြမ်းခင်းများသည် ယိုယွင်းပျက်စီးနေသည့်အတွက် ၂၀၁၄ ခုနှစ်က  ကား ကျွံသည့် ဖြစ်ရပ်များလည်း ရှိခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံအတွက် ကုန်စည်စီးဆင်းမှု အဓိကဖြစ်နေသော မူဆယ်-လာရှိုး-မန္တလေးလမ်းမတွင် သီပေါနှင့် လာရှိုးလမ်းအပိုင်းတွင် တစ်စုံတစ်ခု ပိတ်ဆို့မှု ဖြစ်ခဲ့မည်ဆိုပါက သီပေါမှ မန်စီ၊ မန်စီမှ နားကျဲတံတား မှတစ်ဆင့် လားရှိုးကို သွားရမည်ဖြစ်ပါကြောင်း၊ ခံနိုင်ဝန် ၁၀ တန်နှင့်အထက် ကားများအတွက် အန္တရာယ် ရှိနေသော ယင်းတံတားသည် ကုန်သွယ်စီးဆင်းမှုအတွက် အရန်လမ်းကြောင်းတွင် ရှိနေသော ဘေလီတံတားဖြစ်နေပါကြောင်း၊

မိမိတို့ မြို့နယ်ဖွံ့ဖြိုးရေးအတွက် မဟုတ်ဘဲ နိုင်ငံ၏ ကုန်စည်စီးဆင်းမှု စဉ်ဆက်မပြတ် စီးဆင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး အရန်လမ်းကြောင်းတွင် ရှိနေသော တံတားသည် ဘေလီတံတား ဖြစ်ရမည့်အစား ခိုင်ခံ့သော ကွန်ကရစ် တံတားသာ ဖြစ်သင့်ပါကြောင်း၊ ထို့ကြောင့် နားကျဲဘေလီတံတား နှစ်လွှာတစ်ချပ် တံတားအား ကွန်ကရစ်တံတားအဖြစ် ပြောင်းလဲတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win khaingနားကျဲဘေလီတံတားသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ လားရှိုး-မန်စံလမ်း မိုင်တိုင် ၂၆/၇-၂၇/၀ ကြားရှိ နမ့်တောင်ကုန်းကျေးရွာအုပ်စု၊ နားကျဲကျေးရွာအနီးတွင် တည်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းအထူးအဖွဲ့(၆)မှ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ နားကျဲတံတား (တံတားအမှတ်-၃/၂၇) သည် ၃၀  ပေ x ၂ ခန်း၊ ၅၀ ပေ x ၁ ခန်း စုစုပေါင်း ပေ ၁၁၀ ရှည်ရှိပြီး ယာဉ်သွားလမ်းအကျယ် ၁၂ ပေ နှစ်လွှာတစ်ထပ် ဘေလီတံတားဖြစ်ပါကြောင်း၊ တံတား ခံနိုင်ဝန်မှာ ယာဉ်+ကုန် ၁၃ တန်ရှိပါကြောင်း၊ ယခုလက်ရှိနေ့စဉ် ဖြတ်သန်းသည့် ပျမ်းမျှယာဉ်ပမာဏမှာ ယာဉ်စီးရေ ၄၆၃ စီးဖြတ်သန်း သွားလာလျက်ရှိပါကြောင်း၊ နားကျဲတံတားကို ၁၁၀ ပေရှည် ယာဉ်သွား  လမ်းအကျယ် ၂၄ ပေ၊ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ် ၄၈၅.၀ သန်း လျာထားတင်ပြ တောင်းခံခဲ့သော်လည်း မရရှိခဲ့ပါသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ကာ လုပ်ငန်းများဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။