မေးခွန်း အကြောင်းအရာ
ကျောက်ကူ-တမင်းပေါင်း-ကျောက်မီးခတ်-ခဲကြား-တောင်ခမ်း-ဖရင်းကုန်း ကျေးရွာချင်းဆက် လမ်းနှင့် ဆက်စပ်နေသော ကျေးရွာ ၆ ရွာတွင် အိမ်ခြေ ၆၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်မှီတင်းနေ ထိုင်လျက်ရှိပြီး တောင်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ အဓိက ဒေသ ထွက်ကုန်များ ဖြစ်သည့် စပါး၊ ပဲပုတ်၊ မြေပဲ၊ ပြောင်းစသည့် သီးနှံထွက်ကုန်များကို ကျောက်ကူဈေးသို့ တင်ပို့ရောင်းချရန်အတွက် အဓိကကုန်ထုတ်လမ်းနှင့် အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူထုအကျိုးပြု လုပ်ငန်းများ အသုံးချခြင်းများအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်ကျေးရွာများမှ ပြည်သူများက ၎င်းမြေသားလမ်း ၆ မိုင်ကို ကျောက်များထည့်၍ မြေသားအမာခံလမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပြီး သွားလာနေရပါကြောင်း၊ ကျေးရွာပြည်သူများမှ ကိုယ့်အားကိုယ်ကိုး ပြုပြင်ဆောင်ရွက်သွားလာ နေရသော်လည်း မိုးတွင်းကာလများတွင် လမ်းများပျက်၍ သွားလာမှုခက်ခဲသောကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ရာသီမရွေး သွားလာနိုင်သည့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ကူ-တမင်းပေါင်း-ကျောက်မီးခတ်-ခဲကြား-တောင်ခမ်း-ဖရင်းကုန်း ကျေးရွာချင်းဆက်လမ်း ၆ မိုင်ကျော်ကို မြေသားအမာခံလမ်းမှ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင်တင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျောက်ကူ-ဖရင်းကုန်းလမ်းပိုင်းကို ဒေသအစီအစဉ်ဖြင့် မြေသားလမ်းဖောက်လုပ်ထားသည်ကို တွေ့ရှိရပြီး လမ်းကြောင်းအရှည် (၇/ဝ) မိုင် ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော် ရန်ပုံငွေကျပ် ၂.၅ သန်းဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ၁၅ ပေ ကွန်ကရစ်တံတား တစ်စင်းကိုလည်း တည်ဆောက်ပေးခဲ့ပါကြောင်း၊ အဆိုပါ ရပ်စောက်မြို့နယ်၊ ကျောက်ကူ- တမင်းပေါင်း- ကျောက်မီးခတ်- ခဲကြား- တောင်ခမ်း-ဖရင်းကုန်းလမ်းပိုင်း ၇ မိုင်ကို ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လမ်းပိုင်းအလိုက် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
