(က)-မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု (ကုံးလု၊ပန်းကျိုင်း၊မိုက်ရှားစေး-ပုံစုတ်)ရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်းကို ဆက်လက် ဆောင်ရွက် ပေးပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒသမနေ့ (၇.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

sai ngaung saing heinမောက်မယ်မြို့နယ် ကဒူးကြီးဒေသသို့ ဆက်သွယ်သွားလာရေး လွယ်ကူစေရန် ယခင်အစိုးရလက်ထက်၌ ဝမ်စလောင်း-ကဒူးကြီး ဖောက်လုပ်ခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေသားလမ်းများ ဖောက်လုပ်ခြင်း၊ ကျောက်ချောလမ်းများ ခင်းပေးခြင်းတို့ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ရာ ယခုဘဏ္ဍာရေးနှစ် အထိတိုင် ဆောင်ရွက်ပေးနေဆဲ ဖြစ်ပါကြောင်း၊ ဝမ်စလောင်း-ကဒူးကြီးလမ်းမှတစ်ဆင့် အနောက်ဘက် တောင်ပေါ်ဒေသ နန်းဟီး၊ ဝမ်းမ၊ နောင်ထောင်ဒေသများသို့ ဆက်သွယ် သွားလာနိုင်ပြီဖြစ်ပါကြောင်း၊ ယခင်က လူသွားလမ်း ဝန်တင်မြင်းလမ်းသာ ရှိခဲ့သော်လည်း ယခုအခါ မြင်းများအစား မော်တော်ဆိုင်ကယ်များ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပြီ ဖြစ်ပါကြောင်း၊ ကုံးလုမ်းရွာ တောင်ဘက်ခြမ်းဖြစ်သော ပန်းကျိုင်း-မိုက်ရှားစေး-ပုံစုတ်ရွာ အထိ မြေသားလမ်းမှာ ယခင်က ရ.လ.လ.ဖ ငြိမ်းချမ်းရေးအဖွဲ့ သစ်ထုတ်လုပ်ခဲ့စဉ်က အသုံးပြုခဲ့သော လမ်းအူကြောင်းလမ်းကြမ်းမျှသာဖြစ်ပြီး မိုးရာသီ၌ သွားလာရန် မလွယ်ကူပါကြောင်း၊ ဤမြေသားလမ်းများကို ပြန်လည်ဖောက်လုပ်ပေးပါက ကယားပြည်နယ် နမ့်အော်ရွာအထိ နယ်စပ်လမ်းများ ချိတ်ဆက်သွားမည်ဖြစ်ပြီး နယ်စပ် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု ကုံးလုမ်း-ပန်းကျိုင်း-မိုက်ရှားစေး-ပုံစုတ် မြေသားလမ်းပိုင်း အကောင်အထည်ဖော် ဆောင်ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

general than htutကုံးလုမ်းမှ ပုံစုတ်ရွာအထိ ရွာချင်းဆက်လမ်း ၄ မိုင်သည် ဝမ်စလောင်း-ကဒူးကြီး ၂၀ မိုင်လမ်းကြောင်း ပေါ်မှ ခွဲထွက်လာသည့် ကျေးရွာချင်းဆက်လမ်း ဖြစ်ပါကြောင်း၊ ယခင် ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့မှ သစ်ထုတ်လုပ်စဉ် အသုံးပြုခဲ့သော တစ်ကြောင်းထိုး မြေသားလမ်း အဆင့်သာရှိ ကြောင်း၊ အဆိုပါလမ်းကို မြေသားလမ်း ဖောက်လုပ်ပေးခြင်းဖြင့် ကုံးလုမ်း၊ ပန်းကျိုင်း၊ မိုက်ရှားစေနှင့် ပုံစုတ်ကျေးရွာများအတွင်းရှိ အိမ်ထောင်စု ၁၄၀ စု၊ လူဦးရေ ၄၀၁ ဦးတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊

အဆိုပါလမ်းနှင့်ပတ်သက်၍ ဒေသက ယခင်တင်ပြခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၏ (၅)နှစ်စီမံကိန်း ရန်ပုံငွေလျားထားချက်တွင်လည်း ပါဝင်ခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကုံးလုမ်း-ပန်းကျိုင်း-မိုက်ရှားစေး-ပုံစုတ် မြေသားလမ်း ၄ မိုင်အား ဖောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တို့မှ စိစစ်ထောက်ခံ တင်ပြလာမည်ဆိုပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်း၌ ထည့်သွင်းရေးဆွဲ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေ အဆိုပြု လျာထားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။