မေးခွန်း အကြောင်းအရာ
ပြည်ထောင်စုကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် ဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံး ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေးသည် အဓိကဦးတည်ချက် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ရောဂါရှာဖွေရေး၊ ကုသတိုက်ဖျက်ရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများနှင့်သာ ဆောင်ရွက်၍ မပြည့်စုံနိုင်ဘဲ ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေးတို့အတွက် အားကစား ကဏ္ဍသည်လည်း မရှိမဖြစ်အဓိက လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားသိပ္ပံကျောင်းများလည်း ဖွင့်လှစ်ဆောင်ရွက် လျက်ရှိနေခြင်းကို တွေ့ရှိရပါကြောင်း၊ မြို့နယ်အလိုက် အားကစားဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် တိုးမြှင့်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများသည် မျိုးဆက်သစ်များနှင့် အနာဂတ် နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားစွာ ဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါး၏ သားကောင်များ အန္တရာယ်မှ ဟန့်တားကာကွယ်ရန်အတွက် အားကစားကဏ္ဍသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ သို့သော်လည်း ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း၊ မိုင်းကိုင်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၊ မျိုးဆက်သစ် လူငယ်များ ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေးအတွက် အားကစားနှင့် ကာယပညာ ဦးစီးဌာနတစ်ခု ဖွင့်လှစ်ပေးရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားကဏ္ဍနှင့် ပတ်သက်ပြီး ဦးစီးဌာနမရှိသည့် မိုင်းကိုင်မြို့နယ်အား အားကစားနှင့် ကာယပညာဦးစီးဌာန ဖွင့်လှစ်ပေးနိုင်ရေး မည်သို့ဆောင်ရွက်ပေးနိုင်မည်နှင့် မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော် ဖွင့်လှစ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်သူများကျန်းမာကြံ့ခိုင် နိုင်စေရေန် ရောဂါရှာဖွေရေး၊ ကုသတိုက်ဖျက်ရေးနှင့် ဆိုင်ရာဆေးရုံ၊ ဆေးပေးခန်းများ ဆောင်ရွက်နေသည်မှာ လုံးဝမပြည့်စုံမှုမရှိပါကြောင်း၊ ကျန်းမာကြံ့ခိုင် သန်စွမ်းရေး၊ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ မြင့်မားရေးအတွက် အားကစားကဏ္ဍသည် မရှိမဖြစ်လိုအပ်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြို့နယ်တိုင်း၊ မြို့နယ် တိုင်းတွင် အားကစားမှူးများ ခန့်ထားနိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်သူများ အားကစားလုပ်ချင်စိတ်ရှိအောင် အမျိုးမျိုးသော နည်းလမ်းများနှင့် လုပ်ဆောင် လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံတွင် ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအရ အရာထမ်းတစ်နေရာ၊ အမှူထမ်းငါးနေရာ၊ စုစုပေါင်းခြောက်နေရာ၊ သို့သော်ယခုအချိန်တွင် ဝန်ထမ်းများ ခန့်အပ်နိုင်ခြင်း မရှိပါကြောင်း၊ အရာထမ်းတစ်နေရာအတွက်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ရွေးချယ်ထားပြီး အားကစားမှူးရှစ်ဦးသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် မေလ ၂၉ ရက်နေ့က တက်ရောက်နေပါကြောင်း၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် သင်တန်းပြီးမည်ဖြစ်ပါကြောင်း၊ အရာထမ်းလောင်း အခြေခံသင်တန်း ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) (Postgraduate Diploma In Civil Service Management Course Batch No.2) သို့ တက်ရောက်နေပါကြောင်း၊ သင်တန်းပြီးလျှင် အမျိုးသား အားကစားမှူးသုံးဦးနှင့် အမျိုးသမီးငါးဦးပါရှိမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ထဲက အမျိုးသားသုံးဦးမှ သင့်လျော်သော အမျိုးသားတစ်ဦးကို ဦးစားပေးပြီး ခန့်သွားမည်ဖြစ်ပါကြောင်း၊ အမှူထမ်း ရာထူးများအတွက် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်သည် ဝေးလံဒေသဖြစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဒေသခံများလျှောက်ထားပါက ခန့်အပ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
