(ဃ)-မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာအုပ်စု နှင့် ငါးမြင်းချောင်း ကျေးရွာအုပ်စုတို့ရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတို့အား ကျေးလက်ကျန်းမာရေး ဌာန အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ (၅.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr soe moe thuကွမ်းခြံကြီး ကျေးလက်ကျန်းမာရေးဌာနခွဲသည် ရန်ကုန်-လပွတ္တာ-ဧရာဝတီရေယာဉ်ပြေးဆွဲသည့် မြစ်ကမ်းနား ဘေးတွင်တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၃၀ ခန့်ကျယ်ဝန်းပါကြောင်း၊ ကျေးရွာခွဲပေါင်း ၄၀ ကျော်ရှိပြီး လူဦးရေ ၂၅၀၀၀ နီးပါးခန့်နေထိုင်ပါကြောင်း၊ အနီးစပ်ဆုံးဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန အကွာအဝေးများမှာ မြောင်းမြဆေးရုံနှင့် အပြင်ရွာတိုက်နယ်ဆေးရုံများကို ရေလမ်းခရီးဖြင့်သာ သွားရောက်နိုင်ပါကြောင်း၊ မြောင်းမြကို ၁၄ မိုင်၊ သုံးနာရီခန့်ကြာမြင့်ပြီး အပြင်ရွာတိုက်နယ်ဆေးရုံကို အရှည်မိုင် သုံးမိုင်ကွာဝေးသည့် အတွက် တစ်နာရီခန့်ကြာမြင့်ပါကြောင်း၊ အကယ်၍သာ ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ခွင့်ရမည် ဆိုပါက ဒေသလွှမ်းခြုံမှုအတွက် ကုလမုရေကျော်ဌာနခွဲ၊ နတ်စင်ကျောင်းဌာနခွဲ၊ ပကိတ်ကြီးဌာနခွဲ၊ လူတော်ကြီးဌာနခွဲ အစရှိသည့်ဌာနခွဲများ တိုးချဲ့ဖွဲ့စည်းသင့်ကြောင်း အကြံပြုပါကြောင်း၊ ဒေသ၏ လူမှုစီးပွားရေးအခြေအနေမှာ ဒေသခံအများစုသည် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်ပါကြောင်း၊ စာသင်ကျောင်းများစွာရှိပြီး ဌာနမှ ကျန်းမာရေးဌာနအဖြစ် ဖွင့်လှစ်မည်ဆိုပါက အသုံးပြုရန် လှူဒါန်းထားသောလယ်မြေလည်းရှိပါကြောင်း၊ထိုနည်းတူ ကွမ်းခြံကြီး RHC အဖြစ် တိုးမြှင့်မည်ဆိုပါက ဧရိယာစတုရန်းမိုင် ၃၀ အတွင်းရှိ လူဦးရေ ၂၅၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့်အပြင် ဒေသခံများ လှေ၊ သမ္ဗာန်၊ စက်တပ်ယာဉ်များကို အားထား သွားလာရသည့်အတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေကိုသာ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းမှာပင် ဆရာမတစ်ဦးချင်းစီ၏ မနိုင်ဝန်ထမ်းမှု၊ တာဝန်ယူထားမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ငါးမြင်းချောင်း ကျေးလက်ကျန်းမာရေးဌာနသည် ပန်းမဝတီ မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး လူဦးရေ ၂၀၀၀၀ ဝန်းကျင်ခန့်နေထိုင်ပါကြောင်း၊ ကုန်းလမ်း၊ ရေလမ်းခရီးတွင် သွားလာရခက်ခဲသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနအဖြစ် မြှင့်တင်ပါက တိုးချဲ့ဖွဲ့စည်းသင့်သည့် ဌာနခွဲများဖြစ်ပါကြောင်း၊ ငါးမြင်းချောင်း RHC ကိုသာ အဆင့်တိုးမြှင့်မည်ဆိုပါက ဧရိယာစတုရန်းမိုင် ၅၆ ပတ်လည်ရှိ လူဦးရေ ၂၀၀၀၀ ကျော်အပြင် ရေလုပ်သားများ၊ ရေလမ်းခရီးသွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများတွင် သွားလာရခက်ခဲသည့် ကျေးရွာများမှ ဒေသခံများ၏ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လူနာများကလှေကို အသုံးပြုရသည့်အတွက်ကြောင့် ခရီးလမ်းကြန့်ကြာမှုများရှိနေပါကြောင်း၊ အထူးသဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲများသည် ကျန်းမာရေးပညာပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းအစရှိသည့် ပြည်သူ့ကျန်းမာရေး ကာကွယ်မှုများကို အဓိကဆောင်ရွက်နေသည့် ဌာနများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် မြောင်းမြမြို့နယ်ရှိ ကွမ်းခြံကြီးကျေးလက် ကျန်းမာရေးဌာနနှင့် ငါးမြင်းချောင်းကျေးလက် ကျန်းမာရေးဌာနခွဲတို့ကို ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိခဲ့ပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myitn htweဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်ပြီး အဆင့်အတန်းတော်တော် မြင့်မြင့်လေးပြေးနေပါကြောင်း၊ မြောင်းမြမြို့နယ် တိုက်နယ်ကျန်းမာရေးဌာန သုံးခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၆၄ ခု၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန တစ်ခု၊ ကျောင်းကျန်းမာရေးဌာန တစ်ခု၊ ဒေသန္တရကျန်းမာရေးဌာန တစ်ခုနှင့် ပြည်သူ့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်မပါ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းနှင့် မြို့နယ်သူနာပြု (Township Health Nurse) တစ်ဦး၊ ကျန်းမာရေးမှူးတစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၁၀ ဦး၊ Public Health Supervisor အဆင့်(၁) နှစ်ဦး၊ Lady Health Visitor အမျိုးသမီး ကျန်းမာရေးဆရာမ ငါးဦး၊ သားဖွားဆရာမ ၇၁ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ၁၂ ဦးတို့ဖြင့် မြောင်းမြမြို့နယ်ရှိ လူဦးရေပေါင်း ၂၇၀၀၀၀ ကျော်တို့အား ပြည်သူ့ကျန်းမာရေးများ စောင့်ရှောက်လျက် ရှိပါကြောင်း၊ ကွမ်းခြံကြီးကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ငါးမြင်းချောင်းကျေးလက်ကျန်းမာရေး ဌာနခွဲတို့ကို လေ့လာကြည့်သည့်အခါ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဌာန Self Centre ကနေ Rural Health Centre ကို တိုးမည်ဆိုပါက ငါးချက်ရှိပါကြောင်း၊ (၁) ဖွင့်လှစ်မည့်နေရာတွင် လုံခြုံမှုရှိခြင်း၊ ကျေးရွာအုပ်စု ၁၀ စုကနေ ၁၅ စုအထိ တာဝန်ယူနိုင်ခြင်း၊ သာမန်အားဖြင့် လူဦးရေ ၁၀၀၀၀ ကနေ ၁၅၀၀၀ ထိရှိခြင်း၊ အနီးအနားရှိ ကျေးရွာမှ Self Centre ဌာနခွဲကိုလာသည့် လမ်းသည် လမ်းပန်းဆက်သွယ်မှု ကောင်းရမည်၊ ၎င်းဌာနခွဲကလည်း နီးစပ်ရာ Station Hospital၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံကို သွားသည့်လမ်းပန်းဆက်သွယ်ရေး ကောင်းရမည်၊ မူလက ကျေးလက်ကျန်းမာရေးဌာနခွဲ Sub Centre ရှိပြီးဖြစ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသည့် ကွမ်းခြံကြီး ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ငါးမြင်းချောင်းကျန်းမာရေးဌာနခွဲ နှစ်ခုစလုံး ကိုက်ညီသည်ကို တွေ့ရှိရသည့်အတွက် ၎င်းကို ထောက်ခံပါကြောင်း၊ ကွမ်းခြံကြီးကျေးလက်ကျန်းမာရေးဌာနခွဲ ကိစ္စအတွက်ကို ၁-၃-၂၀၁၇ နေ့စွဲပါစာအမှတ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရကို မေးထားပါကြောင်း၊ တိုင်းဦးစီးကို ပြုပြင်ခွင့်ပေးထားပါကြောင်း၊ စာပြန်လာလျှင်လည်း သူတို့ထောက်ခံမည်ဆိုပါက မိမိတို့မှ ဆက်လက်ပြီး လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ငါးမြင်းချောင်း ကျန်းမာရေးဌာနခွဲအတွက်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူးမှလည်း ၂၆-၁-၂၀၁၇ နှစ်နှင့် ထောက်ခံတင်ပြထားခြင်း၊ ၎င်းနှစ်ခုစလုံးကို Rural Health Centre ကျေးလက်ကျန်းမာရေး ဌာနအဖြစ် ပြုလုပ်ပေးရန်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ စာပြန်လာခဲ့လျှင်လည်း Process ဆက်လုပ်မည်ဖြစ်ပြီး၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဝင်ငွေတောင်းပြီး ဆက်လက်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။