မေးခွန်း အကြောင်းအရာ
ပျားစည်ကျေးရွာအုပ်စုသည် ကျေးရွာငါးရွာနှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၄၈၀၀ ကျော်ရှိပါကြောင်း။ ရမည်းသင်းမြို့ နှင့် ၂၁ မိုင်ကွာဝေးပါကြောင်း။ ပျားစည်တိုက်နယ် ဆေးရုံအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် ဆောက်လုပ် ပေးပါက အနီးပတ်ဝန်းကျင်ရှိ ဆပ်ထိုးကြီးအုပ်စု၊ လွှစင်အုပ်စု၊ အင်တိုင်းအုပ်စုမှ ကျေးရွာပေါင်း စုစုပေါင်း ၂၄ ရွာမှ လူနာများလည်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်မှာဖြစ်ပါကြောင်း။ ပျားစည်ကျေးရွာ သည် အထက်တန်း စာသင်ကျောင်း တစ်ကျောင်းရှိပြီး စီးပွားရေး အခြေခံ ကောင်းမွန်သည့် ကျေးရွာဖြစ်သော်လည်းပဲ မိုးတွင်းကာလများတွင် သွားလာရ ခက်ခဲသည့်အတွက် အရေးပေါ်လူနာများ မလိုလားအပ်ဘဲ ပျက်စီးဆုံးရှုံးရသည့် အခြေအနေ များလည်း ရှိပါကြောင်း။ ထို့ကြောင့် ဒေသခံပြည်သူများက တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အတွက် လိုလားတောင့်တ လျက်ရှိပါကြောင်း။
တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန်အတွက် မြေနေရာ ၃.၄၂ ဧကလည်း လျာထားသတ်မှတ်ပြီး ဖြစ်ပါကြောင်း။ ကျန်းမာရေးဦးစီးဌာန (နေပြည်တော်) ၏ ၂၈-၁-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ကမဘ/ဃ-၁၃၇၃/၄၉ အရနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ၂၅-၂-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၁၄၃/တိုးမြင့် မဏ္ဍိုင် ၂၀၁၅ အရ (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုပြီးလည်းဖြစ်ပါကြောင်း။ ယခုအခါ ကျေးလက် ဆေးပေးခန်း အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာသာ ရှိသည့်အတွက် (၁၆)ခုတင်ဆံ့ တိုက်နယ် ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။ ကျေးလက်နေ ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက် ရှိသည့် ပျားစည်တိုက်နယ် ဆေးရုံအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အကယ်၍ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိပါကလည်း မည်သည့်အချိန်တွင်၊ မည်သည့် ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပျားစည်ကျေးလက်ကျန်းမာရေးဌာနကို မိမိတို့ ဆန်းစစ်ကြည့်သည့် အခါမှာ ကျန်းမာရေးမှူး တစ်ဦးရှိပါကြောင်း။ သားဖွားဆရာမ (၆) ဦးရှိရမည့်နေရာတွင် သုံးဦးသာရှိပါကြောင်း။ ယင်းကျေးလက်ကျန်းမာရေးဌာန၏ လူနာနှုန်းများ မိမိတို့ကြည့်ပါကြောင်း။ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ကိုကြည့်သည့်အခါ တော်တော် တက်လာပါတယ်။ ၂၀၁၆ တွင် ကျေးလက်ကျန်းမာရေးဌာနကို အထွေထွေဆေးခန်း လာပြသော လူနာပေါင်း ၄၉၇၇ ဦးရှိပြီး၊ အထက်အဆင့်ကို လွှဲပြောင်းသည့် လူနာ ၂၅၁ ဦးရှိပါကြောင်း။ (၁၆) ခုတင်ဆံ့ ဆေးရုံ တည်ဆောက်ပေးမည်ဆိုပါက ၎င်း၂၅၁ ဦးသော လူနာများသည် ဆက်လက်သွားစရာမလိုဘဲ ပျားစည်းမှာတင် ကုသမှု ရရှိမည်ဖြစ်ပါကြောင်း။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြန်လည်လေ့လာ သုံးသပ်သည့်အခါ ၂၈-၁-၂၀၁၅ ရက်စွဲပါနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ၁-၁-၂၀၁၅ အစည်းအဝေးအမှတ် (၁/၂၀၁၅) အရ ပျားစည်တိုက်နယ်ဆေးရုံ ဖွဲ့စည်းခွင့်အမိန့် ကျပြီးဖြစ်ပါကြောင်း။ သို့သော်လည်း ယင်းဖွဲ့စည်းခွင့်အမိန့်ကျ သော်လည်း အဆောက်အဦနှင့် လူ မရရှိသေး၊ မခန့်ထားနိုင်သေးပါကြောင်း။ ဆိုလိုသည်မှာ မိမိတို့က ဘဏ္ဍာငွေကို မတောင်းရသေးပါကြောင်း။ ဘဏ္ဍာငွေ တောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဆေးရုံများ အသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ စံကိုက် (၁၆) ခုတင်တိုက်နယ်ဆေးရုံနှင့် အခြားဆေးရုံ ဝန်ထမ်းအင်အားများ ဆောက်လုပ်ခြင်းကို ရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်ပြီး မိမိတို့ ဦးစားပေးလုပ်ပါကြောင်း။ တစ်နှစ်လျှင် တိုက်နယ်ဆေးရုံ ၄၀ခန့်သာ တိုးမြှင့်ရပါကြောင်း၊ ထို့ကြောင့် ယင်း တိုက်နယ်ဆေးရုံ ၄၀ တိုးမြှင့်ရာတွင် ပျားစည်က ဦးစားပေးအဆင့်တွင် မပါရှိသွားသည့်အတွက်သာ ၂၀၁၇-၁၈ ဘတ်ဂျက်တွင် မပါရှိခြင်း ဖြစ်ပါကြောင်း။ သို့သော် လူနာအခြေအနေအရ ယခင်က လွှဲပြောင်းလူနာ ၂၅၁ ဦးဖြစ်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် အဆိုပြု တင်ပြတောင်းခံသွားပြီး ရန်ပုံငွေရရှိသည်နှင့် တစ်ပြိုင်တည်း မိမိတို့ ယင်းတိုက်နယ်ဆေးရုံ တည်ဆောက်သည့်ကိစ္စ၊ ဝန်ထမ်းများချထားသည့်ကိစ္စကို အမြန်ဆုံးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
