မေးခွန်း အကြောင်းအရာ
ကချင်ပြည်နယ်သူ/ပြည်နယ်သားများအတွက် ကျန်းမာရေးကုသပေးရန် ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးကို ဖွင့်လှစ်ထားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်က ခုတင် ၅၀၀ ဆံံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါ ဆေးရုံသည် ကချင်ပြည်နယ်ရှိ မြို့နယ်အသီးသီးက တိုင်းရင်းသားပြည်သူများ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ဘက်ပေါင်းစုံရောဂါများ စစ်ဆေးပြီး ကုသရန်အတွက် ပြည်သူများက ယုံကြည်အားထားစွာဖြင့် ဆေးရုံကို ရောက်ရှိလာကြပါကြောင်း၊ သို့သော် ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ၏ ကျန်းမာရေးကို စစ်ဆေးကုသပေးရန် ခုတင် ၅၀၀ ဆံ့ဆေးရုံတွင် ဖွဲ့စည်းထားရှိသင့်သော ဆရာဝန်များဖြစ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် အထူးကု ဆရာဝန်ကြီးများ စုံလင်မှု မရှိသည့်အတွက် မန္တလေးမြို့၊ ရန်ကုန်မြို့သို့ သွားရောက်ကုသရန်လည်း လမ်းခရီးဝေးကွာ ခက်ခဲပြီး သွားလာနေထိုင်စရိတ်များ မတတ်နိုင်၍ အသက်ဆုံးရှုံးနေမှုများ ခံစားနေရပါကြောင်း၊
သို့ဖြစ်ပါ၍ ကချင်ပြည်နယ် ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင်ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် အထူးကုဆရာဝန်ကြီးများကို အမြန်ဆုံး ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ခန့်ထားပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် မခန့်ထားပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ခုတင် ၅၀၀ ဆံ့ဆေးရုံ ၉ ရုံ၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့် ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး ၅ ရုံရှိပါကြောင်း၊ ထို့အပြင် ဗဟိုအဆင့်ဆေးရုံကြီး ၁၀ ရုံ ရှိပါကြောင်း၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံ ၁၁၂၃ ခုရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ခုတင် ၅၀၀၊ ၂၀၀ အပြင် ဗဟိုအဆင့်ဆေးရုံကြီး ၁၀ ရုံကို ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် ဆရာဝန်များ တာဝန်ချထားပေးရပါကြောင်း၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံ၌ ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် အပြည့်အစုံ တာဝန်ချထား ပေးမည်ဆိုပါက ယခုအခြေအနေတွင် မရနိုင်သေးသည်မှာ အကြောင်းအရင်းများ ရှိပါကြောင်း၊
မြစ်ကြီးနားဆေးရုံကြီးသည် ၂၀၁၅ ခုနှစ်က ခုတင် ၂၀၀ ဆံ့ မှ ခုတင် ၅၀၀ ဆံ့ ဖြစ်သွားပါကြောင်း၊ ခုတင် ၂၀၀ ဆံ့တွင် ဝန်ထမ်း ၅၉၄ ဦးရှိပြီး ခုတင် ၅၀၀ ဖြစ်သည့်အချိန်တွင် ဝန်ထမ်းက ၈၈၂ ဦးဖြစ်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် အထူးကု ဘာသာရပ်က ၂၈ မျိုး ပေးရပါကြောင်း၊ တစ်နှစ်အတွင်း၌ ယခုခန့်ပေး၍ မရပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုတွင် ခုတင် ၅၀၀ ဆံ့ ရှိပါက နောက် ပြည်နယ်/တိုင်းဒေသကြီး တစ်ခုကလည်း ခုတင် ၅၀၀ ဆံ့ တောင်းပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပေး၍ မရသည့်အတွက် ပေးလိုက်ပါက ပစ္စည်းကိရိယာ ဆေးပစ္စည်းများ ပေး၍ ရသော်လည်း လူဖြည့်ရန် ခက်ခဲပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အထူးကုဆရာဝန် ၆၄၂ ဦး၊ ၂၀၁၈ ခုနှစ်တွင် အထူးကုဆရာဝန် ၈၂၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် အထူးကုဆရာဝန် ၇၆၇ ဦး ထွက်ရှိမည်ဖြစ်ပါကြောင်း၊ ထိုသို့ ထွက်ရှိလာပါက အချိန်အခါ အခြေအနေအရ ဆေးရုံကြီးအားလုံးတွင် ကြည့်ပြီး မြစ်ကြီးနားဆေးရုံကို တာဝန်ချထားပေးမည် ဖြစ်ပါကြောင်း၊
မိမိတို့ မြစ်ကြီးနားဆေးရုံကို ကြည့်ရာတွင် အထူးကု ၃ ဦးရှိပါကြောင်း၊ ခွဲစိတ်အထူးကု ၃ ဦး၊ ကလေးအထူးကု ၃ ဦး၊ သားဖွားမီးယပ်အထူးကု ၄ ဦး၊ အရိုးအထူးကု ၂ ဦး၊ ဓာတ်မှန်အထူးကု ၃ ဦး၊ မေ့ဆေးအထူးကု ၂ ဦး၊ ရောဂါဗေဒ ၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ၂ ဦး၊ မျက်စိအထူးကု ၁ ဦး၊ သွားအထူးကု ၁ ဦး၊ အဏုဇီဝ (Microbiologic) ၁ ဦး၊ ပြန်လည်သန်စွမ်းရေး(Re-health) အထူးကုဆရာဝန် ၁ ဦး၊ ဦးနှောက်အာရုံကြောအထူးကုဆရာဝန် ၁ ဦး၊ ကင်ဆာအထူးကု ၁ ဦး၊ စိတ်ရောဂါအထူးကု ၁ ဦး၊ မှုခင်းဆရာဝန်ကြီး ၁ ဦးတို့ တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကျန်သည့်အထူးကုများ မရှိသေးပါကြောင်း၊ မိမိအနေဖြင့် အထူးတင်ပြလိုသည်မှာ အထူးကု ဘာသာရပ်အတွက် ပါရဂူသင်တန်း၊ ဘွဲ့လွန်သင်တန်းအတွက် နိုင်ငံနှင့် ကြည့်မည်ဆိုပါက အနည်းငယ် နည်းနေပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က Human Resource of Health Plan ရှိခဲ့ရာ အလွန်ကောင်းသော်လည်း Plan အတိုင်း မကျင့်သုံးသည့်အတွက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Human Resource of Health Plan ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွက် စတင်ဆွဲနေပြီဖြစ်ပြီး သြဂုတ်လခန့်တွင် ပြီးမည်ဖြစ်ပါကြောင်း၊
ခန္ဓာကိုယ် အစိတ်အပိုင်း အထူးကု တစ်ယောက်ပို့မည်ဆိုပါက အကုန်လုံး မေ့ဆေး၊ ဓာတ်မှန်၊ ခွဲစိတ်၊ သူနာပြု၊ စိက်ကိရိယာ ကျွမ်းကျင်ပါ အားလုံးပေးရသည့်အတွက် ချက်ချင်းပေး၍ မရပါကြောင်း၊ ယင်းအချက်များ အားလုံးကိုလည်း မိမိတို့ လုပ်မည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် ခန့်ထားပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
