(က)-ကျန်းမာရေးမှူးများ အပါအဝင် ပြည်သူ့ကျန်း မာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အ ကာအကွယ် ရရှိနိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှု ပိုမိုပီပြင်စေရေးအတွက် လိုအပ်သည့် ဥပဒေများ ကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ (၅.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u ba sheinအုပ်ချုပ်ရေးစနစ်သစ်ပြောင်းလဲလာသော ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးတွင် ဘတ်ဂျက်များ ပိုမိုသုံးစွဲလာခဲ့ပါကြောင်း၊ လက်ရှိ ပြည်သူ့အစိုးရ လက်ထက်တွင်လည်း ကျန်းမာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီး ကျန်းမာရေး စောင့်ရှောက်မှုကို အိမ်တိုင်ရာရောက် စောင့်ရှောက်ပေးနေရသူများမှာ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ကျန်းမာရေး ကြီးကြပ်များ ဖြစ်ကြပါကြောင်း၊ ထိုသို့ ကျေးလက်ဒေသများတွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပြီး ကျေးလက်ပြည်သူများကို ဆေးခန်း ကုသမှု လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးနေကြပါကြောင်း၊

မြန်မာနိုင်ငံတွင် ၁၉၆၉ ခုနှစ်ကစပြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ် (University Of Community Health) ကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယင်းတက္ကသိုလ်မှ ဘွဲ့ရသူများကို ကျေးလက်ကျန်းမာရေးဌာန အသီးသီးတွင် ကျန်းမာရေးမှူးများအဖြစ် ခန့်အပ်တာဝန်ပေးပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် သားဖွားဆရာမများက ကြီးကြပ်ဆောင်ရွက်ကြပါကြောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသော ဥပဒေပေါင်း ၂၃ ခုခန့်ရှိသည်ဟု သိရပါကြောင်း၊ ယင်းဥပဒေများမှာ ကျေးလက်ဒေသ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ကိုင်နေကြသော ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် တိကျသော ဥပဒေနှင့် အကာအကွယ် ပေးထားခြင်းဖြစ်သည့် Standard Treatment Guideline ဆိုသည်မှာ မရှိဘဲ တာဝန်ထမ်း ဆောင်နေကြရသည်ဆိုသော ပြောဆိုသံများ ကြားရပါကြောင်း၊ ၎င်းတို့သည် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေရသဖြင့် လုပ်ငန်းခွင် လုံခြုံရေးအတွက် ကာကွယ်ပေးသော ဥပဒေမရှိသည့်အတွက် တိကျသော ဥပဒေ အကာအကွယ် ရလိုကြပါကြောင်း၊ လက်ရှိအချိန်တွင် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင်‌့ရှောက်မှုကို လုပ်ကိုင်ပေးနေကြသော ကျန်းမာရေးမှူးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းတို့က ဆေးကုသခွင့်ရှိ/မရှိ၊  ဆေးကုသခွင့်ရှိလျင် မည့်သည့်အတိုင်းအတာထိ ရှိသည်နှင့် မည်သို့ခွင့်ပြုထားသည်၊ ထိုသို့ခွင့်ပြုထားပါက မည်သည့်ဥပဒေ၊ အမိန့်၊ ကြော်ငြာစာများဖြင့် ခွင့်ပြုထားသည်၊ ဆေးကုသမှုကြောင်‌့ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာပါက မည်သူက၊ မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းမည် ဆိုသည်တို့ကို ဥပဒေ ပြဋ္ဌာန်းပေးစေလိုပါကြောင်း၊

ယခုအခါ ကျန်းမာရေးမှူးများကောင်စီဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ကြိုးစားနေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို အနီးကပ်စောင့် ရှောက်ပေးနေကြသည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် တိကျသော ဥပဒေပြဋ္ဌာန်းရန် လိုအပ်နေပြီး ဥပဒေပြဋ္ဌာန်းထားပါမှ ၎င်းတို့အတွက် လုပ်ငန်းခွင်‌လုံခြုံမှု ရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်တွင် ဆေးကုသမှုကြောင်‌့ မတော်တဆမှုများ ဖြစ်ပါကလည်း မည်ကဲ့သို့ တာဝန်ယူဖြေရှင်းရ မည်ကို တာဝန်ထမ်းဆောင်သူအား နားလည်သဘောပေါက်ကြမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ကျန်းမာရေးမှူးများအပါအဝင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အကာအကွယ် ပေးနိုင်ရေး အတွက်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှု ပိုမိုပီပြင်စေရန် အတွက်လည်းကောင်း လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် မရှိသေးပါက ၎င်းတို့အတွက် လိုအပ်သည့်ဥပဒေများကို ပြဋ္ဌာန်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင့်သုံးလျက်ရှိသော ဥပဒေပေါင်း ၂၃ ခုရှိပြီး အသစ်ပြဋ္ဌာန်းရန် စီစဉ်နေသည့် ဥပဒေ ၈ ခု ရှိပါကြောင်း၊ ယင်းဥပဒေများထဲတွင် လက်ထောက် ကျန်းမာရေးမှူးများအတွက် လုပ်ငန်းခွင်လုံခြုံရေးကို ကာကွယ်ပေးမည့် ဥပဒေ မပါဝင်ပါကြောင်း၊ ထို့အတူ ဆရာဝန်၊ သူနာပြုဆရာမနှင့် ဝန်ထမ်းများအတွက်ကိုလည်း ကာကွယ်သည့် ဥပဒေဆိုသည်မှာ မြန်မာနိုင်ငံတွင် မရှိသေးပါကြောင်း၊ ဆရာဝန်များအတွက် ၂၀၁၂ ခုနှစ်က လွှတ်တော်တွင်လည်း ဆွေးနွေးသွားပါကြောင်း၊ Medical Protection Society ဖွဲ့ရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ Medium Council နှင့် ဆွေးနွေးခြင်း လုပ်ဆောင်နေသည်မှာ မပြီးသေးသည့်အတွက် အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊

ထို့အပြင် ကျန်းမာရေးမှူးများ ဆေးကုသမှုကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စများနှင်‌့ပတ်သက်၍ အခြေခံ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် အရေးပေါ် ဆေးကုသခြင်းများ မဖြစ်မနေ ဆောင်ရွက်ရသည့်အခါ  ပြဿနာ တစ်စုံတစ်ယောက် ပေါ်ပေါက်လာပါက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ညှိနှိုင်းဖြေရှင်း ပေးပါကြောင်း၊ သို့သော် ယခုအချိန်အထိ ကျန်းမာရေးမှူးများနှင့် ပြည်သူများ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊

ကျန်းမာရေးမှူးများ  ဆေးကုသမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် လက်ထောက်ကျန်းမာရေးမှူး အပါအဝင် အခြေခံ ကျန်းမာရေးဝန်ထမ်း အားလုံးအတွက် အလုပ်ဝတ္တရားများနှင့် လုပ်နည်းလုပ်ဟန်များနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ခေတ်စနစ်နှင်‌့အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ Standard Treatment Guideline  မဟုတ်ဘဲ Standard Operation Procedure ဖြင့် ပြုလုပ်ပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏  တာဝန်ဝတ္တရားများနှင့် လုပ်နည်းလုပ်ဟန်များစာအုပ်ကို ဆဋ္ဌမအကြိမ်အထိ ထုတ်ထားသော်လည်း ၂၀၀၈ ကထုတ်သည့်အတွက် ယခုခေတ်အခြေအနေတွင် အသုံးမဝင်တော့သည့်အတွက် အမြန်ဆုံး Update လုပ်ရန် ပြောခိုင်းထားပါကြောင်း၊

ယင်းစာအုပ်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသော  လက်ထောက်ကျန်းမာရေးမှူး၏ အဓိကတာဝန် (က) အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး၊ (ခ) ပြည်သူ့ကျန်းမာရေးစောင်‌့ရှောက်ရေးနှင်‌့ရောဂါကာကွယ် နှိမ်နင်း ရေးလုပ်ငန်း၊ (ဂ) ဆေးကုသခြင်းဆိုသည့် တာဝန် ၃ ရပ်ရှိပါကြောင်း၊

ဤကိစ္စမှာ ဆေးကုသသည့် ပြဿနာဆိုသည်မှာ ဆေးကုသခြင်းဟုဆိုရာ၌ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ရောဂါကိုစောစီးစွာကုသနိုင်ရေး၊ အချိန်မီ လွှဲပြောင်းနိုင်ရေးအတွက် ဆေးကုခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စီမံချက်များ၏ ညွှန်ကြားချက်အတိုင်းသာ ပြုလုပ်ရပြီး ဆေးဝါးကုသသည့်အခါ အခကြေးငွေယူ၍ မရပါကြောင်း၊

ကျန်းမာရေးမှူးမှာ လုပ်ငန်း ၁၃ ချက်ရှိပြီး ဆေးကုသခြင်းနှင့်ဆိုင်သည့်အချက်မှာ ၄ ချက် ရှိပါကြောင်း၊ (၁) အရေးပေါ်လူနာများကို ရာဇဝတ်မှုမှအပ လိုအပ်သလိုကုပြီး နီးစပ်ရာတိုက်နယ် တိုက်နယ်ဆေးရုံ သို့မဟုတ် မြို့နယ် ဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပေးရပါကြောင်း၊ ဆက်ပြီးမကုသရဘဲ ဆက်လွှဲရပါကြောင်း၊ (၂)  ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည့်အခါ ချက်ချင်း ကုသရန်လိုသော လူနာများကို ကုသပေးရပါကြောင်း၊ (၃) မြွေကိုက်လူနာများကို မြွေဆိပ်ဖြေဆေးထိုးပြီး နီးစပ်ရာဆေးရုံသို့ ပို့ပေးရပါကြောင်း၊ (၄) ထိုသို့ဆေးကုသရာ၌ မိမိအား သင်ကြားထားသည့် အဆင့်နှင့် တာဝန်ပေးချက်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊

ယခုအခါ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ကစပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ စီမံချက်မန်နေဂျာများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ အခါခါပြန်လုပ်ပြီး (မူကြမ်း)စပြီး ထွက်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၇-၂၁ အမျိုးသားကျန်းမာရေးစီမံကိန်းပါ လုပ်ငန်းနှင့်  လိုက်လျောညီထွေ ရှိစေရန်နှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ အကြံပြုလျက်များ ရယူနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၇ ခုမှ  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်း ၇၀ ဦးတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၈-၆-၂၀၁၇ ရက်နေ့မှ ၁၀-၆-၂၀၁၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပါကြောင်း၊ အထူးသဖြင့် လက်ထောက် ကျန်းမာရေးမှူးများ၏ လုပ်ငန်းများကို ပြင်ဆင်သတ်မှတ်ရာတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးကောင်စီဥပဒေ (မူကြမ်း) ပါ အချက်များကိုလည်း ထည့်သွင်း စဉ်းစားမည်ဖြစ်ပါကြောင်း၊  အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲပြီးပါက မိမိတို့ သတ္တမအကြိမ် စာအုပ်ကို ထုတ်ဝေမည်ဖြစ်ပြီး ကျန်းမာရေးမှူးများ၊ သူနာပြုများ၊ သားဖွားများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)၊ မြို့နယ်ဆရာဝန် (Town Ship)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာဝန် (Town Ship  Health Officer) ကိုလည်း ယခုအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံကျန်းမားရေးမှူးကောင်စီဥပဒေနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးများ အသင်းတို့က ပူးပေါင်းပြီး မိမိတို့က ရေးဆွဲပါကြောင်း၊ ရေးဆွဲပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပို့ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြင်ဆင်သင်‌့သည်များကို ပြင်ဆင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် ညှိနှိုင်းခြင်းကိစ္စများအား ဆောင်ရွက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို နောက်ဆုံးအကြိမ် ပြန်လည်ပို့ထားပြီးဖြစ်            ပါကြောင်း၊

ကျန်းမာရေးမှူးများအတွက် Protection ကို ကျန်းမာရေးမှူးများအသင်း ဖြစ်ပေါ်လာမည့် ကျန်းမာရေးမှူးများ ကောင်စီနှင့် တွဲ၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆရာဝန်များအသင်းအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံ Medium Council တွဲ၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သူနာပြု၊ သားဖွားအတွက် သူနာပြု၊ သားဖွား အသင်းနှင်‌့ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီနှင့် တွဲ၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေကြသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံး လုပ်ငန်းခွင်လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးဘရှိန် (ကျောက်ဖြူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့အပါအဝင် ကျန်းမာရေးဝန်ထမ်းများ နားလည်လွယ်အောင် ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် ဥပဒေများ ရေးဆွဲသည့် လုပ်ငန်းကို ပြည်ထောင်စုဝန်ကြီးတို့ ဆောင်ရွက်နေသည့်အခါ အချိန်ကာလအားဖြင့် မည်မျှဟူ၍ ခန့်မှန်းပြီး လုပ်မည်ကို သိလိုသည့်အတွက် ယင်းဥပဒေများကို မည်သည့်အချိန်ခန့်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

ဥပဒေတစ်ခုအသစ်ရေးဆွဲမည်ဆိုပါက Flow Check ရှိပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာန သို့မဟုတ် ဝန်ကြီးဌာနက ကြီးကြပ်သောအသင်းအဖွဲ့က မူကြမ်းရေးဆွဲပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးများ အသင်းနှင့် ရေးဆွဲမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကောင်စီ ဥပဒေကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြရပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြင်ဆင်သည့်အချက်များကိုပြင်ကာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပါကြောင်း၊ လုံခြုံရေးနှင်‌့ တည်ငြိမ်အေးချမ်းရေးမှ လိုအပ်သလိုလမ်းညွှန်ပြီး ဝန်ကြီးဌာနမှတစ်ဆင်‌့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းကို တစ်ဆင်‌့တင်ပြရပြီး ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူပါက လွှတ်တော်သို့ တင်ပြရပါကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးပြီးမှ ဆက်လက်လုပ်ဆောင်သည့်အတွက် အတိအကျ ပြော၍ မရပါကြောင်း၊ သို့သော် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။