မေးခွန်း အကြောင်းအရာ
ကမံမြို့ အထက်တန်းကျောင်းဟောင်း (ယခင် ဘုတ်စကူးကျောင်း)သည် ၁၉၄၅ ခုနှစ်တွင် မူလတန်းကျောင်းအဖြစ်လည်းကောင်း ၁၉၅၂ ခုနှစ်တွင် အထက်တန်းကျောင်းအဖြစ် လည်းကောင်း အဆင့်တင် တိုးမြှင့်ခဲ့ပါကြောင်း၊ ၎င်းကျောင်းမြေကို ၁၉၃၇-၁၉၃၈ ခုနှစ် မြေစာရင်းမြေပုံ မြေစာရင်း ပုံစံ(၁၀၅) (က)အရ ယနေ့အထိ ဘုတ်စကူးကျောင်းမြေအဖြစ် အမည်ပေါက်လျက်ရှိပါကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ကျောင်းဆောင်သစ်ရွှေ့ပြောင်းပြီး မူလတန်းကျောင်းသားများကို ကျောင်းဆောင်ဟောင်းတွင် ထားရှိခဲ့ပါကြောင်း၊ ၁၉၇၅ ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီး ဦးကိုကြီးနှင့် ပါတီယူနစ်ဥက္ကဋ္ဌ နှစ်ဦးတို့ သဘောဖြင့် ကျောင်းဆောင်ဟောင်းကို မြို့နယ်သမဝါယမအသင်းသို့ တစ်လလျှင် ၃၀၀ ကျပ်နှုန်းဖြင့် လ ၂၀ စာ ၆၀၀၀ ကျပ်ယူပြီး ကျောင်းဆောင်ဟောင်းကို သမဝါယအသင်းသို့ ငှားရမ်းခဲ့ပါကြောင်း၊
အဆိုပါကျောင်းဆောင်ကို လိုအပ်ချက်အရ ၁၉၉၅ ခုနှစ်ကနေစတင် ပြန်လည်တောင်းခံခဲ့ သော်လည်း အဆင်ပြေမှုမရှိခဲ့ပါကြောင်း၊ ၂၀၀၀ ပြည့်နှစတွင် မကွေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးတို့ တွေ့ဆုံညှိနှိုင်းရာတွင် ပညာရေးဌာန အတွင်း သမဝါယမအသင်းမှ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို ဖျက်ယူရန် (သို့) ပညာရေးဌာနကိုလှူရန် (သို့) ပညာရေးဌာနမှ ပေးမည့် ၃၅ သိန်းအား ယူရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပါကြောင်း၊ ၁၆-၈-၂၀၁၄ ရက်နေ့တွင် ကံမမြို့ အထွေထွေအုပ်ချုပ်ရေးရုံး၌ ပညာရေးဌာနနှင့် သမဝါယမအသင်းတို့ ညှိနှိုင်းရာ သမဝါယမ အသင်းဥက္ကဋ္ဌကိုယ်တိုင် ပညာရေးဌာနပိုင်ဖြစ်သည့်အတွက် ပြန်ပေးပါမည်ဟုလည်း ကတိပြုခဲ့ပါကြောင်း၊
၂၀၁၅ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်သို့ မေးခွန်းမေးခဲ့ရာ ယခင် သမဝါယမဝန်ကြီး ဦးကျော်ဆန်း ကိုယ်တိုင် သမဝါ ယမဝန်ကြီးဌာနပိုင်မဟုတ်ကြောင်းနှင့် အောက်ခြေတွင် ညှိနှိုင်းရန် အကြောင်းပြန်ခဲ့ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ညှိနှိုင်း သော်လည်း အဆင်မပြေဖြစ်ခဲ့ပါ ကြောင်း၊
ယခုအခါ ကျောင်းဆောင်ဟောင်းတွင် အရက်ဆိုင်၊ ဘီယာဆိုင်၊ ဆိုင်ခန်းများငှားရမ်းပြီး အခကြေးငွေကို နိုင်ငံတော်သို့ မသွင်းဘဲ လူနည်းစုကိုယ်ကျိုးအတွက် အသုံးပြုနေခြင်းသည် ကံမမြို့နယ် ကျောင်းသူကျောင်းသားများပညာသင်ကြားရေးကို အနိုင်ကျင့်နေခြင်းဖြစ်သည့်အပြင် ဘီယာ၊ အရက်ရောင်းခြင်းများသည် စာသင်ကျောင်း၊ ဘုရား၊ ဘုန်းကြီးကျောင်းများနှင့် ကိုက် ၃၀၀ အကွာတွင်ရှိရမည့် တည်ဆဲဥပဒေကိုလည်း ပြောင်ပြောင် တင်းတင်းချိုးဖောက်နေ ခြင်းဖြစ်ပါကြောင်း၊
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနပိုင်မြေနှင့် အဆောက်အဦများကို ပြန်လည်ရရှိရန် မည်သို့ဆောင်ရွက်နေသည့် အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ကံမမြို့ အမှတ်(၂)ရပ်ကွက် ဦးပိုင် အမှတ်(၁၃၂) မြေကွက်အမှတ်(၉၂၁) မြေဧရိယာအကျယ်စုစုပေါင်း ဝ.၄၃ ဧကသည် ယခင်ကာလများကတည်းကပင် ဘုတ်စကူးကျောင်းအမည်ပေါက် ပုံစံ(၁၀၅) ရရှိထားမြေဖြစ်ပါကြောင်း၊
၁၉၇၄ ခုနှစ်၊ သမဝါယမအသင်းများဖွဲ့စည်းစဉ် မြို့နယ်သမဝါယမအသင်းမှ နေရာအတွက် အခက်အခဲရှိပါကြောင်း တင်ပြသဖြင့် မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌမှ တစ်လလျှင် ကျပ် ၃၀၀ နှုန်းဖြင့် လ ၂၀ အတွက် ငွေ ၆၀၀၀ ဖြင့် စီစဉ်ပြီး နောက်နောင်တွင် မြေငှားခဆက်လက်တောင်းခံရရှိခြင်း မရှိပါကြောင်း၊
ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွင်း ယခု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကိုယ်တိုင် လွှတ်တော်တွင် မေးခွန်းတင်ပြပြီး ဆောင်ရွက်ခဲ့ရာတင်လည်း အဆိုပါမြေအား ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းရေးအတွက် တိုင်းဒေသကြီးအစိုးရ အနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အစိုးရအထက်တန်းကျောင်းမြေ ပြန်လည်ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနသို့ တင်ပြဆောင်ရွက်ခဲ့ရာ သမဝါယမဦးစီးဌာနအနေဖြင့် အသင်းအစု၏ကိစ္စကို ဆုံးဖြတ် ဆောင်ရွက်ခြင်းမရှိသည်ကို အကြောင်းပြန်ကြားထားတာရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မြို့နယ်အဆင့် ဆောင်ရွက်မှုစုစုပေါင်း လေးကြိမ် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း ယခုအချိန်အထိ ပြေလည်မှုမရရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေနှင့် ကံမမြို့နယ် သမဝါယမအသင်းစုသို့ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ တရားစွဲဆို ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် တရားရုံး၏ အဆုံးအဖြတ်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးစိန်ဟန်(ကံမမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပညာရေးဌာနအနေဖြင့် ကံမမြို့နယ် သမဝါယမအသင်းစုသို့ တရားစွဲဆိုမည့် ကုန်ကျစရိတ်ကို ပညာရေးဝန်ကြီးဌာနက ကျခံမည် ဟုတ်/မဟုတ် သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
တရားစွဲဆိုဆောင်ရွက်ရာတွင် ဆောင်ရွက်ရာမည့် သတ်မှတ်ထားချက်များနှင့်အညီ ပညာရေး ဝန်ကြီးဌာနမှ လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
